Miss Myanmar World 2015 နောက်ဆုံး ဖိုင်နယ်ပွဲကို ဇူလိုင် ၁၁ ရက်တွင် ကျင်းပမည်

Miss Myanmar World 2015 နောက်ဆုံး ဖိုင်နယ်ပွဲကို ဇူလိုင် ၁၁ ရက်တွင် ကျင်းပမည်

ရန်ကုန် ၊ ဇူလိုင် ၉ ။     ။ Miss Myanmar World 2015 Grand Final ပွဲကို ဇူလိုင်လ ၁၁ရက်တွင် ရန်ကုန်မြို့ ရှင်စောပု လမ်းရှိ MEP (Myanmar Event Park) ၌ ကျင်းပ ပြုလုပ်မည် ဖြစ်ပြီး Miss Myanmar World 2015 ရရှိသူကို Miss Myanmar World 2014  ဆုရှင် ဝိုင်းလေးက သရဖူ ချီးမြှင့်မည် ဖြစ်သည်။

ထိုပြိုင်ပွဲတွင် ဧည့်သည် အဆိုတော်များ အနေဖြင့် Miss Myanmar World 2014 ဝိုင်းလေး ၊ Miss Thailand World 2014 Maeya နှင့် (အိပ်မက်ဆုံရာ- ရာသက်ပန်) Winner အောင်ထက် တို့က သီဆို ဖျော်ဖြေ ပေးကြမည် ဖြစ်သည်။  

Miss Thailand World 2014 Maeya သည် အထူးဧည့်သည်တော် အနေဖြင့် ပြိုင်ပွဲ မကျင်းပမီ မြန်မာနိုင်ငံသို့ လာရောက် မည် ဖြစ်ပြီး အဆိုတော် တစ်ဦးလည်း ဖြစ်သည့် အတွက် Miss Myanmar World 2015 Grand Final ပွဲတွင် တေးသီချင်းဖြင့် ဖျော်ဖြေမည် ဖြစ်သည်။

Miss Myanmar World Organization မှ ကိုစိုးသူရက  " ဒီအစီအစဉ်မှာ ပြိုင်ပွဲဝင် အလှမယ်တွေရဲ့ ယှဉ်ပြိုင်မှု အပြင် ဖျော်ဖြေရေး အစီအစဉ်တွေလည်း ပါမယ်။ Miss Thailand World 2014 Maeya ကတော့ ဒီပွဲမှာ ပါဝင် ကူညီ ပေးတဲ့ သဘောပါပဲ ။ သူကတော့ ဇူလိုင် ၁၁ရက်နေ့ မနက်လောက် မြန်မာပြည်ကို ရောက်ပါမယ်" ဟု ပြောသည်။

Miss Myanmar World 2015 သရဖူကို မြန်မာနိုင်ငံ၏ အထင်ကရ ပြယုဒ် တစ်ခု အနေဖြင့်  မြန်မာ့ ပိတောက်ပန်းအား  သရဖူ ပုံစံ ဖန်တီး ထားခြင်းဖြစ်သည်။ crown ၏ အဓိပ္ပါယ်မှာ ရဲရင့်မှု ၊ ငယ်ရွယ်နုပျိုမှု ၊ ချစ်ခင်နှစ်လိုဖွယ် ကောင်းမှု ၊ ခိုင်မြဲမှုများ အတွက် ရွှေအိုရောင် နှင့်အတူ ကိုယ်စားပြု ထားခြင်း ဖြစ်သည်။

Miss Myanmar World 2015 ပြိုင်ပွဲ အတွက် ဆန်ခါတင် အလှမယ် အယောက် ၂၀ ရွေးချယ်ထားသော်လည်း အလှမယ်နှစ် ဦးနှုတ်ထွက် သွားသည့် အတွက် နောက်ဆုံး ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အလှမယ် ၁၈ဦးမှ   ဖြင့် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

Miss Myanmar World Organization အနေဖြင့် Winnerဆု ရရှိသူကို သိန်း ၂၀၀ တန်ဖိုးရှိ သရဖူ အပြင် ငွေကျပ် သိန်း ၁၀၀ နှင့် တခြား ဆုများ ချီးမြှင့်မည် ဖြစ်ပြီး  ၊ 1st runner up ကို ကျပ် သိန်း ၃၀ ၊ 2nd runner up ရရှိသူကို ငွေကျပ် သိန်း ၂၀ ဖြင့် အသီးသီး  ချီးမြှင့်မည် ဖြစ်သည်။

Miss Myanmar World 2015 ပြိုင်ပွဲ အတွက် ဆန်ခါတင် အယောက် ၂၀ အနက်မှ မိမိ ကြိုက်နှစ် သက်သည့် ပြိုင်ပွဲဝင်ကို sms voting နှင့် online voting စနစ်များဖြင့် မေလ ၅ရက်မှ စ၍ www.facebook.com/ missmyanmarworldofficial တွင် ဝင်ရောက်ပြီး မဲပေးနိုင်ပြီး ဇူလိုင် ၁၀ရက် ည ၁၂နာရီ အထိ နောက်ဆုံးထား မဲပေးနိုင်မည် ဖြစ်သည်။

ထိုပြိုင်ပွဲ အတွက် လက်မှတ် ဈေးနှုန်းများကို ကျပ် တစ်သောင်း ၊ နှစ်သောင်းဖြင့် သတ်မှတ် ထားပြီး myasia ticket အရောင်းဆိုင်များတွင် ဝယ်ယူ ရရှိနိုင်ပြီ ဖြစ်သည်။ Miss Myanmar World 2015 Grand Final ပွဲကို Channel 7 ရုပ်သံ လိုင်းမှ တိုက်ရိုက် ထုတ်လွှင့် ပြသမည် ဖြစ်သည်။

ကမ္ဘာ့ အလှမယ်ပြိုင်ပွဲ များတွင် အကြီးကျယ်ဆုံးပြိုင်ပွဲ တစ်ခုဖြစ်သည့် မယ်ကမ္ဘာ ပြိုင်ပွဲ သို့ သွားရောက် ယှဉ်ပြိုင် ရန် နိုင်ငံ ကိုယ်စားပြု အလှမယ် ရွေးချယ်ပွဲ Miss Myanmar  World  ကို Forever BEC-Tero က ၂၀၁၄ ခုနှစ် တွင် စတင် ကျင်းပ စေလွှတ် ခဲ့ပြီး ယခု တစ်ကြိမ်သည် ဒုတိယ အကြိမ် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly