Queen အဖွဲ့၏ သီချင်းကို ခွင့်ပြုချက်မရဘဲ သုံး၍ ဒေါ်နယ်ထရမ့် ဝေဖန်ခံရ

Queen အဖွဲ့၏ သီချင်းကို ခွင့်ပြုချက်မရဘဲ သုံး၍ ဒေါ်နယ်ထရမ့် ဝေဖန်ခံရ

ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်သည် Queen ရော့ခ်ဂီတအဖွဲ့၏ We Are the Champions သီချင်းကို ရီပတ်ဘလစ်ကန်ပါတီ ညီလာခံတွင် ခွင့်ပြုချက်မရဘဲ သုံးခဲ့ရာ Queen အဖွဲ့က ဝေဖန်ခဲ့သည်။

“ကျွန်တော်တို့ရဲ့ ဆန္ဒတွေကို ဆန့်ကျင်ပြီး၊ ဒီသီချင်းကို ရီပတ်ဘလစ်ကန် ညီလာခံမှာ ခွင့်ပြုချက်မရဘဲ သုံးခဲ့တာပါ” ဟု ဗြိတိသျှ ဂီတအဖွဲ့က တွစ်တာစာမျက်နှာတွင် ရေးသား ထုတ်ပြန်ခဲ့သည်။

ရီပတ်ဘလီကန်ပါတီ ညီလာခံကို အမေရိကန်နိုင်ငံ Cleveland မြို့တွင် ဇူလိုင်လ ၁၈ ရက်နေ့ (တနင်္လာနေ့) က စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ထိုညီလာခံတွင် ဒေါ်နယ်ထရမ့်သည် We Are the Champions သီချင်း နောက်ခံနှင့်အတူ စင်မြင့်ပေါ်သို့ တက်ရောက်လာခဲ့ခြင်း ဖြစ်သည်။

ဒေါ်နယ်ထရမ့်သည် ယခင်ကလည်း ထိုသီချင်းကို ခွင့်ပြုချက်မရဘဲ အသုံးပြုခဲ့ဖူးရာ Queen အဖွဲ့ ဂီတာသမား Brian May က ဒေါ်နယ်ထရမ့်အား ဇွန်လက ဝေဖန်ခဲ့ဖူးသည်။ ထရမ့်သည် ထိုသီ ချင်းအား အသုံးပြုခွင့်ကို တောင်းခံခဲ့ဖူးခြင်း မရှိကြောင်းနှင့် Queen ဂီတအဖွဲ့အနေဖြင့် ထိုသီချင်းအား အသုံးပြုခွင့်ကို မည်သည့်အခါမျှ ပေးလိမ့်မည် မဟုတ်ကြောင်း ပြောခဲ့ခြင်း ဖြစ်သည်။

Queen ဂီတအဖွဲ့အနေဖြင့် ထရမ့်အပေါ် မည်ကဲ့သို့သော အမြင်ရှိသည်ဖြစ်စေ၊ We Are the Champions သီချင်း အပါအဝင် Queen အဖွဲ့၏ သီချင်းများကို နိုင်ငံရေးသမားများအား အသုံးပြုခွင့် မပေးခဲ့ကြောင်း Brian May က ပြောခဲ့သည်။

ထိုသီချင်းမှာ Queen အဖွဲ့၏ အကျော်ကြားဆုံး သီချင်းများထဲမှ တစ်ပုဒ်ဖြစ်ကာ အားကစား ပွဲများတွင်လည်း မကြာခဏ အသုံးပြုခံရသော သီချင်းဖြစ်သည်။

ထိုသီချင်းကို ရေးသားဖွဲ့ဆိုခဲ့သူမှာ Queen အဖွဲ့သား Freddie Mercury ဖြစ်သည်။ Freddie Mercury မှာ အေအိုင်ဒီအက်စ် ရောဂါ ဖြစ်နေစဉ်တွင် ထပ်ဆင့်ရလာသော အဆုတ်ရောင်ရောဂါဖြင့် ၁၉၉၁ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ပြီး အသက် ၄၅ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags