ဒေါ်စုမွေးနေ့ ပြုလုပ်ရန် တားသည့် အုပ်ချုပ်ရေးဌာန ဒုဦးစီးမှူး ရာထူးတိုးရန် ရပ်ဆိုင်းကာ နယ်ပြောင်း

ဒေါ်စုမွေးနေ့ ပြုလုပ်ရန် တားသည့် အုပ်ချုပ်ရေးဌာန ဒုဦးစီးမှူး ရာထူးတိုးရန် ရပ်ဆိုင်းကာ နယ်ပြောင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဇွန်လ ၁၉ ရက်က ကျင်းပစဉ်။ (ဓာတ်ပုံ - ယဉ်မွန်)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အား တားမြစ်သည့် ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုဦးစီးမှူးဖြစ်သူ ဦးအောင်သူရဖြိုးကို ၃နှစ်အတွင်း ရာထူးတိုးရပ်ဆိုင်းပြီး နယ်ရွှေ့ပြောင်းရန် ဧရာဝတီတိုင်း ဒေသကြီး အစိုးရက ဆုံးဖြတ်လိုက်သည်။

"သူ့ကို စစ်ဆေးဖို့အတွက် ဘိုကလေးမြို့နယ်ကို ယာယီ ပြောင်းရွှေ့ထားတာပါ၊ အခု တိုင်းအစိုးရအစည်း အဝေး ဆုံးဖြတ်ချက်ချပြီးပြီ သူ့ကို ပြည်နယ်ပြောင်းဖို့ရယ် ၃နှစ်ရာထူးမတိုး ရပ်ဆိုင်းဖို့ လုပ်ပြီးပြီ”ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးဝင်းဌေးက မဇ္ဈိမသို့ပြောသည်။

“ဝန်ထမ်း စည်းကမ်းထဲက မလုပ်ရင် ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်တာတွေ လုပ်ဆောင်သွားမှာ၊ အခု အရေးယူတာ တိုင်းဒေသကြီးအတွင်းမှာ ပထမဆုံးအကြိမ် အရေးယူ ဆောင်ရွက်ခြင်းဖြစ်ပြီး၊ သူ့ကိုပြောင်းရွှေ့မှာ တိုင်းဒေသကြီးတွေမဟုတ်ဘဲ ပြည်နယ်တခုပြောင်းမှာ” ဟု ဝန်ကြီး ဦးဝင်းဌေးက ဆိုသည်။

"ဝန်ထမ်းတွေအနေနဲ့ အစိုးရဖော်ဆောင်မယ့် မူဝါဒတွေ လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်၊ အစိုးရ မူဝါဒတွေကို အခက်အခဲဖြစ်အောင်လုပ်တာမျိုး မဖြစ်ဖို့ အရေးကြီးတယ်၊ ဝန်ထမ်းတွေ ဥပဒေကို လိုက်နာဆောင်ရွက်ပါ၊ ဥပဒေကို ကျော်လွန်လုပ်ဆောင်ရင် ဥပဒေအတိုင်း ဆောင်ရွက်သွားမှာပါ” ဟုလည်း ဦးဝင်းဌေးက မဇ္ဈိမသို့ပြောသည်။

ဇွန်လ ၁၉ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို ဟင်္သတမြို့ ရုံးကြီးရပ်တွင်ပြုလုပ်ရာ ဦးအောင်သူဖြိုးက ခွင့်ပြုမိန့်တင်ရန် ဖိအားပေးပြောဆိုခဲ့ရာမှ တိုင်းအစိုးရက စစ်ဆေးကာ ရာထူးမတိုးဘဲ နယ်ပြောင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly