သာသနာ့ဝန်ထမ်းကောင်းအစစ် ဖြစ်ရမယ်လို့ဆိုတဲ့ ကမ်းဇေယျာ ပရဟိတသီလရှင်ကျောင်းက သီလရှင်ဆရာလေးရဲ့ ခံယူချက်

20 July 2016
သာသနာ့ဝန်ထမ်းကောင်းအစစ် ဖြစ်ရမယ်လို့ဆိုတဲ့ ကမ်းဇေယျာ ပရဟိတသီလရှင်ကျောင်းက သီလရှင်ဆရာလေးရဲ့ ခံယူချက်

“ကမ်းဇေယျာ”ဆိုတဲ့ ပရဟိတ သီလရှင်ကျောင်းလေးက ရွှေပြည်သာမြို့နယ်က ဝါးတစ်ရာချောင်း အနီးမှာ တည်ရှိပါတယ်။

ဒီနေရာလေးမှာ အုပ်ချုပ်သူ သီလရှင် ဆရာလေး သုံးပါးနဲ့ သီလရှင်ငယ် အပါး ၆၀ ကျော် နေထိုင်ကြပြီး  ပရိယတ္တိ စာပေတွေကို သင်ယူ လေ့လာနေပါတယ်။

ဒီ ပရဟိတ ကျောင်းလေးနဲ့ပတ်သက်ပြီး အုပ်ချုပ်သူ သီလရှင်ဆရာလေးက အခုလို ရှင်းပြပါတယ်။

“မြတ်စွာဘုရား လက်ထက်တုန်းကကျတော့ ဘိက္ခုနီသာသနာဆိုတာ ထွန်းကားလာတယ်ပေါ့။ ဒါပေမယ့် အဲဒါတွေက နောက်ပိုင်းကျတော့ လျော့နည်းလာပြီးတော့ သီလရှင်ကနေပြီးတော့မှ အခုဆိုရင် သီလရှင်မယ်ဂေးဆိုတာ ရှိတယ်။ အဲကနေစပြီးတော့ ဒီသာသနာက ထွန်းကားလာတယ်။ နည်းနည်းပါးပါး စပြီး လုပ်လာတဲ့အခါကျတော့ အခု ဆရာလေးတို့ စစ်ကိုင်းက ဖွားဖွားကြီး ဒေါ်မဒေါရီဆိုတဲ့ သမိန်တောထဲက ကျောင်းအုပ်ဆိုတာရှိတယ်။ အဲကနေစပြီးတော့ ဖွားဖွားကြီး ဒေါ်ညာဏစာရီ အခု ဆရာလေးတို့ပေါ့။ အခု သီလရှင်သာသနာ ထွန်းကား ပြန့်ပွားအောင် စပြီး မွေးဖွားပေး ဆက်လက် ထိန်းသိမ်းနေတာကတော့ စမ်းချောင်း ဒေါ်ညာနစာရီက သမိန်တောထဲက သုခိတာ ဒေါ်ညာဏစာရီက စပြီးတော့ ပြန့်ပွားအောင်လုပ်တယ်။ အခုဆိုရင် သီလရှင်တွေဆိုရင် သူများတွေက သိလာတယ်။ အော် သီလရှင်သာသနာဆိုတာ တကယ်ရှိတယ်။ ယောကျ်ားတွေနဲ့ ဘုန်းကြီးတွေနဲ့ တန်းတူ အလုပ်လုပ်ရပါလားဆိုတာကို လူတွေက အခုမှ သိလာတယ်”

သီလရှင်များရဲ့ ပရဟိတ သာသနာလုပ်ငန်း အစတည်ခဲ့ပုံကိုလည်း အခုလို ရှင်းပြပါတယ်။

“ဒီ ပရဟိတ သာသနာလုပ်ငန်းကို လုပ်ဖြစ်အောင် ဦးစီးဦးဆောင် ကြပ်မတ်ပေးတဲ့ ဆရာတော် ဦးတေစရိတ္တက ဆရာလေးတို့ကို ဒီလမ်းစဉ်ကို ဖွင့်ပေးခဲ့တာပါ။ သူ့မှာက အမျိုးသား ပရဟိတတွေပဲ ဖွင့်တယ်ပေါ့နော်။ အမျိုးသား ပရဟိတတွေ ဖွင့်တဲ့အခါကျတော့ အမျိုးသမီး ပရဟိတတွေ ဖွင့်ပေးရင်ကောင်းမှာပဲပေါ့ သူ့ဆီမှာက ကလေးတွေ လာလာအပ်ကြတော့ သူက ငြင်းလိုက်ရတဲ့အခါကျတော့ စိတ်မကောင်းဘူးပေါ့နော်။ ဆရာလေးရဲ့ တူတွေတူမတွေက ငယ်ငယ်လေးကတည်းက သူနဲ့ အတူတူနေတဲ့အခါကျတော့ ဆရာတော်ကို ကန်တော့ရင်းနဲ့ သူနဲ့ ရင်းနှီးခဲ့တာပေါ့နော်။ အဲဒီမှာ ဆရာလေးကို သူက စတင်ပြီး မေးခဲ့ပါတယ်။ နင်တို့ ပရဟိတ လုပ်ဖို့ ဆန္ဒရှိလား။ သာသနာပြုဖို့ဆန္ဒရှိလားလို့ မေးခဲ့တယ်ပေါ့နော်။ မေးတဲ့အခါကျတော့ ဆရာလေးတို့က အော် ရှိတာပေါ့လို့် သာသနာပြုဖို့ ကုသိုလ်ကံသာ ပါခဲ့ရင် ပြုချင်တဲ့စိတ် မရှိပဲနေပါ့မလား ရှိတာပေါ့လို့။ တပည့်တော်တို့ သင်ထားတဲ့စာတွေ တကယ့်ကို သာသနာ့စိတ်ဓာတ် အပြည့်အဝနဲ့ လုပ်ဖို့ ဆန္ဒရှိပါတယ်ဘုရားလို့။

ဆရာလေးက ကမ်းဇေယျာ ပရဟိတ စာသင်တိုက်ကို ဦးစီးပဓါန နာယကအနေနဲ့ ဆရာလေးက ပဓါန နာယကဆရာကြီးပေါ့နော်။ ဆရာလေးနဲ့ထပ်တူ ဒီဘက်က ညာဘက်က ဆရာလေးက ဒေါ်ဟေမာရီ ဒီဘက်က ညီမလေးကတော့ တတိယ အုပ်ချုပ်သူဖြစ်ပါတယ်။ ဆရာလေးတို့ ဒီမှာ ညီမသုံးယောက် စိတ်တူကိုယ်တူနဲ့ သာသနာပြုနေပါတယ်”

ကမ်းဇေယျာ သီလရှင် ပရဟိတကျောင်း ဘယ်လို ရုန်းကန်ရပ်တည်နေရသလဲဆိုတာကိုလည်း အခုလို ရှင်းပြပါတယ်။

“ဆရာလေးတို့က စမ်းချောင်းသမိန်တောရ သုခိတာရမှာ ဒေါ်ညာနစာရီ ကျောင်းကနေ စပြီးတော့မှ ခွဲထွက်လာတာ ဖြစ်ပါတယ်။ ဒီမှာက ဝါးတစ်ရာချောင်းနဲ့ နီးတဲ့အတွက်ကြောင့် ဒီရေအတက်က ညစဉ်လတိုင်း အတက်အကျရှိတယ်။ အရင်တုန်းက နွေတုန်းကဆိုရင်တော့ ရောက်ခါစ ဒီရေအတက်ကလည်း သိပ်မရှိဘူး။ ပြီးတော့ ကလေးတွေကလည်းမများတဲ့အခါကျတော့ သိပ်မသိသာဘူးပေါ့နော်။ အခု လူဦးရေလည်း များလည်း များလာတဲ့အခါကျတော့ ဒီ ဒုက္ခကို တော်တော်လေးလည်း ခံစားခဲ့ရပါတယ်။

ဒီအင်ဂျင်နီယာ ပရဟိတ လူငယ်လေးတွေက သူတို့ လာပြီးကြည့်တော့ တွေ့သွားတယ်။ သူတို့ကြည့်နေတဲ့အချိန်မှာ ဆရာလေးတို့ ဒီရေတက်ပြီးတော့ ထမင်းချက်ဖို့နေရာက အဆင်မပြေဘူး ရေတွေ အကုန်ပြည့်နေတယ်လေ။ ရေလွှမ်းနေတဲ့အခါကျတော့ သူတို့က အစတုန်းက ခုံတန်းလေးကနေပြီးတော့ ဆွမ်းချက်ဆောင်လေး ဖြစ်သွားတာပေါ့နော်။ ဒီမှာက နေရေးထိုင်ရေး၊ ဝတ်ရေးစားရေးက အမြဲတမ်း အခက်အခဲရှိတယ်လေ။ သူတို့က ညစာလည်း ကျွေးရတယ်။ သီလရှင်ဆိုရင် ညစာကင်းသွားတယ်လေ။ ဝန်တစ်ခုပဲ အာရုံစာနဲ့ နေ့လည်စာတောင်မှ ဒီလောက် လုံးပန်းနေရတယ်ဆိုရင် ညစာအတွက်က ပိုပြီး ခက်ခဲတယ်လေ။ ဒါက ပရိယတ္တိနဲ့လည်း မတူဘူးလေ ပရဟိတလေ ဒကာမကြီးရဲ့။ အကုန်လုံးက ကျောင်းသွားကုန်ကြပြီးလေ ဒီဆရာလေးသုံးပါးနဲ့ ပိစိညောက်တောက် ကလေးလေးတွေ မူကြိုကလေးလေးတွေ သူငယ်တန်းကလေးတွေ ဒါတွေပဲ ကျန်ခဲ့တယ်။ သူတို့ရဲ့ စားဖို့သောက်ဖို့ကို မစီစဉ်နိုင်ဘူး ဒကာမကြီး ပြီးတော့ သူတို့အတွက်က ဒီသီလရှင်ကို ကူးပေးလိုက်တာလဲ ကောင်းတယ်။ ဘာလို့လဲဆိုရင် လှူတဲ့သူတွေ ဒကာ ဒကာမတွေက ပိုပြီးတော့ အပြစ်မဖြစ်တော့ဘူး။ ဒီသီလကို စောင့်ထိန်းလိုက်တဲ့အတွက် လှူတဲ့သူမှာလည်း အကျိုးရှိတယ်။ သူတို့နေတဲ့သူမှာလည်း အပြစ်မဖြစ်ဘူး။

ဆရာလေးတို့ ဒီပရဟိတ လုပ်တဲ့အခါကျတော့ ပရိယတ္တိနဲ့ မတူဘူးပေါ့လေ။ အားလုံးက အပြင်ကျောင်းတွေပဲဆိုတော့ ဆရာလေးတို့ လူငှားဖို့ ချက်ဖို့ပြုတ်ဖို့ လျှော်ဖို့ ဖွတ်ဖို့ကအစ ဆရာလေးတို့ကို လူငှားခိုင်းပါတယ်။ လူငှားဖို့ကိုလည်း ပြောပါတယ်။ ဒါပေမယ့် ဆရာလေးတို့က မတက်နိုင်ဘူး ဒကာမကြီး၊ အဆင်မပြေဘူးပေါ့နော် ဒကာမကြီးမြင်တဲ့အတိုင်းပဲ ကိုယ်ထူကိုယ်ထ ကိုယ့်ဒူးကိုယ်ချွန် ကိုယ့်ဘာသာ ချက်စားရတာ။ ဒါက ဘယ်လိုပြောရမလဲ မိန်းကလေးတွေရဲ့ သဘာဝလို့ပဲ ပြောရမှာပေါ့။

လဆန်း ၆ ရက် ၇ ရက် လပြည့်ဆိုရင် ၁၃ ရက် ၁၄ ဥပုဒ်ဆို ဆရာလေးတို့က ဒီ ရပ်ကွက်တွေရပ်တယ်။ ဒီ အနီးနားတစ်ဝိုက်ပဲ အဝေးကြိးလည်း မသွားနိုင်ဘူးလေ အဝေးလည်း မသွားနိုင်တာက ဆရာလေးတို့က လမ်းပန်းဆက်သွယ် အခက်အခဲလည်း ရှိတာကြောင့် လိုင်းကားနဲ့သွား၇တာလေ။ လိုင်းကားဆိုတာက ဒီ ရွှေပြည်သာမြို့နယ် တဝိုက်လောက်ပဲ ဆွမ်းခံကြွဖြစ်တာပါ”

ဒီကျောင်းကလေးရဲ့ စားရေးသောက်ရေး ဆွမ်းကွမ်းကိစ္စကိုလည်း အခုလို ရှင်းပြပါတယ်။

“ဆွမ်းကျွေးမရှိရင် ဆရာလေးတို့က အာရုံဆွမ်းဆိုရင် ပဲပြုတ်တစ်ခွက် ပဲဟင်းကြိုပဲဖြစ်ဖြစ် ဆရာလေးတို့က ပလောင်ဆိုတော့ စွန်ထိုင်ဟင်းကြိုပဲဖြစ်ဖြစ် အဲဒါတစ်ခွက်နဲ့ ဆရာလေးတို့က စားရပါတယ်။ ငပိရည် တို့စရာနဲ့ပေါ့နော်။ နေ့စွမ်းအတွက်ကကျတော့ အချဉ်ဟင်းတစ်ခွက်ချက်တယ်။ ငပိရည်တို့စရာ သို့မဟုတ် အသုတ်တစ်ခုခု ဆရာလေးတို့က စီစဉ်ပေးပါတယ်။

အလုပ်တွေက ပင်ပန်းတယ်လေ။ ပြီးတော့ အကုန်လုံးက တည်ထောင်ခါစဆိုတော့ ရုန်းကန်ရတဲ့ ကာလဖြစ်နေတာပေါ့နော်။ ဆရာလေး ဒီရောက်တဲ့အခါမှာ ဆရာလေးအတွက် တစိုက်မတ်မတ် လုပ်ဖို့အခါကျတော့ အင်မတန်မှ ခက်ခဲပါတယ်။ လုပ်လည်းမလုပ်နိုင်ဘူး။ လုပ်ဖို့လည်း အချိန်က သိပ်မပေးနိုင်ဘူး။ ညဘက်ကလည်း စာလုပ်ရသေးတယ်။ ညဘက် သူတို့အိပ်ချိန်ဆိုရင် ည ကိုးနာရီဆိုရင် ဒီမှာက မီးမရှိဘူးလေ။ ကလေးတွေ တိတ်ဆိတ်သွားတဲ့အခါမှာ ကိုယ့်စာကိုယ်လုပ်တယ်။ ၁၂ နာရီအထိလောက် လုပ်တယ်။ တစ်ခါတစ်လေကျရင် ၁၁ နာရီခွဲ ၁၂ နာရီခွဲလောက်ထိလုပ်တယ်။ အဲအထိလုပ်ပြီး တစ်ခါတစ်လေကျရင် မနက် ၃ နာရီဆိုထတယ်။ ထပြီးတော့ ကိုယ့်ဘာသာကိုယ် ဘုရားရှစ်ခိုးတာပေါ့။ ပြီးရင် ၄ နာရီလောက်ဆိုရင် ကလေးတွေကို နှိုးလိုက်တယ်။ အဲလိုမျိုးလုပ်တယ်။ အားလုံးက ဒီဆရာလေးနှစ်ပါးထဲ ကျောင်းမပီးသေးတဲ့အခါကျတော့ ကိုယ့်စာကိုကျတော့ ညဘက်ပဲ အချိန်ယူပြီး လုပ်ရပါတယ်။

ဒီ အတန်းပညာမရှိပဲနဲ့ ပရိယတ္တိကို သူတို့က ချက်ချင်း ကူးပေးလိုက်မယ်ဆိုရင် စာအသွားအလာ အရမ်းနှေးတယ်။ သင်ရတာလည်း သူတို့ကို အရမ်းပင်ပန်းတယ်။ တကယ်လို့ သူတို့က အတန်းကျောင်စာ သိသွားပြီဆိုရင် ရှစ်တန်းဖြစ်ဖြစ် ကိုးတန်းဖြစ်ဖြစ် ရောက်သွားတယ် ဥပမာ နောက်ဆုံး ဆယ်တန်းအထိ သူတို့ရောက်သွားတယ်။ ဒီ ပရိယတ္တိကို သူတို့ကို ကူးပေးလိုက်လို့ရှိရင် စာအသွားမြန်တယ်။ အခု ပရိယတ္တိဘက်မှာ လူတွေက အင်အားနည်းတယ်။ ဒါတွေက ကိုယ်ကိုယ်တိုင် ခံစားခဲ့ရတဲ့ အတွေ့အကြုံပေါ့။ ပရဟိတတွေက မှိုလိုပေါက်နေတယ်။ အများကြီးပဲ။ ဒါပေမယ့် ဆရာလေးက အဲလိုမျိုး စိတ်ဓာတ်မျိုး မမွေးဘူး။ ဒါတွေကို အားလုံးက တစ်နေ့ကျလို့ရှိရင် ဘယ်လိုပြောမလဲ သာသနာ့ ဝန်ထမ်းကောင်းအစစ်တွေ ဖြစ်ရလိမ့်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ အခု ဆရာလေးက ပရဟိတလုပ်ငန်းကို ဆရာလေးလုပ်တယ်”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly