ကျန်းမာရေးအန္တရာယ်ရှိ၍ ဦးပိုင်ကုမ္ပဏီပိုင် စစ်ကိုင်းက ဆာဖြူရစ်အက်ဆစ်စက်ရုံအား နေရာပြောင်းရွှေ့ခိုင်းရန် အစိုးရအနေဖြင့် ချက်ချင်းအမိန့်ထုတ်သင့်ဟု AI အဖွဲ့ ပြော

ကျန်းမာရေးအန္တရာယ်ရှိ၍ ဦးပိုင်ကုမ္ပဏီပိုင် စစ်ကိုင်းက ဆာဖြူရစ်အက်ဆစ်စက်ရုံအား နေရာပြောင်းရွှေ့ခိုင်းရန် အစိုးရအနေဖြင့် ချက်ချင်းအမိန့်ထုတ်သင့်ဟု AI အဖွဲ့ ပြော

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာတစ်ရွာအနီးတွင် ရှိနေသော ဆာဖြူရစ်အက်ဆစ်စက်ရုံက ကျန်းမာရေးအန္တရာယ်ရှိနေသဖြင့် အစိုးရအနေဖြင့် ချက်ချင်း စက်ရုံနေရာ ရွှေ့ပြောင်းရန် အမိန့်ထုတ်သင့်ကြောင်း နိုင်ငံတကာလွတ်ငြိမ်းရေးအဖွဲ့ Amnesty International က ဇူလိုင် ၂၀ ရက်၌ ထုတ်ပြန်သည်။

မကြာသေးမီက AI အဖွဲ့၏ မြန်မာနိုင်ငံသို့ သုတေသနကွင်းဆင်းမှုတွင် ကံကုန်းကျေးရွာသူရွာသားများက စက်ရုံက အနံဆိုးများကို ရနေပြီး အသက်ရှုရခြင်း၊ အရေးပြားနှင့် မျက်လုံးတို့တွင် ကျန်းမာရေးဝေဒနာများ ဖြစ်နေရကြောင်း ပြောကြသည်။

စက်ရုံက ထွက်သည့် ဘေးထွက်ပစ္စည်းများကြောင့်လည်း ဒေသရှိ ကောက်ပဲသီးနှံများ ပျက်စီးနေပြီဖြစ်ကြောင်း ပြောသည်။ ၂၀၁၃ ခုနှစ်အတွင်းက အစိုးရနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အင်န်ဂျီအိုအဖွဲ့တစ်ဖွဲ့တို့၏ မြေနမူနာဓာတ်ခွဲကြည့်မှုအရ မြေဆီလွှာတွင် ဆာဖြူရစ်အက်ဆစ်ဓာတ် အလွန်မြင့်မားစွာ ပါဝင်နေကြောင်း တွေ့ရှိခဲ့ရသည်။ စမ်းသပ်မှုရလဒ်များအရ ယင်းစက်ရုံသည် ကျန်းမာရေးအတွက် အလွန်စိုးရိမ်စရာအခြေအနေရှိနေကြောင်း တွေ့ရသည်။

"အစိုးရအနေနဲ့ စက်ရုံလည်ပတ်နေတာကို ရပ်ဖို့ ချက်ချင်းကြားဝင်ဖြေရှင်းပေးရမှာပဲဖြစ်တယ်။ လူတွေရဲ့ ကျန်းမာရေးကို မထိခိုက်တဲ့ နေရာမျိုးကို စက်ရုံကို ရွှေ့ပြောင်းရမှာဖြစ်တယ်။"ဟု AI ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးသုတေသီ Nark Dummett က ပြောသည်။ ၎င်းသည် ပြီးခဲ့သည့်လအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးရှိ စက်ရုံတည်ရှိရာနားက ကံကုန်းကျေးရွာသို့ လာရောက်သွားခဲ့သူဖြစ်သည်။

အဆိုပါ စက်ရုံသည် ၂၀၀၇ ခုနှစ်အတွင်းက တည်ဆောက်ခဲ့သော မိုးကြိုးဆာလဖြူရစ်အက်ဆစ်စက်ရုံဖြစ်သည်။ စက်ရုံနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော စုံစမ်းရေးကော်မရှင်က ၂၀၁၃ ခုနှစ်အတွင်း စုံစမ်းစစ်ဆေးခဲ့ရာ စက်ရုံပိုင်ကုမ္ပဏီက ဒေသအာဏာပိုင်များ၏ ခွင့်ပြုချက်မရှိဘဲ စက်ရုံအား တည်ဆောက်ထားခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိသည်။

အဆိုပါ မိုးကြိုးစက်ရုံအား တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်က ပိုင်ဆိုင်ပြီး ၂၀၁၃ ဇူလိုင်လအတွင်းမှ နောက်ပိုင်းခွင့်ပြုချက်ဖြင့် စက်ရုံအား လည်ပတ်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့်လအတွင်း အသစ်ရွေးကောက်ခံစည်ပင်သာယာရေးအာဏာပိုင်အဖွဲ့က ယင်းစက်ရုံ လည်ပတ်ခွင့်လိုင်စင်ကို ဆိုင်းငံ့ရန်နှင့် ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုတို့ကို တွက်ချက်ရန် ဆုံးဖြတ်ချက်ချခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။

ဒေသခံများ၏ အဆိုအရ အဆိုပါ မိုးကြိုးစက်ရုံသည် တစ်လကျော်ကြာ ရပ်နားခဲ့သော်လည်း စက်ရုံလည်ပတ်ခွင့် လိုင်စင်မရရှိသေးဘဲ ပြန်လည်လုပ်ငန်းလည်ပတ်လာခဲ့ကြောင်း သိရသည်။ စည်ပင်သာယာ၏ ခွင့်ပြုလိုင်စင်မရှိသော်လည်း ဗဟိုအစိုးရအဖွဲ့အစည်းတစ်ရပ်က စက်ရုံလည်ပတ်ခြင်းကို ဆက်လက်ခွင့်ပြုပေးနေဆဲဖြစ်ကြောင်း ဒေသတာဝန်ရှိသူတစ်ဦးက ပြောသည်။

"ဦးပိုင်လီမီတက်အနေနဲ့ ဒေသတာဝန်ရှိသူတွေရဲ့ စိုးရိမ်ပူပန်မှုကို လျစ်လျူမရှုသင့်ဘူး။ ဘေးသက်ရောက်နေတဲ့ ပြည်သူတွေရဲ့ ဒုက္ခကိုလည်း ဂရုစိုက်သင့်တယ်။ အစိုးရအနေနဲ့ကလည်း စက်ရုံလည်ပတ်နေတာကို ချက်ချင်းရပ်ခိုင်းပြီး လုံခြုံဘေးကင်းတဲ့ နေရာဆီ ရွှေ့ပြောင်းခိုင်းသင့်တယ်။"ဟု Mark Dummett က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly