ဧရာဝတီမြစ်အတွင်း ရေယာဉ်များကို ဓါးပြတိုက်သူအချို့ ကိုယ်တိုင်အဖမ်းခံ

ဧရာဝတီမြစ်အတွင်း ရေယာဉ်များကို ဓါးပြတိုက်သူအချို့ ကိုယ်တိုင်အဖမ်းခံ

စစ်ကိုင်း၊ ဇူလိုင် ၂၃ ။             ။ ဧရာဝတီမြစ်အတွင်း ပြေးဆွဲနေသည့် ရေယာဉ်များကို လုယက်မှုများကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင် နေ သူများအနက် ၄ ဦးသည် စစ်ကိုင်းမြို့နယ်၊ အမှတ်(၂)ရဲစခန်းသို့ ဇူလိုင်လ ၂၃ ရက်၊ မွန်းလွဲ ၁ နာရီက လာ ရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။

လာရောက်အဖမ်းခံသူများသည် စစ်ကိုင်းမြို့နယ်၊ ဧရာဝတီမြစ်ဘေးရှိ နောက်ကြည့်ကျွန်း ကျေးရွာမှဖြစ်ပြီး ဖမ်းဆီးခံရန်အတွက် နောက်ကြည့်ကျွန်းကျေးရွာ ဆရာတော်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တို့မှ စည်းရုံးမှုများပြုလုပ်ခဲ့ရသည်ဟု ဆရာတော်က မိန့်ကြားသည်။

"ကိုယ့်မြို့နယ်ကိုယ့်ရွာ အေးချမ်းသာယာစေချင်တဲ့အတွက် စည်းရုံးခဲ့တယ်။ ဒီကလေးတွေကြောင့် ဒီရွာက နာမည်ကြီးနေတယ်။ ဒီလိုနာမည်ကြီးတာမဖြစ်စေချင်ဘူး။ ဒါကြောင့် အခုလိုလာအပ်တာပါ။ သူတို့ မိသား စုတွေကိုလည်း ဘုန်းကြီးကပဲ စောင့်ရှောက် ပေးသွားမှာပါ"ဟု နောက်ကြည့်ကျွန်းကျေးရွာ ဆရာ တော် မိန့်ကြားသည်။

လာရောက်အဖမ်းခံသူများမှာ ကျွဲကြီး(ခ)ဇော်မင်းဦး၊ မောင်ဦး၊ ချစ်ချော၊ စိုးစိုး တို့ဖြစ်ပြီး ကျူးလွန်ထားသည့် အမှုများအလိုက် စီစစ်မှုများပြုလုပ်သွားမည်ဟု စစ်ကိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်သန်းက ဆိုသည်။

"သူတို့ကို တရားခံပြေးအဖြစ် တရားရုံးမှာစွဲဆိုထားတာရှိပါတယ်။ အဲဒီအမှုတွေနဲ့ပဲ တရားရုံးမှာ စွဲဆိုသွားမှာပါ။ သူတို့ရဲ့တစ်ဦးချင်း အမှုစာရင်းတွေတော့ရှိပါတယ်။ လောလောဆယ်တော့ ပြောလို့မရသေး ပါဘူး" ဟု ဒုရဲမှူးကြီး မြသန်းက ပြောသည်။

လာရောက်ဖမ်းဆီးခံသူ ကျွဲကြီး(ခ)ဇော်မင်းဦးက"ကျွန်တော်တို့ ကျူးလွန်ထားတဲ့ပြစ်မှုကို ဆေးကြောချင်လို့ အ ခု လိုအဖမ်းခံတာပါ။ နောက်လည်း ဒါမျိုးမကျူးလွန်တော့ပါဘူး"ဟု ပြောသည်။

၎င်းတို့သည် ဧရာဝတီမြစ်အတွင်းပြေးဆွဲနေသည့် လွယ်ဆမ်ဆစ် ကျောက်မီးသွေးတင် သဘောၤကို ၂၀၁၆ခုနှစ် ဧပြီလ ၁၈ ရက်နေ့က မီးသွေးတိုက်ကျေးရွာအနီးတွင် လုယက်မှုနှင့်ပတ်သက်၍ တရားခံပြေးအဖြစ် သတ်မှတ်ထားသူများလည်း ဖြစ်သည်။

၎င်းတို့ ဖမ်းဆီးခံမှုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သိန်း က "သူတို့ အခုလို အ ဖမ်းခံဖို့ အဲဒီရွာအထိ သွားပြီးစည်းရုံးခဲ့ရတယ်။ သူတို့ဘဝတွေကိုလည်းသိရတယ်။ အဖမ်းခံလိုက်ပါ။ လို အပ် တာတွေ ကူညီပေးပါမယ်လို့ပြောပြီး ရဲတပ်ဖွဲ့နဲ့ဆက်သွယ်ပြီး အခုလို ဆောင်ရွက်နိုင်ခဲ့တာပါ"ဟုပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly