ရခိုင်တွင် အရက်အတုများ ထုတ်လုပ်မှုကို ရှောင်တခင် စစ်ဆေး

ရခိုင်တွင် အရက်အတုများ ထုတ်လုပ်မှုကို ရှောင်တခင် စစ်ဆေး
Photo Script : စစ်တွေမြို့ရှိ အရက်ချက်ရုံတချို့ (ဓာတ်ပုံ - RiA)

ဇူလိုင် ၂၃ ရက် ။             ။ စစ်တွေ၊ ရခိုင်ပြည်နယ်တွင် အရက်အတု ထုတ်လုပ်မှုများ ရှိနေကြောင်း ပြည်သူများ၏ သတင်းပေး တိုင်ကြားချက်အရ အရက်ချက်ရုံများကို ယနေ့ ဇူလိုင် ၂၃ ရက်နေ့မှ စတင်ကာ ရှောင်တခင် စစ်ဆေးလျှက်ရှိသည်။

ကနဦးအနေနှင့် စစ်တွေမြို့ရှိ အရက်ချက်ရုံ ၃ ရုံကို ဝင်ရောက်စစ်ဆေးခဲ့ပြီး စစ်တွေခရိုင်ရဲတပ်ဖွဲ့အပါအဝင် အပါအဝင် ခရိုင်ကျန်းမာရေးဌာန၊ ခရိုင်ထွေ/အုပ်တို့ပူးပေါင်းပြီး အဖွဲ့လေးဖွဲ့ ဖွဲ့ကာ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ထုတ်လုပ်နေခြင်း ရှိမရှိ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံပွဲမှာ မြို့ခံလူထုတွေက အရက်အတုတွေ၊ ဈေးပေါပေါနဲ့အရက်တွေကို ထုတ်လုပ်ရောင်းချနေတဲ့အတွက် ကျန်းမာရေးကို ထိခိုက်လာနေသလို ရာဇဝတ်မှု ဖြစ်ပွားမှုတွေကိုလည်း မြင့်တက်လာစေတယ် ဆိုပြီးတော့ အကြံပြုခဲ့ကြတာကြောင့် ပြည်နယ်ရဲတပ်ဖွဲ့မှူးရဲ့ စေခိုင်းချက်အရ သွားရောက် စစ်ဆေးခဲ့တာဖြစ်ပါတယ်။” ဟု စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး စောနောင်က ပြောသည်။

စစ်ဆေးတွေ့ရှိချက်အရ  အရက်ထုတ်လုပ်ခွင့်လိုင်စင်နှင့် ထုတ်လုပ်နေခြင်းဖြစ်ကာ မှတ်ပုံတင်တံဆိပ်အမျိုးမျိုးနှင့် လုပ်ငန်းတစ်ခုလျှင် တံဆိပ် ၁ မျိုးတွင် ခြောက်မျိုး အထိ ထုတ်လုပ်မှုရှိကြောင်း ခရိုင်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အဆိုပါ အရက်ချက်ရုံများမှ နမူနာအရက်များသည် ပြည်သူများ သောက်သုံးရန် သင့်မသင့် စစ်ဆေးနိုင်ရန် ဓါတုဗေဒဌာနသို့ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အရက်များ၊ ထုတ်လုပ်ခွင့် လိုင်စင်မရှိသည့် အရက်များ၊ အရက်တုများ အချိုရည်အတုများ၊ မှတ်ပုံတင်ထားခြင်း မရှိသည့် သောက်ရေသန့်စက်ရုံများမှာ စစ်တွေမြို့အပြင် ရခိုင်ပြည်နယ်အတွင်း ထုတ်လုပ် ရောင်းချနေမှုများ ရှိနေပြီး ရှောင်တခွင် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ရန် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ ညွှန်ကြားထားပြီး ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ရက်ပေါင်းတစ်ရာအတွင်း မှုခင်းပေါင်း ၁၃၀၀ ကျော်ရှိခဲ့ပြီး၊ ဖြစ်ပွားမှုအများစုမှာ အရက်သေစာ သောက်စားမှု ဖြစ်ပွားမှုမှ စတင်ကြောင်း ဇူလိုင်လ ၂၂ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရ အဖွဲ့၏ ရက် ၁၀၀ စီမံဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး ရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly