ကိုးကွယ်ရာဘာသာအလိုက် လူဦးရေစာရင်း အစိုးရထုတ်ပြန်

ကိုးကွယ်ရာဘာသာအလိုက် လူဦးရေစာရင်း အစိုးရထုတ်ပြန်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇူလိုင် ၂၁ရက်၊ ၂၀၁၆ခုနှစ်)။                   ။ ၂၀၁၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ ကောက်ယူထားသော ကိုးကွယ်ရာဘာသာဆိုင်ရာ အချက်အလက်များကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ၂၀၁၆ခုနှစ်၊ ဇူလိုင်လ ၂၁ရက်တွင် ထုတ်ပြန်လိုက်သည်။

သန်းခေါင်စာရင်းတွင် စာရင်းကောက်ယူနိုင်ခဲ့ခြင်းမရှိသော ရခိုင်ပြည်နယ်မှ ခန့်မှန်းလူဦးရေ (၁.၀၉)သန်း ကိုပါ ထည့်သွင်းတွက်ချက်ထားသည့် ကိုးကွယ်ရာဘာသာ လူဦးရေစာရင်းအရ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကိုးကွယ်သူ ၈၇ဒဿမ ၉ရာခိုင်နှုန်း၊ ခရစ်ယာန် ၆ဒဿမ ၂ရာခိုင်နှုန်း၊ အစ္စလာမ် ၄ဒဿမ ၃ရာခိုင်နှုန်း၊ ဟိန္ဒူ ဝဒဿမ ၅ရာခိုင်နှုန်း၊ နတ်ကိုးကွယ်သူ ဝဒဿမ ရာခိုင်နှုန်း၊ အခြားဘာသာ ဝဒဿမ ၂ရာခိုင်နှုန်းနှင့် ဘာသာမရှိသူများ ဝဒဿမ ၁ရာခိုင်နှုန်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကိုးကွယ်ရာဘာသာလူဦးရေစာရင်းမှာ ၂၀၁၄ခုနှစ်၊ သန်းခေါင်စာရင်းတွင် စာရင်းကောက်ယူရရှိသော လူဦးရေနှင့် စာရင်းမကောက်ယူနိုင်သည့် ဒေသများအတွက် ခန့်မှန်လူဦးရေအပါအဝင် လူဦးရေ (၅၁,၄၈၆,၂၅၃) ကို အခြေခံ၍ တွက်ချက်ထားခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ စာရင်းကောက်ယူနိုင်ခြင်းမရှိသော ခန့်မှန်းလူဦးရေ (၁ဒဿမ ၀၉ရာခိုင်နှုန်း)သည် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများဖြစ်သည်ဟု ယူဆထားသည်ဟုလည်း လ.ဝ.က ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုထုတ်ပြန်လိုက်သည့် ကိုးကွယ်ရာဘာသာ လူဦးရေစာရင်းသည် တိုင်းနှင့် ပြည်နယ်အဆင့်ထိသာ ထုတ်ပြန်ထားပြီး ခရိုင်နှင့် မြို့နယ်အဆင့် ကိုးကွယ်ရာဘာသာ လူဦးရေစာရင်းအချိုးအစားကိုမူ ထုတ်ပြန်ထားခြင်း မရှိပေ။

"ခရိုင်၊ မြို့နယ်အဆင့်ထိ ထုတ်ပြန်မယ်ဆိုရင် အချို့သောဒေသတွေမှာ လူဦးရေအနည်းငယ်သာရှိတဲ့အတွက် ကိုယ်ရေးအချက်အလက် လုံခြုံစိတ်ချရမှုကို ကျိုးပေါက်စေနိုင်ပါတယ်။ ၂၀၁၃ခုနှစ်၊ သန်းခေါင်စာရင်းဥပဒေအရ တစ်ဦးချင်းစီရဲ့ အချက်အလက်လုံခြုံစိတ်ချရမှုကို ကျွန်တော်တို့ ထိမ်းသိမ်းတဲ့အနေနဲ့ ခရိုင်အဆင့်၊ မြို့နယ်အဆင့် မထုတ်ပြန်ခြင်းဖြစ်ပါတယ်" ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

ကိုးကွယ်သည့်ဘာသာစာရင်းကောက်ယူရရှိသော လူဦးရေအရ တိုင်းနှင့်ပြည်နယ်အသီးသီးအနက် ရန်ကုန်တိုင်းတွင် ဗုဒ္ဓဘာသာကိုးကွယ်သူနှင့် အစ္စလာမ်ဘာသာကိုးကွယ်သူ အများဆုံးရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

သန်းခေါင်စာရင်းတွင် စာရင်းကောက်ယူနိုင်ခြင်းမရှိသော ဒေသများအတွက် ခန့်မှန်းလူဦးရေစာရင်းမှာ ကချင်ပြည်နယ်တွင် ၄၆,၆၀၀ဦး၊ ကရင်ပြည်နယ်တွင် ၆၉,၇၅၃ဦးနှင့် ရခိုင်ပြည်နယ်တွင် ၁,၀၉၀,၀၀၀ဦးဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထုတ်ပြန်လိုက်သည့် ကိုးကွယ်ရာဘာသာ လူဦးရေစာရင်းမှာ တိကျခိုင်မာမှုရှိသည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက   နေပြည်တော် Hotel Maxတွင်ပြုလုပ်သည့် ကိုးကွယ်သည့်ဘာသာဆိုင်ရာအချက်အလက်များ ထုတ်ပြန်ပွဲအခမ်းအနားအပြီးတွင် မီဒီယာများကို ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly