မှန်ကန်သည့်ကစားသမား ခေါ်ယူမှုအတွက်ဆိုလျှင် ငွေအများအပြား သုံးရန်အသင့်ဟု အာစင်ဝင်းဂါးပြော

မှန်ကန်သည့်ကစားသမား ခေါ်ယူမှုအတွက်ဆိုလျှင် ငွေအများအပြား သုံးရန်အသင့်ဟု အာစင်ဝင်းဂါးပြော

ဇူလိုင် ၂၄၊ လန်ဒန် ။              ။ အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက မှန်ကန်တဲ့ကစားသမားခေါ်ယူမှုအတွက်ဆိုရင် ပြောင်းရွှေ့ကြေးအများအပြား အသုံးပြုဖို့ အဆင်သင့်ရှိနေတယ်လို့ ပြောဆိုလိုက်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းကြီးတွေအားလုံး ရာသီသစ်အတွက် ကစားသမားသစ်တွေ အပြိုင်ခေါ်ယူနေချိန်မှာ အာဆင်နယ်အသင်းက ကစားသမားသစ်ခေါ်ဖို့နှောင့်နှေးနေတာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒါပေမဲ့ အာစင်ဝင်းဂါးက အသင်းအနေနဲ့ပြောင်းရွှေ့ကြေးကန့်သတ်ထားတာမဟုတ်ကြောင်း ရှင်းလင်းခဲ့ပြီး မှန်ကန်တဲ့ ကစားသမားခေါ်ယူမှုအတွက်ဆိုရင် ပြောင်းရွှေ့ကြေးအများအပြားသုံးမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အခုအချိန်မှာ မိုချင်ဂလတ်ဘတ်ကွင်းလယ်ကစားသမားဇာခါနဲ့ ဘော်လ်တန်အသင်းက လူငယ်နောက်ခံကစားသမား ရော့ဘ်ဟိုးဒင်းတို့ကို ခေါ်ယူထားပါတယ်။ ဇာခါအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၃၀ အသုံးပြုထားပြီး ဟိုးဒင်းကိုတော့ ပေါင်နှစ်သန်းနဲ့ ခေါ်ယူခဲ့တာပါ။

‘ကျွန်တော်တို့က အပြောင်းအရွှေ့ဈေးကွက်မှာ နှောင့်နှေးမနေပါဘူး။ အားလုံးထက်စောပြီး တက်တက်ကြွကြွနဲ့ ကစားသမားသစ်ခေါ်ထားတာပါ။ မှန်ကန်တဲ့ ကစားသမားခေါ်ယူမှုအတွက်ဆိုရင်တော့ ငွေအများကြီးသုံးမှာပါ’

အာဆင်နယ်အသင်းဟာ လက်ရှိမှာ ပြောင်းရွှေ့ကြေးပေါင် ၇၅ သန်းအထိအသုံးပြုပြီး လက်စတာတောင်ပံတိုက်စစ်ကစားသမား မာရက်ဇ်နဲ့ လိုင်ယွန်တိုက်စစ်မှူး လာကာဇက်တီတို့နှစ်ဦးကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒါပေမဲ့ ဒီသတင်းတွေက အပြောင်းအရွှေ့ဈေးကွက်အတွင်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေသာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags