ဆရာ၊ ဆရာမတွေကိုယ်တိုင် သင်ယူချင်စိတ် ရှိဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ဆရာ၊ ဆရာမတွေကိုယ်တိုင် သင်ယူချင်စိတ် ရှိဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
(ဓာတ်ပုံ- မဇ္ဈိမ)

နေပြည်တော်(ဇူလိုင် ၂၁၊ ၂၀၁၆ခုနှစ်)။                ။ ဆရာ၊ ဆရာမများနှင့် ပညာရေးဌာနမှ ဝန်ထမ်းများအနေဖြင့် ကျောင်းသုံးပြဌာန်းစာအုပ်ကို လေ့လာထားရုံနှင့်မလုံလောက်ဘဲ ကိုယ်တိုင် သင်ယူလိုစိတ် ရှိဖို့ လိုအပ်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

"တစ်ကယ့်ပညာဆိုတာ ဘဝတစ်လျှောက်လုံး သင်ယူသွားရမယ့်ကိစ္စပဲ။ ကိုယ်တိုင်မှ ဘဝတစ်လျှောက် သင်ယူလိုတဲ့စိတ်မရှိရင် ဘယ်သူ့ကို ပညာပေးနိုင်မှာလဲ" ဟု ဒေါ်အောင်ဆန်းစုကြည်က   ပြောသည်။

ဇူလိုင် ၂၁ရက်က နေပြည်တော်တွင်ပြုလုပ်သော ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ(အခြေခံပညာကဏ္ဍ)တွင် ဒေါ်အေင်ဆန်းစုကြည်က ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

"ငါတို့ရဲ့ ပညာရေးစနစ်ကို ဘယ်လိုပိုပြီးတော့ကောင်းအောင် လုပ်နိုင်မလဲ။ ငါတို့ရဲ့ တပည့်တပန်းတွေ ပညာသင်တဲ့အခါမှာ ပိုပြီးတော့ ထက်မြက်အောင်၊ ပိုပြီးတော့ ပျော်ရွှင်အောင်၊ ပိုပြီးတော့ ပညာသင်ချင်တဲ့စိတ်ဖြစ်အောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာ ဆရာ၊ ဆရာမတွေကိုယ်တိုင်က အမြဲပဲ သင်ယူချင်တဲ့စိတ်တွေရှိဖို့ လိုပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထို့ပြင် မူလတန်းပြဆရာ၊ ဆရာမများထက် အထက်တန်းနှင့် တက္ကသိုလ်မှ ဆရာ၊ ဆရာမများအား ပိုမို လေးစား၊ တန်ဖိုးထားခြင်းမှာလည်း မှားယွင်းသည့်လုပ်ရပ်ဟု ဒေါ်အောင်ဆန်းစုကြည်က   ထောက်ပြသည်။

"တစ်ချို့နိုင်ငံတွေမှာ မူလတန်းဆရာ၊ ဆရာမများကို အထက်တန်းဆရာ၊ ဆရာမများထက်ပိုပြီး ကြီးတဲ့လစာပေးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မူလတန်းသင်ရတဲ့အလုပ်ဟာ အထက်တန်းသင်ရတဲ့ အလုပ်ထက် အခက်ခဲဆုံးပဲ၊ အရေးပါဆုံးပဲဆိုတာကို လက်ခံထားလို့ ဖြစ်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မြန်မာနိုင်ငံ၏ အခြေခံပညာဆရာ၊ ဆရာမများ၏ လုပ်ခလစာမှာမူ အထက်တန်းပြ ဆရာ၊ ဆရာမများက အများဆုံးရရှိပြီး မူလတန်းပြ ဆရာ၊ ဆရာမများက အနည်းဆုံးရရှိသည်။

မြန်မာနိုင်ငံတွင် အခြေခံပညာစာသင်ကျောင်း စုစုပေါင်း ၄၅၄၆၁ကျောင်း ရှိပြီး အခြေခံပညာ ကျောင်းသား၊ ကျောင်းသူဦးရေ ၈သန်းကျော်ရှိသည်ဟု ပညာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly