ထိုင်းတောင်ပိုင်း ကော့သောင်ကျွန်းတွင် လူသတ်မှုဖြင့် စွပ်စွဲခံရသူ နှစ်ဦးအမှု တရားပိုပြသက်သေလေးဦးကို စစ်ဆေး

ထိုင်းတောင်ပိုင်း ကော့သောင်ကျွန်းတွင် လူသတ်မှုဖြင့် စွပ်စွဲခံရသူ နှစ်ဦးအမှု တရားပိုပြသက်သေလေးဦးကို စစ်ဆေး

ချင်းမိုင်၊ ဇူလိုင် ၉ ။     ။ ထိုင်းနိုင်ငံ တောင်ပိုင်း ကော့သောင်ကျွန်း (လိပ်ကျွန်း)တွင် နိုင်ငံခြားသား နှစ်ဦး သတ်ဖြတ်ခံရမှု၌ လူသတ်မှုဖြင့် စွပ်စွဲခံထားရသူ မြန်မာနိုင်ငံသား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ အမှုကို ဇူလိုင်လ ၈ ရက်က ကော့စမွေခရိုင် တရားရုံး၌ တရားလိုပြ သက်သေ ၄ ဦးအား စစ်ဆေးခဲ့သည် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

ဇူလိုင်လ ၈ ရက်က နံနက် ၉ နာရီမှ ည ၈ နာရီထိ တရားခွင်တွင် အမှုစစ်ဆေးမှု ပြုလုပ်ခဲ့သည်ဟု သူက မဇ္ဈိမကို ပြောသည်။

“အမှုစစ် ရဲရယ်၊ ဆရာဝန်တယောက်ရယ်။ ကျွန်းသူကြီး မြေးရယ်၊ သူ့သူငယ်ချင်းရယ် အားလုံးပေါင်း ၄ ယောက်စစ်တယ်။ ဥပဒေအရ သုံးသပ်မယ်ဆိုရင်တော့ ရှေ့နောက်မညီဘူးဆိုတာ သိရတယ်။  ဒါပေမဲ့ သူတို့ရဲ့ စွဲချက်တွေ အားလုံး ပေါင်းကြည့်ရင် ကလေးတွေ ဒီအမှုနဲ့ ပတ်သက်လို့ ကျူးလွန်တယ်ဆိုတဲ့အထောက်အထား ခုထိ မပြောနိုင်ကြသေးဘူး။ သူတို့က အမှုဆင်တဲ့ သဘောလောက်ဘဲ ရှိတယ်”ဟု ရှေ့နေ အောင်မျိုးသန့်က ပြောသည်။

ဆရာဝန် တစ်ဦး၊ အမှုစစ်ဆေးခဲ့သော ရဲ တစ်ဦး၊ လိပ်ကျွန်းသူကြီး၏ မြေနှင့် သူ၏ သူငယ်ချင်းတို့ လေးဦးကို စစ်ဆေးခဲ့ရာတွင် တရာခွင့်၌ ထွက်ဆိုချက်များသည် ကွဲလွဲမှုများ တွေ့ရသဖြင့် စွတ်စွဲခံရသူ မြန်မာနိုင်ငံသာ နှစ်ဦးသည် ၎င်းအမှုနှင့်ပတ်သက်၍ ကျူးလွန်ကြောင်း အထောက်အထား မရှိသေးကြောင်း သူက ပြောသည်။

“ရှေ့နောက်မညီဘူးဆိုတာက ဥပမာ တခုပြောရရင် ဇတ်လမ်းဖြစ်ခဲ့တဲ့ ၉ လ ၁၄ ရက်ကနေ ၃ ရက် ၁၀ လ ၂၀၁၄ အထိ အမှုစစ်တဲ့ဆရာဝန်နဲ့ ဆက်သွယ်နေပါတယ်လို့ ပြောပေမဲ့ အဲဒီဆရာဝန်ကို တရားခွင်မှာ စစ်တဲ့အခါမှာ တရားခွင်က ဒီ ၉ လ ၂၀၁၄ ကနေပြီးတော့၃ ရက် ၁၀ လ ၂၀၁၄ ထိမှာ အမှုစစ်တဲ့ ရဲတွေနဲ့ ဆက်သွယ်မှု မရှိဘူးဆိုတဲ့ စကားကို တရားခွင်မှာ ထွက်ပါတယ်။ အဲဒါ ဒါကို ကြည့်ရင် ကွဲလွဲတယ်ဆိုတဲ့သဘောပေ့ါ။

ရဲက ပြောတုန်းက တမျိုး၊ ဆရားဝန်ကို စစ်တော့ တမျိုး၊ နောက်တခု ဥပမာ ပြောမယ်ဆိုရင် ဟိန်နာရဲ့ တန်ဆာကို ကြည့်ပြီးတော့ ခုနပြောတဲ့ အမှုစစ် ရဲက မုဒိန်းကြည့်တဲ့ အနေအထားမျိုးရှိတယ်။ ရဲအတွေ့အကြုံအရဆိုပြီး ပြောတယ်။ ဒါပေမဲ့ ဆရာဝန်က စစ်တဲ့အခါ ဆရာဝန်က ဒီလို ကြည့်လိုက်ရုံနဲ့ မုဒိန်းကျင့်ထားပါတယ်ဆိုတာကို ပြောလို့ မရဘူးဆိုတဲ့ ထွက်ချက်ရှိပါတယ်” ဟု ရှေ့နေ အောင်မျိုးသန့်က ပြောသည်။

ဇူလိုင် ၈ရက်က တရားခွင့်သို့ လူသတ်မှုနှင့် အဓမ္မမှုတို့ဖြင့် စွပ်စွဲခံထားရသူ ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့သည် ကျန်းမာရေးကောင်းမွန်နေကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

ဇူလိုင်လ ၈ ရက် တရားခွင်သို့ သေဆုံးခဲ့သူ Hannah Witheridge ၏ အဖေ၊ အစ်မနှင့် မောင်လေး တို့ တက် ရောက်ခဲ့ သလို၊ David Miller ၏ ညီ တစ်ဦး  အပါအဝင် နိုင်ငံခြားသား ၁၀ ဦးခန့် တက်ရောက်ခဲ့သည်ဟုလည်း သူက ပြောသည်။

ဇူလိုင် ၉ ရက်တွင်လည်း ထိုင်းဘက်မှ တရားလိုပြသက်သေ ၆၅ ယောက်ထဲမှ ကျန်နေသော လူ ၆ ယောက် စစ်ဆေး မည်ဖြစ် သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က ဗြိတိသျှလူမျိုး ခရီးသည်များ ဖြစ်သော အသက် ၂၃ နှစ်အရွယ် ဟန်နာ ဝီသာရစ် (Hannah Witheridge )နှင့် ၂၄ နှစ်အရွယ် ဒေးဗစ်မေလာ(David Miller)တို့ သတ်ဖြတ်ခံခဲ့ရမှုဖြင့် မြန်မာ အလုပ်သမား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို လူသတ်မှု၊ အဓမ္မကျင့်မှုတို့ အပါအဝင် အမှုပေါင်း ၇ မှုဖြင့် တရားစွဲဆိုထားသည်။

တရားလိုပြသက်သေစစ်ဆေးမှုကို ဇူလိုင်လ ၈၊ ၉ နှင့် ၁၀ ရက်များတွင် ဆက်တိုက် စစ်ဆေးသွား မည်ဟု ဖြစ်ကြောင်း ရှေ့နေ အောင်မျိုးသန့်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly