အမေရိကန်တွင် ပြည်တွင်းခြင်အကိုက်ခံရာမှ ဇီကာပိုးကူးနိုင်ဖွယ်ရှိဟုဆို

အမေရိကန်တွင် ပြည်တွင်းခြင်အကိုက်ခံရာမှ ဇီကာပိုးကူးနိုင်ဖွယ်ရှိဟုဆို

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် ပုံမှန်ပြည်တွင်းက ခြင်မှတစ်ဆင့် ဇီကာပိုးကူးစက်ခြင်း ဖြစ်ဖွယ်ရှိသည့်အပေါ် ကျန်းမာရေးတာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိသည်။ တစ်ချိန်တည်းတွင် သမ္မတ အိုဘားမားကလည်း ခြင်ကတစ်ဆင့်ပေါက်ဖွားသော ယင်းဇီကာပိုး တိုက်ဖျက်ရေး ဖလော်ရီဒါပြည်နယ်အတွက် ရန်ပုံငွေပိုမိုထောက်ပံ့မည်ဟု ကတိပြုပြောကြားသည်။

ပြည်တွင်းမှ ခြင်ကိုက်၍ပင် ဇီကာပိုးကူးစက်သည်ဆိုသော လူနာနှင့် ပတ်သက်သည့် အသေးစိတ်ကို ဖလော်ရီဒါကျန်းမာရေးဌာနက ပိုမိုထုတ်ပြန်ခြင်းမရှိသေးဘဲ "ယခုဇီကာပိုးကူးစက်ခံရသူမှာ အခြားပြည်ပသို့ ထွက်ခွာဖူးခြင်းလည်း မရှိသကဲ့သို့ ပြည်ပသို့ ရောက်ရာမှ ပြန်ရောက်လာသူများနှင့် ဆက်ဆံထိတွေ့မှုလည်း မရှိထားသူဖြစ်ကြောင်း" ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

သို့သော် ယခုထုတ်ပြန်မှုကြောင့် အမေရိကန်ပြည်ထောင်စုအတွင်းမှာပင် ခြင်ကိုက်၍ ဇီကာရောဂါကူးစက်နိုင်ခြေရှိနေသည်ဟု တွေးဆစရာဖြစ်ရသည်။ ယခင်က ယခုကဲ့သို့သော လူနာမျိုး မတွေ့ဘူးသေးပေ။

အဆိုပါ လူနာကို ကုသစစ်ဆေးလျက်ရှိနေဆဲဖြစ်ပြီး နောက်ထပ်အချက်အလက်များ ရပါက ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖလော်ရီဒါကျန်းမာရေးဌာနက ထုတ်ပြန်သည်။

တစ်ချိန်တည်းတွင် သမ္မတအိုဘားမားက ပြည်နယ်မှူး Rick Scott နှင့် ဇူလိုင် ၂၀ ရက်က ဖုန်းဖြင့် ပြောဆိုရာတွင် "နိုင်ငံတွင်းကပင် ဇီကာပိုး ကူးစက်ပျံ့နှံ့နိုင်မှုမှာ ဖြစ်နိုင်ခြေရှိကြောင်း ကောက်ချက် ချသည်"ဟု အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly