စည်းကမ်းမလိုက်နာဘဲ ကန်ထရိုက်လုပ်ငန်း လုပ်သည့် ဧရာဝတီတိုင်း စည်ပင်ကော်မတီဝင်ကို တာဝန်မှရပ်ဆိုင်း

စည်းကမ်းမလိုက်နာဘဲ ကန်ထရိုက်လုပ်ငန်း လုပ်သည့် ဧရာဝတီတိုင်း စည်ပင်ကော်မတီဝင်ကို တာဝန်မှရပ်ဆိုင်း

စည်းကမ်းလိုက်နာမှုမရှိဘဲ ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူ ဧရာဝတီတိုင်း စည်ပင်ကော်မတီဝင် ဦးစိုးနိုင်ဝင်းကို တာဝန်မှ ရပ်ဆိုင်းလိုက်ပြီး ကန်ထရိုက်လုပ်ငန်းလိုင်စင် ပိတ်သိမ်းခြင်း၊ အင်ဂျင်နီယာ လိုက်စင် ပိတ်သိမ်းခြင်းတို့ဖြင့် အရေးယူလိုက်သည်ဟု ဧရာဝတီတိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က မဇ္ဈိမသို့ပြောသည်။

ပုသိမ်မြို့၊ အမှတ် ၅ရပ်ကွက် ထောင်ကုန်းလမ်းရှိ ပုသိမ်ထောင်အနီးတွင် သုံးထပ်အမြင့်ရှိ အဆောက်အဦး ဆောက်လုပ်ရာတွင် အမြင့်ပေ ၂၈ ပေသာ ဆောက်လုပ်ရန် ခွင့်ပြုထားသော်လည်း ကျော်လွန် ဆောက်လုပ်ခြင်းကြောင့် အရေးယူရခြင်းဖြစ်သည်ဟု ဦးကျော်မြင့်က ပြောသည်။

“အစိုးရ တားမြစ်နေတာကိုသိလျက် ဆက်ဆောက်လုပ်လို့ အခုလိုမျိုးဖြစ်သွားတယ်၊ စစ်ဆေးတဲ့အခါ တာဝန် အရှိဆုံးလူက စည်ပင်ကော်မတီဝင်လည်း ဖြစ်နေတယ် အစိုးရက နှစ်ကြိမ်တိုင်တိုင် တားနေတဲ့ကြားက ဆက်ဆောက်တဲ့ ကန်ထရိုက်က တာဝန်အရှိဆုံးပဲ တားမြစ်တဲ့ကြားက ဆက်ဆောက်လို့ အရေးယူဖို့ အနေအထား ရောက်သွားတယ်” ဟု ပြောသည်။

အဆိုပါ အဆောက်အဦးကို ၂၈ ပေအမြင့်အထိသာ ဆောက်လုပ်ရန် ယခင်အစိုးရက တစ်ကြိမ်၊ ယခု တိုင်းအစိုးရသစ် လက်ထက်တွင်လည်း ဆက်မဆောက်ရန် ကန့်ကွက်မှုများ ရှိခဲ့သော်လည်း တိုင်းအစိုးရသစ်၏ ဆုံးဖြတ်ချက် မချခင် ဆက်လက် ဆောက်လုပ်ခဲ့သည်ဟုလည်း ဦးကျော်မြင့်က ပြောသည်။

“ပြီးခဲ့တဲ့ တိုင်းအစိုးရက ၂၈ပေအထိပဲ ဆောက်လုပ်ပါဆိုပြီး တကြိမ်တားမြစ်ခဲ့တယ်၊ အစိုးရသစ် လက်ထက်မှာလည်း ၂၈ပေ ထက် ကျော်လွန်သွားရင် ထောင်လုံခြုံရေးထိခိုက်ပါတယ် ခွင့်ပြုလို့မဖြစ်ဘူး ကန့်ကွက်လို့ တိုင်းအစိုးရသစ် လက်ထက်မှာ သုံးထပ်၂၈ပေ ကျော်တဲ့ဟာကို ဆက်မဆောက်ဖို့နဲ့ ဖျက်သိမ်းပေးဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်၊ အိမ်ရှင်ဘက်က အစိုးရ ဆုံးဖြတ်ချက် မချခင်အချိန်မှာ ဆက်ဆောက်လို့ ငါးထပ်ဖြစ်သွားတယ်” ဟုလည်း ဝန်ကြီး ဦးကျော်မြင့်က ပြောသည်။

ယင်းသို့သော အခြေအနေများကို တိုင်းစည်ပင်သာယာရေး ကော်မတီက စည်းကြပ်မှုအားနည်းခြင်းကြောင့် စည်ပင်ဝန်ထမ်း ငါးဦးကို ထုချေလွှာ တောင်းခံထားကြောင်းလည်း ဝန်ကြီးက ပြောသည်။

"စည်ပင်သာယာဘက်က တိုင်းညွန်မှူးကော၊ အရင် မြို့နယ် အလုပ်အမှုဆောင်ကော အခုလက်ရှိ အလုပ်အမှုဆောင်ကော၊ တာဝန်ခံအင်ဂျင်နီယာကော ရပ်ကျေး အင်ဂျင်နီယာကော ဝန်ထမ်းငါးဦးကို သေသေချာချာ တားမြစ်ထားတဲ့ကြားက ဆောက်လုပ်နေတာကို မကြီးကြပ်နိုင်တဲ့အတွက် ထုချေလွှာ တောင်းထားတယ်” ဟု ပြောသည်။

ယခုအဆောက်အဦးကို အကျဉ်းဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် အမြင့်ပေ ၂၈ ပေရှိ သုံးထပ် အထိသာ ပြုတင်းပေါက်များ တပ်ဆင်နိုင်မည်ဖြစ်ပြီး၊ သုံးထပ်နှင့်အထက် ပုသိမ်ထောင်ဘက်သို့ မျက်နှာမူထားသည့် အခြမ်းတွင် အလုံပိတ်ရန်၊ ငါးထပ်အမြင့်ရှိ ဝရန်တာနှင့် ထပ်ခိုးတို့ကို ဖျက်သိမ်းရန်၊ ငါးထပ်အပေါ်သို့ တက်သည့် လှေကားကို ဖျက်သိမ်းပေးရန်လည်း ဆုံးဖြတ်ခဲ့သည်ဟု ဦးကျော်မြင့်က ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဦးစိုးနိုင်ဝင်းထံ ကန်ထရိုက်ငှားကာ ဆောက်လုပ်စေခဲ့သူ မြေပိုင်ရှင် ဦးအောင်မျိုးဝင်းကမူ ယခင်အစိုးရ စည်ပင်ဌာန၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ခြင်း ဖြစ်ပြီး “ကျွန်တော်ဘက်က ဘာမှန်းမသိပဲ ရပ်ထားတာ ကြာပြီ” ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly