အစိုးရသစ် နဲ့ တပ်မတော် ဆက်ဆံရေး အလားအလာနဲ့ မြန်မာ့စီးပွားရေး

အစိုးရသစ် နဲ့ တပ်မတော် ဆက်ဆံရေး အလားအလာနဲ့ မြန်မာ့စီးပွားရေး

ရန်ကုန်၊ ဇူလိုင် ၂၄ ။              ။ မြန်မာရဲ့ တိုးတက်မှုကိုတော့ အခုမှ အစလို့ ပြောဆိုကြတာတွေကရှိနေပါတယ်။ အစိုးရသစ်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးကို ဦးစားပေးကဏ္ဍအဖြစ် လုပ်ကိုင်နေတာဖြစ်ပြီးတပ်မတော်နဲ့ ဆက်ဆံရေးမှာ အကောင်းဆုံးဖြစ်ဖို့ကိုလည်း မျှော်လင့်နေရတဲ့အချိန်ဖြစ်ပါတယ်။ တစ်ဘက်မှာလည်းအရပ်ဘက်နဲ့ စစ်ဘက်ဆက်ဆံရေးကောင်းမွန်မယ်ဆိုရင် အစိုးရသစ်ရဲ့ငြိမ်းချမ်းရေးပန်းတိုင်ရှေးရှုဖို့အတွက် အားတက်ဖွယ်ရာ ဖြစ်လာဖို့ရှိနေပြီး ဒီအခြေအနေကဒီနိုင်ငံမှာ စီးပွားရေးလုပ်ဖို့စိတ်ဝင်စားတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို   သေချာစေမှာဖြစ်တယ်လို့   တွေးမျှော်မှုတွေကရှိနေပါတယ်။

အစိုးရသစ်လက်ထက် အာဇာနည်နေ့အခမ်းအနားက အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ကောင်းမွန်တယ်ဆိုတာကို သက်သေပြနေပါတယ်။

ဒီအခမ်းအနားကို တပ်မတော်ထိပ်ပိုင်းခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အရပ်ဘက်အစိုးရနဲ့အတူ တက်ရောက်ဂါရဝပြုတာကို   တွေ့ရပြီးတစ်ခါနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ ပြုလုပ်တဲ့ ဆွမ်းကပ်လှူဒါန်းပွဲတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့အတူကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ခင်မင်ရင်းနှီးတဲ့ပုံစံမျိုးတွေ့မြင်ရပါတယ်။

သတင်းစာဆရာတစ်ဦးဖြစ်သူ ဦးရဲနိုင်မိုးကတော့ လက်တလောမြင်တွေ့နေရတဲ့ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး ပိုပြီးကောင်းမွန်လာတာကို မြင်တွေ့ရပေမယ့် မြန်မာနိုင်ငံရေးက အခမ်းအနားတွေကို မြင်တွေ့ရရုံနဲ့ ပြောဖို့လည်း ခက်တယ်လို့ သုံးသပ်ထားပါတယ်။ အခုလိုမျိုးတပ်မတော်နဲ့ နွေးထွေးတဲ့ ဆက်ဆံရေးမျိုးရှိလာတာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို   ချောမွေ့စေနိုင်တာဖြစ်ပေမယ့် တစ်ဘက်မှာကလည်းဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တပ်မတော်ဘက်နဲ့ ရင်းနှီးလာတာဟာတိုင်းရင်းသားတွေအတွက် သံသယဖြစ်လာနိုင်မလားဆိုပြီးသုံးသပ် ထားပါတယ်။

နိုင်ငံရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကလည်း အမျိုးသားရင်ကြားစေ့ရေးနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးပါဝင်မယ့် အပစ်ရပ်စဲရေးသဘောတူညီမှုကို ဦးစားပေးပန်းတိုင်အဖြစ် ထားရှိနေတာကြောင့် အတိမ်းအစောင်းအဖြစ်ခံမယ့် သဘောတော့မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ကိုငြိမ်းချမ်းရေးစကားဝိုင်းထဲ အတူထိုင်ပြီး ဘယ်လိုဆုံးဖြတ်ချက်တွေ ချမှတ်ရမလဲဆိုတာက စိန်ခေါ်စရာဖြစ်နေပါတယ်။

"မြန်မာနိုင်ငံရဲ့ ြငိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာအဖွဲ့အစည်းအတော်များများပါဝင်ပတ်သတ်နေတာကစိန်ခေါ်စရာတစ်ခုဖြစ်နေပါတယ်။ ကျွန်တော့်အနေနဲ့ အခြားနိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ဖူးတဲ့နေရာမှာ အဲဒီမှာက အစိုးရစစ်တပ်နဲ့ တစ်ခြားအဖွဲ့ ၁ ဖွဲ့၊ ၂ ဖွဲ့နဲ့ ၃ ဖွဲ့လောက်ပဲရှိတာ။ ဒီမှာတော့ လက်နက်ကိုင်အဖွဲ့အစည်းပေါင်းက နှစ်ဆယ်နဲ့ အထက်မှာရှိတယ်။ တစ်ချို့လည်း အပစ်အခတ်ရပ်စဲရေးစာချုပ်မှာလက်မှတ်ရေးထိုးထားပြီးပြီဆိုပေမယ့် အရေးကြီးတဲ့ အဖွဲ့အစည်းတွေလည်း ကျန်နေသေးတယ်။ အဲတော့ အကုန်လုံးပါဝင်လာဖို့က အခက်အခဲဖြစ်နေပါတယ်။" လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ် ရိုလန်ကိုဘီးယားက ပြောပါတယ်။

တစ်နည်းအားဖြင့်တော့ အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကတိုင်းပြည် အနာဂတ်စီးပွားရေးအတွက် သက်သေလို့လည်းပြောလို့ရပါတယ်။   လောလောဆယ်မှာတော့   နိုင်ငံခြားရင်းနှီးမြှုပ်နှံ လိုသူတွေ ပြည်တွင်းမှာ စီးပွားရေး လုပ်ကိုင်ချင်တယ်ဆိုပေမယ့် လေ့လေ့နေဆဲအခြေအနေလို့တော့ပြောလို့ရပါတယ်။ သူတို့ကအစိုးရသစ်ဟာ တိုင်းပြည်ကို ဘယ်လောက်အထိ တည်ြငိမ်အေးဆေးအောင် ကိုင်တွယ်နိုင်မလဲဆိုတာကိုသိချင်နေကြတာပါ။

"တပ်မတော်၊ အရပ်သားအစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာ အပစ်ရပ်စဲရေးစာချုပ်တစ်ခု တကယ်ရှိလာနိုင်မလားဆိုတာ မေးစရာရှိတယ်ဗျ၊ ဒါကို ကျွန်တော်တို့မျှော်လင့်ရတာကလည်း တိုင်းရင်းသားနယ်မြေဒေသတွေမှာရင်းနှီးမြှုပ်နှံနိုင်ဖို့ အကျိုးသက်ရောက်မှုရရှိစေအောင်ဖြစ်ပါတယ်။ ဥပမာကချင်၊ချင်းနဲ့ ရှမ်းပြည်နယ်တွေကို ကြည့်ရင် အဲဒိမှာ သဘာဝအရင်းအမြစ်တွေ အများကြီးရှိတယ်ဗျ၊ ဒါပေမယ့် ဘာဖြစ်လို့ မတိုးတက်လဲ..အစိုးရသစ်ကတိုင်းရင်းသားဒေသတွေရဲ့ ပတ်ဝန်းကျင်နဲ့ လူမှုရေးအကျိုးသက်ရောက်မှုတွေကိုစဉ်းစားရပါလိမ့်မယ်။" GE Global Growth Organization ရဲ့ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Andrew Leeက ပြောပါတယ်။

ဒီက ပြည်သူတွေက နိုင်ငံရေးတည်ငြိမ်မှုနဲ့အတူစီးပွားရေးတိုးတက်ဖြစ်ထွန်းမှုတွေကိုအရသာခံဖို့ မျှော်လင့်ချက်တွေက ကြီးမားနေဆဲဖြစ်ပါတယ်။အစိုးရအနေနဲ့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက် အဖွဲ့အစည်းတွေကြားအမျိုးသားရင်ကြား စေ့ရေးတာဝန်က အခြေအနေတစ်ခုအနေရှင်သန်နေတယ်ဆိုပေမယ့် ဒီခရီးကိုလယ်လောက်အထိဆက်လျှောက်ရမလဲဆိုတော့ ဘယ်သူမှ မသိနိုင်သေးပါဘူး ခင်ဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly