မြန်မာကစားသမားနှစ်ဦးကို ထိုင်းပရီးမီးယားလိဂ် သို့စေလွှတ်ပေးရန် ထိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ကမ်းလှမ်းထား

မြန်မာကစားသမားနှစ်ဦးကို ထိုင်းပရီးမီးယားလိဂ် သို့စေလွှတ်ပေးရန် ထိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ကမ်းလှမ်းထား
ထိုင်းပထမတန်းကလပ် ဖူးခက်အက်ဖ်စီအသင်းတွင် လက်ရွေးစင်ကစားသမား ပိုင်စိုးသွားရောက်ခဲ့စဉ်ကတွေ့ရစဉ်။(ဓာတ်ပုံ- ဖူးခက်ဖက်ဖ်စီ)

ဇူလိုင် ၉၊ ရန်ကုန်။       ။ မြန်မာ့လက်ရွေးစင်ဘောလုံးသမားနှစ်ဦးကို ထိုင်းပရီးမီးယားလိဂ်သို့စေလွှတ်ရန် ထိုင်းဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဝိုရာဝီမာကူဒီက မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ကို တရားဝင် ကမ်းလှမ်းခဲ့သည်။

ဝိုရာဝီမာကူဒီနှင့်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများ တိုယိုတာမဲခေါင်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ သတင်းစာရှင်းလင်းပွဲတွင် ဆုံတွေ့ခဲ့စဉ်က ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပြီး ကလပ်အသင်းများနှင့်ညှိုနှိုင်းကာ ဆက်သွယ်မှုပြုလုပ်မည်ဟု လည်း၎င်းကပြော သည်။

“ဝိုရာဝီက ကျွန်တော်တို့ကို မြန်မာကစားသမား နှစ်ယောက် ထိုင်းပရီးမီးယားလိဂ်မှာကစားဖို့လွှတ်ပေးနိုင်မလားလို့ပြောတယ်။ တကယ်လို့ လွှတ်ပေးမယ်ဆိုရင် အသင်းတွေနဲ့ညှိုနှိုင်းပြီး တရားဝင်ကမ်းလှမ်းမယ်လို့ပြောတယ် ကစားသမားတွေကိုတော့ နာမည်မပြောဘူး။

အသင်းတွေလိုချင်တဲ့ကစားသမားကိုကမ်းလှမ်းမှာပါ။ ခြေမစမ်းပါဘူး။ တခါတည်းစာချုပ်ခေါ်မှာပါ။ ထိုင်းပရီးမီးယားလိဂ်မှာ ပဲကစားရမှာပါ။”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွဲဖက်အတွင်းရေးမှူး  ဦးကိုကိုသိန်းကပြောသည်။

မြန်မာကစားသမားများထဲတွင် ၁၉၉၀ ဝန်းကျင်က မျိုးလှိုင်ဝင်း၊သန်းတိုးအောင်၊ကြည်လွင်၊ ဝင်းအောင်၊ သန်းဝေ၊ ဆန်းဝင်း၊ စိုးနိုင်စသည့်ကစားသမားများ ထိုင်းနိုင်ငံတွင်ကြေးစားသွားရောက်ကစားခဲ့ဖူးပြီး နောက်ပိုင်းတွင် လာကျဲအိုလွယ်၊ စည်သူသန်း၊ ပိုင်စိုး စသည့်ကစားသမားများ ထိုင်းပထမတန်းတွင် ကစားခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly