အိုဘားမား ဖိတ်ကြားမှုဖြင့် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်သို့ သွားရောက်မည်

အိုဘားမား ဖိတ်ကြားမှုဖြင့် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်သို့ သွားရောက်မည်

အမေရိကန်သမ္မတ ဘားရတ်အိုဘားမား အမေရိကန်နိုင်သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်လည်ပတ်ရန် ဖိတ်ကြားမှုကို လက်ခံ၍ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်သို့ သွားမည်ဖြစ်ကြောင်း အစိုးရက ဇူလိုင် ၂၁ ရက်၌ ကြေညာရာ အဆိုပါခရီးစဉ်သည် နိုဝင်ဘာရွေးကောက်ပွဲ အနိုင်ရပြီးနောက် ပထမဆုံးအဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်ဖြစ်မည်ဖြစ်သည်။

နှစ်ဖက်ညှိနှိုင်း၍ အဆင်ပြေသည့် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမေရိကန်သို့ သွားရောက်ရန် စီစဉ်ထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီးတစ်ဦးက ပြောသည်။ အခြားအစိုးရသတင်းရင်းမြစ်တစ်ရပ်က စက်တင်ဘာလလောက်မှ ခရီးစဉ်ဖြစ်နိုင်ကြောင်း၊ နယူးယောက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံအစည်းအဝေးကျင်းပချိန်နှင့် တစ်ချိန်တည်း ခရီးစဉ်အဖြစ် သွားရောက်ဖွယ်ရှိကြောင်း ပြောသည်။

"သမ္မတ အိုဘားမားရဲ့ ဖိတ်ကြားမှုကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က လက်ခံတယ်။ သမ္မတ အိုဘားမား ရဲ့ သမ္မတသက်တမ်း မကုန်ဆုံးမီ သွားရောက်ဖြစ်မှာ ဖြစ်ပါတယ်။"ဟု   နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးအေးစိုးက ဆိုသည်။

နေပြည်တော်သို့ ရောက်ရှိနေသည့် အမေရိကန် မဟာဗျူဟာဆက်ဆံရေးဆိုင်ရာ လက်ထောက် အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူ Ben Rhodes က ဇူလိုင် ၂၀ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့်   တွေ့ဆုံစဉ် သမ္မတ အိုဘားမား၏ ဖိတ်ကြားချက်ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခရီးစဉ်ကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ထင်မြင်ချက်ပေးခြင်း မရှိပေ။

ကုလသမဂ္ဂ၏ အထွေထွေညီလာခံ အစည်းအဝေးအား နယူးယောက်တွင် လာမည့် စက်တင်ဘာ ၁၃ မှ စက်တင်ဘာ ၂၆ အထိ ကျင်းပရန် လျာထားသည်။ သမ္မတ အိုဘားမားအနေဖြင့်   နိုဝင်ဘာရွေးကောက်ပွဲများ အပြီး ဇန်နဝါရီလတွင် အိမ်ဖြူတော်မှ ထွက်ခွာရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly