ဂျိမ်းစဘွန်းအဖြစ် သရုပ်ဆောင်ဖို့ အသက်ကြီးသွားပြီလို့ ပြောလာတဲ့ အစ်ဒရစ်အဲလ်ဘာ

ဂျိမ်းစဘွန်းအဖြစ် သရုပ်ဆောင်ဖို့ အသက်ကြီးသွားပြီလို့ ပြောလာတဲ့ အစ်ဒရစ်အဲလ်ဘာ

နယူးယော့ခ်၊ ဇူလိုင် ၂၃ ။              ။ ဗြိတိန်မင်းသားကြီး အစ်ဒရစ်အဲလ်ဘာက ဂျမ်းစဘွန်းအဖြစ် သရုပ်ဆောင်ရန် ၎င်းအနေဖြင့်အသက်ကြီးသွားပြီဟု ခံစားရကြောင်း ပြောကြားခဲ့သည်။

အသက် ၄၃ နှစ်အရွယ်ရှိ အစ်ဒရစ်အဲလ်ဘာသည်  မင်းသားဒန်နီရဲလ်ခရက် ဂျိမ်းစဘွန်းရုပ်ရှင်ဇာတ်လမ်းတွဲမှ ထွက်ခွာခဲ့ပြီးနောက် ဂျိမ်းစဘွန်းဇာတ်ရုပ်ကို သရုပ်ဆောင်ရန် ခန့်မှန်းပြောကြားသူများက ရွေးချယ်ထားမှုတွင် တစ်ပြေးလျက်ရှိသည်။

လက်ရှိအချိန်တွင်  “Star Trek Beyond” ရုပ်ရှင်ကားကြီးတွင် သရုပ်ဆောင်နေသော အဲလ်ဘာက “ ဂျိမ်းစဘွန်းဇာတ်ရုပ်ကို သရုပ်ဆောင်ဖို့ အတွက် ကျွန်တော် အသက်ကြီးနေပါပြီလို့ ထင်မိပါတယ်” ဟု  ABC ရုပ်သံ၏  Good Morning America အစီစဉ်ကို ပြောကြားခဲ့သည်။

ဂျိမ်းစဘွန်းရုပ်ရှင်သမိုင်းတွင် ဂျိမ်းစဘွန်းဇာတ်ရုပ်ကို  သရုပ်ဆောင်ခဲ့သည့် အသက်ကြီးဆုံးမင်းသားသည် ရိုဂျာမိုရီဖြစ်ပြီး  ၁၉၇၃ ခုနှစ်က ရိုက်ကူးခဲ့သော ၎င်း၏ပထမဆုံး ဂျိမ်းစဘွန်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သော “ Live and Let Die”  ရုပ်ရှင်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့စဉ်က အသက်မှာ ၄၅ နှစ်ရှိပြီဖြစ်သည်။

ဂျိမ်းစဘွန်းဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်နိုင်ဖွယ်ရှိမှုနှင့်စပ်လျဉ်း၍ ဂျိမ်းစဘွန်းအဖွဲ့က ဆက်သွယ်ခြင်းမရှိသေးကြောင်း အဲလ်ဘာက ပြောကြားခဲ့သည်။

အဲလ်ဘာသည် ဒန်နီရဲလ်ခရက်၏ နေရာတွင် သရုပ်ဆောင်ရန် လူကြိုက်များနေသော မင်းသားများအနက် တစ်ဦးအပါအဝင်ဖြစ်ပြီး ခန့်မှန်းပြောကြားသူများက အဲလ်ဘာ ၊ တွမ်ဟစ်ဒဲလ်စတန် ၊ အေဒင်တူနာ နှင့် ဂျိမ်းစ်နော်တန်တို့ကို  ဂျိမ်းစဘွန်းအဖြစ် သရုပ်ဆောင်ရန် ထိပ်ဆုံးက ရွေးချယ်ထားသည်။

ဂျိမ်းစဘွန်းဇာတ်ကားသစ် စတင်ထုတ်လုပ်သွားမည့် အချိန်ကို ယခုအချိန်ထိမသိရသေးပေ။ ဂျိမ်းစဘွန်းဇာတ်ကား ထုတ်လုပ်သူ ဘာဘရာ ဘရော့ကိုလီသည် လက်ရှိအချိန်တွင်  “Stars Don’t Die in Liverpool” ဇာတ်ကားအပါအဝင် အခြားသော ရုပ်ရှင်များကို ထုတ်လုပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags