အစိုးရသစ်ရဲ့ အာဇာနည်နေ့

အစိုးရသစ်ရဲ့ အာဇာနည်နေ့

ရန်ကုန်၊ ဇူလိုင်၊ ၁၉ရက် ။              ။ ဇူလိုင်၁၉ရက် နေ့လယ်၁၂နာရီ၃၀၊ မိုးကဖွဲဖွဲ၊ အုတ်လမ်းမှတ်တိုင်အနား၊ ရွှေဂုံတိုင်လမ်းပေါ်မှာလူတွေ ပျားပန်းခတ်အောင်များနေတယ်၊ သည်များနေတဲ့လူတွေထဲမှာ ကျောင်းဝတ်စုံအဖြူစိမ်းနဲ့ ကလေးတွေပါသလို၊ ရှပ်အင်္ကျီအဖြူနဲ့ ယောလုံချည်အနက်(သို့မဟုတ်) ပိုးကွက်ပုဆိုးတွေကို သပ်သပ်ရပ်ရပ်ဝတ်ထားတဲ့ လူရွယ်တွေလည်းပါတယ်။ မြန်မာဝတ်ဆုံဒီဇိုင်းအမျိုးမျိုးကို အဖြူနဲ့ အနက်ရောင်တွေကိုသာ ဆင်မြန်းထားကြတဲ့ အမျိုးသမီး ကြီးကြီးငယ်ငယ်တွေကိုလည်း တွေ့ရပါမယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးက အာဇာနည်နေ့နဲ့ဆိုင်ရာ သီချင်းတွေကိုဖွင့်ထားတာကိုလည်းကြားရမယ်။ အုတ်လမ်းမှတ်တိုင်မှာတော့ ၃၈မီနီဘတ်စ်တစ်စီးရပ်ထားတယ်။ လူတွေက လမ်းပေါ်မှာပဲ အလိုရှိရာသွားလာနေကြတာမို့ ကားပေါ်မှာထိုင်စရာအလွတ်တွေရှိနေတယ်။  

ဒီအချိန်မှာ အပြန်ပို့ဆောင်ပေးမယ့် ဘတ်စ်ကားတွေအနေနဲ့ လူဦးရေနည်းနေတဲ့အတွက် မှတ်တိုင်တိုင်းမှာ ကြာရှည်စွာရပ်နားရင်း ခရီးသည်စောင့်ခေါ်နေပါတယ်။ နေ့ခင်းဆိုတော့   ပြန်ချိန်မကျသေးတာကြောင့်လည်း ဖြစ်ပါတယ်။

ဒီအချိန်မှာပဲ မိသားစု၅ယောက်ကားပေါ်တက်လာတယ်။ မိုးရေတွေရွဲလျက် သားနှစ်ယောက်၊ သမီးတစ်ယောက်နဲ့ အဖေ၊ အမေ။ အာဇာနည်ကုန်းမှာ ကျဆုံးပြီးတဲ့ခေါင်းဆောင်တွေကို အလေးပြုဖို့ သွားကြတဲ့မိသားစုပါ။
အဲ့ဒီ့အချိန်မှာပဲ ကားသမားတွေနဲ့ အသိဖြစ်ပုံရတဲ့ အဖေဖြစ်သူက “လူတွေတိုးလိုက်တာများ မူးတောင်လဲတယ်” ကလေးတွေကိုကြည့်တော့လဲ အာဇာနည်ခေါင်းဆောင်တွေအကြောင်းကို စိတ်ဝင်တစားမေးမြန်းမှုမလုပ်နိုင်ဘဲ နွမ်းနယ်နေတယ်။ အဖေဖြစ်သူနဲ့ သားနှစ်ယောက်က ဖိနပ်တွေမပါကြဘူး။ မိုးတွေစိုနေတဲ့ ကလေးတွေရဲ့ ခေါင်းတွေကို ပါလာတဲ့ (ရေနည်းနည်းကွက်စိုနေတဲ့)ပုဆိုးနဲ့ အမေက သုတ်နေတယ်။ အတော်နွမ်းနေပုံရတဲ့ သားကို မူးပြီးအန်မှာစိုးလို့ ပြတင်းပေါက်ဖက်မှာ ထိုင်စေပြီးမှန်တံခါးကို ကျယ်ကျယ်ဖွင့်ထားလိုက်တယ်။

“ဘုရားကိုလည်း ပိတ်ထားလိုက်တာ ပိုဆိုးသွားတယ်၊ အာဇာနည်ကုန်းမှာပဲ လူတွေကတိုးပြီးတော့ အရမ်းများနေတာပေါ့၊” လို့ အမေဖြစ်သူက ဘေးမှာရပ်နေတဲ့ အာဇာနည်နေ့ အထိမ်းအမှတ်အကျီကို ပန်းရောင်ဝမ်းဆက်မြန်မာဝတ်စုံပေါ်မှာ ထပ်ဝတ်ထားပြီး နဖူးမှာလည်း အထိမ်းမှတ်ခေါင်းစီးစီးထားတဲ့ ခရီးသွားအမျိုးသမီးကြီးကို စကားစလိုက်တယ်။

ခရီးသွားအမျိုးသမီးကြီးကလည်း ကလေးတွေရဲ့အမေစကားကို ခေါင်းညိတ်ထောက်ခံရင်း “ဟုတ်တယ်၊ လုံခြုံရေးတွေကိုမေးကြည့်တော့ လပြည့်နေနဲ့လည်းဆုံသွားတော့ လူအရမ်းများလို့ ပိတ်ထားလိုက်တာ…..တဲ့”
ဒီနေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အပါအဝင် ကိုးယောက်သော နိုင်ငံခေါင်းဆောင်များ ကျဆုံးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့ဖြစ်ပါတယ်။

မနက်အစောပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေက အာဇာနည်ကုန်းမှာ လာရောက်ဂါဝရပြုခဲ့ကြပါတယ်။ ဒီနှစ်မှာ နိုင်ငံတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း တက်ရောက်ဂါဝရပြုခဲ့ပါတယ်။

၂၀၁၆ခုနှစ်၊ (၆၉)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရာမှာတော့  အာဇာနည်ဗိမာန်ကို အရင်နှစ်တွေကနဲ့မတူဘဲ အာဇာနည်ဗိမာန်အပေါ်ထောင့်က ကြယ်ဖြူကြီးနေရာမှာ မူလကြယ်ပုံ သဏ္ဌာန်ကိုအပေါက်ဖောက် ထားပြီး ကြွေလွင့်သွားတဲ့ကြယ်ကတော့ ပန်းခြံအတွင်း ကျရောက်နေတာကို ပုံဖော်ထားတာပါတယ်။ သိသာတဲ့ ပြင်ဆင်မှုတွေထဲက တစ်ခုအဖြစ် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦး ဂူဗိမာန်တွေအပေါ်မှာလည်း အာဇာနည်ခေါင်းဆောင်တွေရဲ့ ကိုယ်ရေးရာဇဝင်တွေကို ကြေးပြားပေါ်မှာ ကမ္ပည်းရေးထိုး ထားတာတွေကိုလည်းတွေ့ရပါတယ်။

အာဇာနည်နေ့ အခမ်းအနားကျင်းပရာ အာဇာနည်ဗိမာန် ပန်းခြံအဝင်လမ်းနှင့် အများပြည်သူ အဝင်လမ်းတွေမှာလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဆိုအမိန့်နှင့်မိန့်ခွန်းတွေနဲ့ အာဇာနည်ခေါင်းဆောင်တွေရဲ့ပုံတွေကိုလည်း ပြသထားပေးထားတာကို တွေ့ရပါတယ်။

လွန်ခဲ့တဲ့၂နှစ်က စပြီးတော့ အာဇာနည်နေ့မှာ အာဇာနည်ခေါင်းဆောင်တွေကို အမှတ်ရအောက်မေ့ ဂုဏ်ပြုတာကို ပြည်သူတွေကြားမှာ ပြန်လည်ပြန့်နှံ့လာခဲ့တယ်။ အခု၂၀၁၆ခုနှစ်မှာတော့ လူထုရွေးကောက်တဲ့ အစိုးရရဲ့ စီမံမှုနဲ့ အာဇာနည်နေ့ကို လူထုတွေ တွေ့ကြုံခံစားရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တဲ့ အထိမ်းအမှတ်နေရာတွေကို လူထုလေ့လာဖို့ စီစဉ်ပေးထားတာတွေ့ရပါတယ်။ အာဇာနည်ကုန်း၊ ဗိုလ်ချုပ်ပြတိုက်၊ ဗိုလ်ချုပ်ကြေးရုပ်၊ ရွှေတိဂုံဘုရားနဲ့ အတွင်းဝန်များရုံး(ဝန်ကြီးများရုံး) တွေကို လာရောက်မှုအများဆုံးဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

ဒီနှစ် အာဇာနည်နေ့အတွက် လုံခြုံရေးအစီစဉ်တွေကို ၁၅ရက်နေ့ကတည်းကစပြီး လုပ်ဆောင်နေပြီးတော့ လုံခြုံရေးအင်အားကို ငါးထောင်ကျော်ချထားဆောင်ရွက်ထားတယ်လို့ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်သိန်းဦးက ပြောတယ်လို့ ဇူလိုင်လ၁၉ရက်ထုတ်7Day သတင်းစာမှာ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ်ကျောင်းသားဘဝက နေခဲ့တဲ့ အခန်းကို လေ့လာခွင့်မပေးထားဘူးလို့ သိရပါတယ်။ အတွင်းဝန်များရုံးကို လာရောက်လေ့လာတဲ့ အလုံမြို့နယ်မှ မမီးမီးက “ဒီနှစ်မှာ ပိုပြီးပွင့်လင်းမြင်သာစွာ လေ့လာခွင့်ရတယ်လို့ထင်တယ်၊ နောက်ပြီး ခံစားချက်ချင်းကလည်းမတူဘူးလေ၊ အရင်နှစ်ကလည်းလာတယ် ဆိုပေမယ့် အထဲမဝင်ဘူး၊ အစိုးရမပေါ်မျှော်လင့်ချက်မရှိတော့ သိပ်စိတ်မပါဘူး၊ လွမ်းလို့လာကြည့်တာ လောက်ပဲ၊ ဒီနှစ်မှာတော့ အစိုးရအပေါ်မျှော်လင့်ချက်တွေနဲ့လာခဲ့တယ်။ လာခဲ့တဲ့အတိုင်းပဲကျေနပ်ပါတယ်။”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly