မျိုးတုံးတော့မယ့်အန္တရယ် ရင်ဆိုင်နေရတဲ့ မိချောင်းတို့ပျော်စံရာ ကဒုံကနိသို့

မျိုးတုံးတော့မယ့်အန္တရယ် ရင်ဆိုင်နေရတဲ့ မိချောင်းတို့ပျော်စံရာ ကဒုံကနိသို့

(ဂုံးကောက်ကြသူများနှင့် စန္ဒား ငါးဖမ်းလုပ်ငန်း)

အပိုင်း (၆)

ဒီမှာ အခုမြင်တွေ့နေရတာကတော့ ရွာသူရွာသားတွေက ဂုံးသွားကောက်ကြဖို့ လှေစောင့်နေတာလို့ ပြောပါတယ်။ သူတို့က ဂုံးကောက်ပြီးရင်တော့ ပြန်ရောင်းတယ်ပေါ့နော်။ ဈေးကောင်း ရတယ်လို့ ပြောကြပါတယ်။ သွားကောက်တဲ့အခါ အိပ်အကြီးတွေနဲ့ သွားကောက်ကြပါတယ်တဲ့။ အများကြီးလည်း ရပါတယ်တဲ့။ ပြောရင်းဆိုရင်း လှေရောက်လာပါပြီ။ သူတို့လည်း ထွက်သွားကြပါပြီ။

ဂုံးကောက်သူဆိုတာက ပင်လယ်ထွက်ပြီး ငါးမဖမ်းရလို့ အိမ်မှာကျန်ရစ်သူတွေက ပင်လယ်ထဲက သောင်ခုံမှာ ဂုံးကောက်ကြသူတွေကို ပြောတာပါ။ ကဒုံကနိအနားက ရွာကလေးမှာပါ။  

ပင်လယ်ထဲမှာ ဂုံးကောက်တာ တစ်ခါမှ မမြင်ဘူးတာနဲ့ လိုက်ကြည့်မယ်ဆိုပြီး ဂုံးကောက်သူတွေနောက်က လိုက်လာခဲ့ပါတယ်။်။ ကမ်းနဲ့ ခပ်လှမ်းလှမ်းရောက်တော့ ခုနက ထွက်သွားတဲ့သူတွေက ဂုံးကောက်နေကြတာ တွေ့လာရပါတယ်။

ပင်လယ်ထဲက သောင်ခုံတစ်ခုပေါ်ရောက်တော့ ကမ်းနားကနေ လှမ်းကြည့်တဲ့အခါမှာ ကမ်းနဲ့ တော်တော်ဝေးတဲ့နေရာမှာ ရေထဲမှာ လမ်းလျှောက်နေကြတဲ့သူတို့ကို တွေ့ရပါတယ်။ ရင်ခေါင်းလောက်ပဲ ပေါ်တယ်။ အခု သူများတွေ ဂုံးစမ်းနေကြတယ်ဆိုတော့ ဘေးနားကလူတွေကိုမေးကြည့်တော့ ရေအောက်မှာ သဲနဲ့ ဂုံးပဲရှိတယ်တဲ့ ကျန်တာ ဘာမှမရှိဘူးတဲ့။ မာမာလေး စမ်းမိရင် အဲဒါ ဂုံးပဲတဲ့။ သူတို့တွေကလည်း လိုက်စမ်းပြီးတော့ ရတဲ့ဂုံးလေးတွေကို သူတို့ထဲမှာပါတဲ့ ပိုက်ခြင်းလေးတွေထဲကို ထည့်ကြပါတယ်။ ရောင်းကြပါတယ်တဲ့။ 

ပင်လယ်ထဲက သောင်ပြင်ပေါ်မှာရှိနေတဲ့အခိုက် ရေကလည်း အရမ်းမနက်ပါဘူး။ ဒူးအထက်လောက်ပဲ ရှိပါတယ်။ ဒူးထောက်ပြိးတော့ လိုက်စမ်းရပါတယ်။ ဂုံးတွေက အပေါ်ယံမှာတော့မရှိဘူး။ သဲထဲကို နဲနဲလေး နှိုက်ပြီးတော့ စမ်းရပါတယ်။ ပြောမယ်ဆို သဲအောက်ထဲမှာ ပုံးနေကြတာပေါ့။

ကမ်းနဲ့တော့ နဲနဲလှမ်းပါတယ်။ တချို့နေရာတွေမှာဆို ရေက ရင်ဆို့လောက်ထိ ရှိပါတယ်။ တစ်ချို့နေရာတွေမှာဆို အရပ်မမှီနိုင်ပါဘူး။ ဂုံးစမ်းတာ ရတဲ့ဂုံးကိုရောင်းတာ မေးမြန်းကြည့်ပါတယ်။

ဒါလေးတွေက ဘယ်လိုရောင်းရလဲအမ။

“အဲဒါတွေက အရင်တုန်းက အကြီးဆိုရင် တစ်ခြင်းကို ၆၀၀ ရပါတယ်။ အခုက ၁၂၀၀ ဖြစ်သွားပါပြီ”

အမတို့ အခုလိုမျိုး လာစမ်းတယ်ဆိုရင် တစ်နေ့ကို အချိန် ဘယ်လောက်လောက် ကြာသလဲ။

“ရေတက် ရေကျကို ကြည့်ပြီး စမ်းပါတယ်။ နာရီဝတ် တစ်နာရီပေါ့”

အမတို့ အဲလို စမ်းတဲ့အချိန်မှာ အမတို့ဆီမှာပါလာတဲ့ ပိုက်ခြင်း တစ်ခြင်းလောက် ရလားအမ။

“ရပါတယ်။ စမ်းတတ်တဲ့သူတွေဆိုရင် ပီနန်အိတ်တွေနဲ့ အပြည့်ရပါတယ်”

အဲဒါဆို ပီနန်အိတ်နဲ့ဆို ဘယ်လောက်လောက် ရလဲအမ။

“တစ်နေ့ကို ၅၀၀၀ ကျော် ၆၀၀၀ ဖိုးလောက်ထိ ရပါတယ်။ အကြီးပါရင် ပါသလိုရပါတယ်။ အကြီးတွေက ပိုပြီး ဈေးကောင်းရပါတယ်”

ကမ်နဲ့ နဲနဲဝေးတော့ လှိုင်းလုံးတွေကလည်း နဲနဲကြီးနေပါတယ်။

နွေရာသီဖြစ်လို့ အရမ်း အန္တာရာယ်မများပေမယ့် မိုးရာသီဆိုရင်တော့ အန္တရာယ်ရှိပါတယ်။ အနီးဆုံးရွာကလေးရဲ့ လုပ်ကိုင်စားသောက်မှုအခြေအနေကို မေးမြန်းကြည့်တော့ ရွာသူတစ်ဦးက အခုလိုရှင်းပြပါတယ်။

“ရွာမှာက ဘာအလုပ်မှမရှိဘူး။ ရွာက နဲနဲခေါင်သွားတော့ အလုပ်အကိုင် ရှားသွားတယ်။ ပိုက်တွေဘာတွေတော့ လုပ်တယ်။ ပိုက်ထောင်တယ်။ ပိုက်ထောင်လို့ နဲနဲပါးသွားပြီဆိုရင် အခုလိုမျိုး ရေထဲဆင်းပြီးတော့ ဂုံးကောက်ကြတယ်။ ဒီရွာမှာက မိန်းမတွေလုပ်တဲ့အလုပ်က အဲဒါပဲ ရှိပါတယ်။ ရေအတက်ကိုကြည့်ပြီးတော့ ကောက်ရတာပါ။ လေး ငါး ခြောက်ထောင်ဖိုးလောက် ရဖို့က ကိုယ့်လက်အပေါ်မှာပဲ မူတည်ပါတယ်။ ပိုက်ကကြတော့ အများကြီးကို တစ်နေကုန် ထောင်ရတယ်။ လေးငါးခြောက်မျိုး တစ်နေကုန်လုပ်မှ ပက်ဆံ သုံး လေးထောင်လောက်ပဲ ရပါတယ်။ ရာသီတိုင်းတော့ ကောက်လို့ရပါတယ်။ ဒါပေမယ့် ရေသေသွားရင် ဂုံးက မပေါ်တော့ဘူး။ မပေါ်တော့ ဂုံးက ငုတ်သွားတော့ ကောက်လို့မရတော့ဘူး”

အခု ရောက်နေ ကောက်နေတဲ့နေရာလေးကတော့ သောင်ခုံက မြင့်တော့ အိမ့်မျက်တို့ ကောက်ရတာ အဆင်ပြေပါတယ်။ အကျင့်မရှိတဲ့သူလည်း အဆင်ပြေပါတယ်။ ဒါပေမယ့် ဟိုဘက်ပိုင်းတွေကြတော့ ရေနက်တယ်။ ဒါပေမယ့် ခရလေးတွေကို များများလိုချင်တဲ့အတွက်ကြောင့် ရေနက်ထဲထိ စွန့်စွန့်စာစား သွားကောက်ကြပါတယ်။ တချို့ ရေငုတ်ကျွမ်းကျင်တဲ့ အမျိုးသားတွေဆိုရင် ဒီသောင်ပြင်ရဲ့ ဟို့ဘက်ခြမ်းမှာ သွားစမ်းကြပါတယ်တဲ့။ ရေငုတ်ပြီးတော့ ကောက်ကြပါတယ်တဲ့။ 

ရေက တဖြည်းဖြည်းကျလာပါပြီ။ အဲဒါကြောင့် သောင်ခုံကြီးက တဖြည်းဖြည်း ပေါ်လာပါပြီ။ တချို့ ဂုံးကောက်သူတွေကတော့ အဲဒီသောင်ခုံဘေးမှာပဲ ကောက်နေကြတာ တွေ့ရပါတယ်။ တချို့ကလည်း ရေထဲမှာကောက်တယ်။ တချို့ကတော့ ပေါ်နေတဲ့ သောင်ခုံးပေါ်မှာကောက်ပါတယ်။ သောင်ခုံပေါ်မှာကတော့ သဲတွေက အ၇မ်းကို မာကျစ်နေတယ်။ အဲတော့ လက်ထိုးရတာ အရမ်းပင်ပန်းတယ်လို့ ပြောပါတယ်။

သဲထဲမှာ လက်ထိုးပြီးနှိုက်ရတာ လွယ်တော့မလွယ်ပါဘူး။ လက်တွေနာပါတယ်။ နေမဝင်သေးခင်အချိန်ထိတော့ သူတို့တွေ ကောက်နေကြဦးမှာပါ။ ပြီးရင်လည်း သူတို့တွေက ဒီဂုံးတွေကိုဝယ်တဲ့ အဝယ်ဒိုင်ဆီကို ပို့ရဦးမယ်လေ။

ခနနေတော့ ကျွန်တော်တို့လည်း ရွာထဲကိုဝင်ခဲ့ပြီးတော့ ဂုံးအဝယ်ဒိုင်လေးဆီကို လျှောက်သွားလိုက်တယ်။ ဂုံးကောက်ထားတဲ့သူတွေကလည်း ကောက်ထားတဲ့ဂုံးတွေကို အဝယ်ဒိုင်ဆီကို ပို့ဖို့အတွက် ဒိုင်ဆီကို လာနေကြပြီလေ။ အခုချိန်နေတဲ့ ခြင်းတစ်ခြင်းကို အခုချိန်မှာ ၁၀၀၀ ဈေးပေါက်ပါတယ်။ ဂုံးကောက်ကြတဲ့သူတွေက အခုဈေးနဲ့ဆို လေးငါးခြောက်ထောင်ဖိုးလောက် ရပါတယ်။

ဂုံးဒိုင်က ဒိုင်လုပ်ပြီးဝယ်တဲ့သူကို မေးကြည့်တော့ သူက အခုလို ရှင်းပြပါတယ်။

“ဂုံးတွေကို ကျွန်တော်တို့က ရန်ကုန်ကို ပို့ပါတယ်။ ဘုန်းကြီးလမ်း ကမ်းနားကို ပို့ပါတယ်။ သံဈေးတို့ ဘာတို့မှာ သွားရောင်းပါတယ်။ မပို့ခင်တော့ အောက်မှာ အခင်းခင်းပြီးတော့ အရိပ်အောက်မှာထားတယ်။ ပြီးတော့ နဲနဲ နဲနဲ ရေလေးတွေ ပေးရပါတယ်။ သောင်ကရေ နဲနဲ လောင်းပေးရပါတယ်။

ရေက ၁၄ ရက် ၁၅ ရက်လောက်ဆိုရင် ၁ သိန်းကျော် ၂ သိန်းဖိုးလောက် ဝယ်ရပါတယ်။ ဂုံးက ရာသီဥတုကိုကြည့်ပြီး သူကလည်း ပေါ်တာ။ မပေါ်တဲ့ရာသီဆို မပေါ်ပြန်ဘူး။ ရာသီဥတု ပြင်းလာပြီဆိုရင် ကောက်လို့လည်းမရဘူး။ အကုန်လုံးပျောက်တဲ့အခါ ပျောက်တယ်။ ပေါ်တဲ့အခါတော့ အဲလောက် ဝယ်ရတယ်”

ဒီ ဧရာကမ်းခြေက အခုနှစ် ၂၀၁၆ သြင်္ကန်မှ အပန်းဖြေကမ်းခြေအဖြစ် ဖွင့်လှစ်ခဲ့တာပါ။ ခရီးသွားဧည့်သည်တွေတောင် သိပ်မရောက်ကြသေးပါဘူး။ ဒီဧရာကမ်းခြေမှာ အပန်းဖြေရင်း ဂုံးကောက်တဲ့အကြောင်းတွေကို လေ့လာခြင်တယ်ဆိုရင်တော့ ဘိုကလေးမြို့နယ်ကနေ ကဒုံကနိ ကျေးရွာကိုလာပြီး ကဒုံကနိကနေမှ ဒီဧရာကမ်းခြေကိုလာပြီး လည်ပတ်နိုင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly