"၀" လားဟူ ရခိုင် အဖွဲ့ သုံးဖွဲ့နှင့် ၂၁ ရာစုုပင်လုံု အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ(၂)တုုိ့ ချင်းမိုင်တွင် တွေ့ဆုံ

"၀" လားဟူ ရခိုင် အဖွဲ့ သုံးဖွဲ့နှင့် ၂၁ ရာစုုပင်လုံု အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ(၂)တုုိ့ ချင်းမိုင်တွင် တွေ့ဆုံ

ချင်းမိုင်၊ ဇူလိုင် ၂၁ ။              ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၃ ဖွဲ့ဖြစ်သည့် WNO, LDU, ANC တို့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ(၂)တို့ ဇူလိုင်လ ၂၁ ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တစ် နာရီကျော်ကြာတွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးခဲ့သည်။

ယခင်အစိုးရက အသိအမှတ်မပြုခဲ့သော "ဝ"အမျိုးသားအဖွဲ့အစည်း (WNO)၊ လားဟူဒီမိုကရက်တစ်အဖွဲ့အစည်း  (LDU) ရခိုင်အမျိုးသားကောင်စီ(ANC)တို့မှ ကိုယ်စားလှယ်များနှင့် ၁ ရာစုပင်လုံအကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂) တို့ တွေ့ဆုံ၍ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“အဓိက ဆွေးနွေးတာက အားလုံးပါဝင်ရေးနဲ့ ပတ်သက်လို့ပါ။ အားလုံးပါဝင်ရေးသွားမယ် ဆိုရင် ယူအန်အက်စ်စီမှာ ပါဝင်တဲ့ ကျနော်တို့ သုံးဖွဲ့ဟာ အဖုအထစ်လို ဖြစ်လာမယ်။ အန်စီအေကိုလည်း   ကျော်ဖြတ်ရမဲ့ကိစ္စတွေ ရှိနေသေးတယ်။ အန်စီအေ ကျော်ဖြတ်မယ် ဆိုရင် အားလုံးပါဝင်မှ ကျော်ဖြတ်လို့ရမယ်။ အဲဒါကြောင့် အခုကတည်းကနေ ကျနော်တို့ နည်းနာရှာထားတာ ဖြစ်ပါတယ်" ဟု ရခိုင်အမျိုးသားကောင်စီ အထေါထွေအတွင်းရေးမှူး ဦးထွန်းဇော်က ပြောသည်။

အဆိုပါ အဖွဲ့ သုံးဖွဲ့သည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်လှယ်အဖွဲ့ (SD)တွင်လည်း ပါဝင်၍ NCA နှင့် ပတ်သက်၍ ယခင်အစိုးရနှင့်  တွေ့ဆုံဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးခဲ့ကြသည်။

သို့သော် အစိုးရဘက်မှ NCA လက်မှတ်ရေးထိုးခါနီးတွင် ၎င်းအဖွဲ့ ၃ ဖွဲ့ အပါအဝင် ၆ ဖွဲ့ကို လက်မခံဘဲ ကျန်လပ် ထားခဲ့ သည်။

NCA တွင် WNO၊ ANC နှင့်LDU အပြင်  ကိုးကန့်၊ တအာင်းနှင့် အေအေတို့ကို လက်မခံခဲ့သဖြင့် တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းများ အားလုံး လက်မှတ်ရေးထိုးခြင်းမရှိဘဲ အဖွဲ့အစည်း ၈ ဖွဲ့သာ NCA ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ယနေ့ ဆွေးနွေးမှုတွင် WNOမှ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူး တာ့ညီလူ၊ ANC မှ ဥက္ကဌ ဒေါက်တာခင်မောင်၊ အထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော်နှင့် LDUမှ ဒုဥက္ကဌ ဗိုလ်မှူးကြီး ဆော်လမွန်နှင့် UNFC မှ ခူဦးရယ် တို့ပါဝင်ပြီး ၂၁ ရာစုပင်လုံအကြိုပြင်ဆင်ရေး ဆပ်ကော်မတီမှ ဦးခက်ထိန်နန်၊ ဒေါ်ဒွဲဘူ၊ ဦးမိုးဇော်ဦးနှင့် ဦးကျော်လင်းဦးတို့ လေး ဦးတို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ယခုတွေ့ဆုံမှုသည် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် အားလုံးပါဝင်နိုင်ရန် နည်းလမ်းရှာတွေ့ဆုံခြင်း ဖြစ်ကြောင်း ၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ(၂) အဖွဲ့ဝင် ဦးခက်ထိန်နန်က သတင်းထောက်များကို ပြောဆိုခဲ့သည်။

“ကျနော်တို့ အလွတ်သဘောပါဘဲ။ ဒါ ဆက်ပြီး အားလုံးပါဝင်နိုင်အောင် ပြီးတော့ အားလုံး လက်တွဲနိုင်အောင် ကျနော်တို့ နည်းလမ်းရှာတဲ့အနေနဲ့ တွေ့ဆုံခြင်းဘဲ ဖြစ်ပါတယ်”ဟု သူက ပြောသည်။

လာမည့် သြဂုတ်အတွင်း နိုင်ငံရေးဆွေးနွေးရေး မူဘောင်သုံးသပ်ရေး ဆွေးနွေးသို့ တက်လာရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအား ဒေါက်တာ တင်မျိုးဝင်း လက်မှတ်ဖြင့် ဖိတ်ကြားမှုတွင် ၎င်းတို့အဖွဲ့ ၃ ဖွဲ့ကိုလည်း ဖိတ်ကြားထားသည်ဟု ဦးထွန်းဇော်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly