မေးခွန်းပေါင်းများစွာနှင့် မြန်မာ့ရုပ်ရှင်

မေးခွန်းပေါင်းများစွာနှင့် မြန်မာ့ရုပ်ရှင်

တစ်ခါက မြန်မာ့ရုပ်ရှင်ရုံလုပ်ငန်းက ရုပ်ရှင်ရုံတွေမရှိလို့ ဈေးကွက် ကျဆင်းလာလားဆိုတဲ့ အကြောင်းပြချက် မေးခွန်းတွေ ရှိနေပါတယ်။ လောလောဆယ်တော့ မြန်မာတစ်နိုင်ငံလုံးမှာ ရုပ်ရှင်ရုံပေါင်း ၄၀ ကျော်လောက်ပဲ ရှိနေပြီး အဲမှာ ခုံပေါင်း ၈၀၀၀ လောက်ပဲ ရှိတာပါ။ အဲတော့ ရုပ်ရှင်ရုံတွေသာ မြန်မာနိုင်ငံမှာ ပိုပြီးတော့ များပြားလာမယ်ဆိုရင် မြန်မာ့ရုပ်ရှင်လုပ်ငန်း ပြန် အခြေအနေကောင်းလာပြီး ယှဉ်ပြိုင်နိုင်မယ့် ဈေးကွက်တစ်ခု ဖြစ်လာမယ်လို့ တလောကမှ ရုပ်ရှင်ရုံပေါင်း ၁၀၀ ကျော် တည်ဆောက်သွားမယ်လို့ ပြောထားတဲ့ Maze ကုမ္ပဏီ လီမိတက်ရဲ့ ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ဦးလွင်မိုးက 7 minutes အစီအစဉ်မှာ ပြောဆိုထားပါတယ်။

ဦးလွင်မိုးအနေနဲ့ ဒီလိုမျိုး ရုပ်ရှင်ရုံပေါင်း ၁၀၀ ကျော်ကို အချိန် ၂ နှစ်အတွင်းမှာ တည်ဆောက်သွားမယ်ဆိုတာ မြန်မာ့ရုပ်ရှင်လောကကို စိန်ခေါ်လိုက်တာလားရှင့်။

စိန်ခေါ်တာတော့ မဟုတ်ပါဘူး။ အကောင်အထည်ဖော်လိုက်တာပါ။ မြန်မာ့ရုပ်ရှင်က ရုပ်ရှင်ရုံမရှိလို့ ဈေးကွက် ကျဆင်းသွားတယ်ဆိုတာက ဘာနဲ့တူသလဲဆိုတော့ ကုန်ထုတ်ပစ္စည်းရှိရက်နဲ့ စတိုးဆိုင်မရှိတဲ့ ကဏ္ဍတွေလိုပါပဲ။ ဒီလိုပဲ အနုပညာလုပ်ငန်းကလည်း ကျွန်တော်တို့ ရုပ်ရှင်ရုံတွေမရှိ။ ၁၉၇၀ ခုနှစ်က မြန်မာနိုင်ငံမှာ ရုပ်ရှင်ရုံ ၄၀၀ ရှိပါတယ်။ အဲဒီတုန်းက မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၂၀ ပဲရှိပါတယ်။ အဲဒါကို ကျွန်တော်တို့က တွက်ကြည့်လို့ရှိရင် လူငါးသောင်းကို ရုပ်ရှင်ရုံတစ်ရုံနှုန်းနဲ့ ကျွန်တော်တို့က တွက်ကြည့်လို့ရတယ်။ အခုချိန်မှာ ကျွန်တော်တို့က လူ သန်း ၅၀ ကျော်ရှိတယ်။ ရုပ်ရှင်ရုံပေါင်း ၄၀ အဲတော့ ခုနက Supply နဲ့ demand ကို ပြန်ပြီးစဉ်းစားကြည်မယ်ဆိုရင် လူ သန်း၅၀ အတွက် ရုပ်ရှင်ရုံ ၄၀ က ဘယ်လိုလုပ်ပြီး ရုပ်ရှင်သမားတွေအတွက် လုံလောက်မှာလဲ။ အဖြေက ရှင်းရှင်းလေးပဲ။ လိုအပ်ချက်သည် ရိုးရိုးုရှင်းရှင်းလေး ဖြစ်နေတယ်။ နောက်တစ်ခုက ကျွန်တေ်ာတို့က နည်းပညာပိုင်း ပြောင်းလဲဖို့လိုတယ်။

ဟုတ်ကဲ့ပါ။ ဒါကတော့ ဦးလွင်မိုးရဲ့ ဆန္ဒကို တီးခေါက်ကြည့်တာပါ။ အဲတော့ ဒီ ၂ နှစ်အတွင်းမှာ ရုပ်ရှင်ရုံ ၁၀၀ တည်ဆောက်မယ်ဆိုတော့ တကယ်လုပ်တဲ့အချိန်မှာ ဝန်ထုပ်ဝန်ပိုး ဖြစ်စေမလား။ ပြီးတော့ ဘာတွေများ အခက်အခဲရှိနိုင်မယ်လို့ ထင်မလဲရှင့်။

ကျွန်တော်တို့က ရုပ်ရှင်ရုံ ၁၀၀ ကို ကျွန်တော်ရယ် ကျွန်တော့ CEO ကိုတင်မောင်ဝင်းရယ် လုပ်ခဲ့ကြတာ တော်တော်ကြပြီဗျ။ လုပ်ခဲ့ကြတယ်ဆိုတာက နောက်ဆုံး အဖြေကတော့ ရနေပြီပေါ့နော်။ ဒါကို ထူထောင်ဖို့အတွက်က ကျွန်တော်တို့အတွက် ငွေရေးကြေးရေးက တော်တော်လေး အခက်အခဲဖြစ်ပါတယ်။ ဒါဟာ ရုပ်ရှင်ရုံ ၁၀၀ လုံးအတွက် ခြုံကြည့်မယ်ဆိုရင် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်ရှိတယ်။ ဒီ သန်း ၂၀ ကို ကျွန်တော်တို့ကို ဘယ်သူက ရပ်တည်ပေးမလဲ။ အဲဒီအပိုင်းတွေရှိတယ်။ အဲဒါတွေကို ကျွန်တော်တို့က နားလည်အောင် အဆင့်ဆင့် ကြိုးစားရတဲ့အပိုင်းတွေရှိတယ်။ ဥပမာ အပိုင်းက တွက်မယ်ဆိုရင် ကျွန်တော်တို့က အပိုင်း လေးငါးပိုင်း ရှိတယ်။ နံပါတ်တစ်က ရုပ်ရှင်ရုံလိုအပ်ချက် ကျွန်တော်တို့လုပ်ပြီ။ နှစ်အချက်က ငွေရေးကြေးရေးအပိုင်းတွေ ဖြစ်လာမယ်။ နောက်တစ်ချက်က ဇာတ်ကား ကောင်းလားမကောင်းလားတွေ လာမယ်။ နောက်ပြီးတော့ ရုံတွေ ဘယ်နေရာမှာဆောက်မှာလဲ။ ဘယ်လိုပုံစံဆောက်မှာလဲ။ အပိုင်းတွေက အများကြီးဖြစ်လာတော့ ကျွန်တော်တို့က ဒါလေးကို တစ်ပိုင်းတစ်ပိုင်းချင်း ကြိုးစားကြမယ်။ ကြိုးစားကြတဲ့အခါကျတော့ နောက်ဆုံး ခုနက ကျွန်တော်ပြောချင်တာက ဒီ ရုံ ၂၀ ရဲ့ Final ကို ကျွန်တော်တို့က ဘယ်ကနေရမလဲ။ နောက်ဆုံး ကျွန်တေ်ာတို့ ဒီ ဒေါ်လာ သန်း ၂၀ နဲ့ရတဲ့ ရုပ်ရှင်ရုံ 100 စီမံကိန်းရဲ့ ငွေရေးကြေးရေးကို ကမ္ဘောဇဘဏ်ကနေ လုပ်ပေးပါတယ်။ သူကလည်း ဘဏ်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီ ကျွန်တော်တို့ တည်ဆောက်သွားတဲ့ ရုပ်ရှင်ရုံတွေအပေါ်မှာ မူတည်ပြီးတော့ သူက ဒါကို ကျွန်တော်တို့က Backup လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

အဲတော့ ဒီ ငွေကြေးအပိုင်းနဲ့ ပတ်သက်လို့ရှိရင် ကမ္ဘောဇဘဏ်အုပ်စုက ဒီ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာတယ်ပေါ့နော်။ အဲတော့ ရေရှည်မှာ စီးပွားရေးအခင်းအကျင်း စီးပွားရေး အစီအမံပေါ့နော် ဒါနဲ့ပတ်သက်ပြီးတော့ကော ဘယ်လို စဉ်းစားထားတာ ရှိလဲရှင့်။

ကျွန်တော်တို့ကတော့ ကမ္ဘောဇဘဏ်ကနေ ကျွန်တော်တို့ကို Loan (ချေးငွေ) ပေးဖို့ဆိုတာ ကျွန်တော်တို့ရဲ့ Business Plan မှာ Return of Money ကို ဖော်ပြပေးမှပဲ ကျွန်တော်တို့ရဲ့ လုပ်ပုံကိုင်ပုံတွေကို ပိုက်ဆံ ဘယ်လိုပြန်ရမလဲဆိုတာ ဖော်ပြပေးမှ အဆင်ပြေမယ့်သဘောမှာရှိတယ်။ အဲတော့ ကျွန်တော်တို့က အနည်းဆုံး အော်ဂွန်ပက်စီ၊ အော်ဂွန်ပက်စီက ကျွန်တော်တို့ 20% နဲ့ တွက်တာရှိတယ်။ 30% နဲ့ တွက်တာရှိတယ်။ 30% ဆိုရင်တော့ ကျွန်တော်တို့က ရုံရှင်ရုံ တစ်ကြိမ်ပြတိုင်း တစ်ကြိမ်ပြတိုင်း ငွေနဲ့လူ ၃၀ ရာခိုင်နှုန်းလို့ သတ်မှတ်ပြီးတော့မှ ကျွန်တော်တို့ သတ်မှတ်တာရှိပါတယ်။ အဲတော့ တစ်ပွဲလျော့ပြီးတော့ ၂၀ ရာခိုင်နှုန်းပဲ တွက်တာရှိပါတာယ်။ အဲဒါတွေနဲ့ တွက်ချက်ပြီးတော့ ကျွန်တော်တို့က ကမ္ဘောဇဘဏ်ကို ပြန်တင်ပြရတာပါ။ အဲဒါနဲ့မှ ကျွန်တော်တို့က လေးနှစ်မှ ငါးနှစ်မှ အရင်းကြေမှာလားဆိုတာကို တွက်ချက်မှုလုပ်ရပါတယ်။

ပထမဦးဆုံး ရုံရှင်ရုံ မရှိတဲ့နေရာတွေကို ပထမဦးစားပေး။ နောက်ပြီးတော့မှ ဒုတိယဦးစားပေးက အတော်အသင့်ပေါ့နော်။ အဲလိုမျိုး လုပ်တဲ့အခါမှာ ချင်းပြည်နယ်လိုမျိုး ဝေးလံခေါင်သီတဲ့နေရာတွေမှာ ဆိုရင်ကော အဲလိုမျိုး နေရာမျိုးအတွက် ထည့်စဉ်းစားထားတာ ရှိလား။ ဘယ်လိုစဉ်းစားထားတာ ရှိလဲ။

ကချင်ပြည်နယ် ပါပါတယ်။ ချင်းပြည်နယ် ပါပါတယ်။ ကယားပြည်နယ် ပါပါယတ်။ ကျွန်တော်တို့က Calculation ကို POPULATION နဲ့ တွက်ပါတယ်။ ကျွန်တော်တို့က ပထမဦးဦး fACE 1 ကို ကျွန်တော်တို့ တည်ဆောက်မဲ့ ရုံရှင်ရုံမြို့ကို လူ တစ်သိန်းခွဲနဲ့ အထက်ကို Calculation လုပ်တယ်။ လူ တစ်သိန်းငါးသောင်းအထက်ရှိတဲ့ မြို့ ပြီးတော့ Face 1 မှာ ရုံရှင်ရုံမရှိသော မြို့ဖြစ်ရမယ်။ အဲဒါကို ကျွန်တော်တို့ ပထမဦးဆုံးအနေနဲ့ ရုံ ၅၀ ကို အဲဒီနေရာတွေမှာ ကျွန်တော် စပြီးဆောက်မှာပါ။

ဟုတ်ကဲ့။ အဲတော့ ဒီ ချင်းပြည်နယ်လိုနေရာမျိုးတွေမှာဆိုရင် တိုင်းရင်းသား ဘာသာစကားပဲ တချို့တွေက နားလည်ကြတယ်။ မြန်မာဘာသားစကားတောင် နာလည်ဖို့ ခက်ခဲတယ်ဆိုတော့ အဲလိုနေရာမျိုးတွေအတွက်ကော မြန်မာဇာတ်ကားပဲ ပြမှာလား နိုင်ငံခြားကားတွေကော ပြဖို့ စဉ်းစားထားလားရှင့်။ အဲဒီအပေါ်မှာကော။

ဒီလိုလေးတွေ ပြန်ပြီး စဉ်းစားလို့ရတယ်ခင်ဗျ။ ကျွန်တော်တို့က တစ်ချို့ ပရိသတ်တွေ မသိသေးတဲ့အပိုင်းတွေ တော်တော်များများ ရှိသေးတယ်။ အဲဒါတွေ ကျွန်တော် ကျယ်ကျယ်ဝင်ဝင့် ပြောချင်တယ်ဆိုရင် ကချင်ပြည်နယ်မှာ ကချင်ဘာသာစကားနဲ့ ရိုက်ကူးတဲ့ ဇာတ်ကားတွေရှိတယ်။ ဒါပေမယ့် သူတို့တွေက အိမ်ကြည့်တဲ့ DVD အဆင့်လောက်နဲ့ပဲ သွားတော့ တကယ်လို့သာ ကျွန်တော်တို့ ရုံရှင်ရုံတွေရှိလာလို့ သူတို့က သာတို့ဘာသာ ဘာသာစကားနဲ့ ရိုက်လာတာကို သူတို့ဘာသာ ပြချင်လာလို့ရှိရင် ကျွန်တော် ဘာပြောချင်လဲဆိုတော့ သူတို့ရဲ့ တိုင်းရင်းသား ဇာတ်ကားတွေလေး တစ်ခန်း ကဏ္ဍတစ်ခုကနေ အောင်မြင်လာပါလိမ့်မယ်။ ရခိုင်မှာလည်း ဒီလိုပဲ။ ရခိုင်လူမျိုးတွေကလည်း သူတို့ဘာသာစကားနဲ့ သူတို့ရိုက်ထားတာရှိတယ်။ ဒါတွေကိုလည်း ကျွန်တော်တို့က ရုံတွေကို တည်ဆောက်ပေးခြင်းအားဖြင့် ကျွန်တော်တို့ တိုင်းရင်းသားတွေက သူတို့ဘာသာစကားနဲ့ သူတို့ရိုက်တဲ့ ရုပ်ရှင်တွေကလည်း ကျယ်ပြန့်လာနိုင်စရာ ရှိပါတယ်။ ရှမ်းမှာလည်း ရှိပါတယ်။

ဟုတ်ကဲ့ပါရှင့်။ ဒီနှစ်နှစ် သုံးနှစ်အတွင်းမှာ ရုံရှင်ရုံတွေလည်း ပြီးသွားပီး စီမံကိန်းတွေလည်း တကယ် အကောင်အထည် ဖော်လာပြီဆိုလို့ရှိရင်လည်း မှန်းချက်နဲ့ နှမ်းထွက် ကိုက်နိုင်မလား၊ ပြီးတော့ ကျွန်မတို့ သိထားသလောက်က ရုပ်ရှင်ထုတ်လုပ်မှုက ဇာတ်ကားအရေအတွက်က အဲလောက်ထိကော လုံလောက်မှုရှိရဲ့လား။ နည်းနေတယ်လို့ ကြားရတယ်ရှင့်။ အဲတော့ ဈေးကွက်အရေးအတွက်ကရော ဘယ်လိုအပြောင်းအလဲ ဖြစ်လာမလဲ ရုပ်ရှင်ဈေးကွက်ပေါ့။

ရုပ်ရှင်က နည်းတာက မနည်းဘူးဗျ။ အခု ၈၀ ရှိတယ်။ ရိုက်ထားတာ ဇာတ်ကား ၈၀ က ကျွန်တော်တို့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ကိုတင့်တို့ရပ်ကွက်မှာဆိုတဲ့ ဇာတ်ကား ရိုက်ပေးထားတာရှိတယ်။ အဲဒါ အခုမှ သူတို့ ရုံတင်မှာ။ ကျွန်တော်မနက်က ပရိုကျူဇာနဲ့တွေ့လို့ မေးကြည့်တော့ တင်ပြီးသွားပီလားဆိုတော့ မတင်ရသေးဘူးတဲ့။ အခုမှတင်မှာတဲ။ ဟာ ကျွန်တော်တို့ ရိုက်ပြီးတာ တစ်နှစ်ခွဲလောက်ရှိနေပြီလေ။ ဟုတ်တယ်တဲ့ ကျွန်တော်တို့ အခုမှ တင်ရမှာတဲ့။ အဲ့တော့ ဒီနေ့ DVD တိုင်းရိုက်မယ့် ဒီပုံစံအတိုင်းသွားမယ်ဆိုရင် ကျွန်တော်တို့က ၂၀၁၈ မှ ကျွန်တော်တို့က ရုံတင်ရမှာဖြစ်ပါတယ်။ အဲ့တော့ ကျွန်တော်ပြောချင်တာတစ်ခုက ရိုက်နိုင်တဲ့အားရှိမှ တင်ဖို့ရုံရှိမှာ တစ်အချက်။ နံပါတ်နှစ်အချက်က အဓိကက ကျွန်တော်တို့က မြန်မာဇာတ်ကားကို ကြည့်မယ့်သူက နယ်ပရိသတ်က များတာပေါ့။ မြို့ပေါ် ပရိသတ်ကတော့ သူတို့မှာ ကြည့်စရာဇာတ်ကား များတာပေါ့။

အဲဒါဆိုရင် ဒီ ပြသတဲ့စနစ်ကိုရော ဘယ်လိုလုပ်မလဲ။

ပြသတဲ့စနစ်က 1, 2, 3 ရှိတယ်ပေါ့။ ကောင်းတယ်၊ မကောင်းဘူး၊ ညံ့တယ်ပေါ့။ ဒါကိုတော့ လက်ခံရမယ်။ ကျွန်တော်တို့က ဒါကို ရုံနဲ့ သွားလို့မရဘူးဗျာ။ ထိုင်ခုံနဲ့သွားရမယ်။ အဲတော့ တစ်ကမ္ဘာလုံးကလည်း လက်မှတ်အရောင်းအဝယ်က ထိုင်ခုံနဲ့ပဲသွားရတယ်။ အဲ့တော့ ကျွန်တော်တို့ရဲ့ ရုံလေးဆယ်ရဲ့ ထိုင်ခံက ၈၀၀၀ ရှိတယ်။ ကျွန်တော်တို့က ရုပ်ရှင်ရုံတစ်ရုံမှာ ၃၁၆ ခုံဆိုတော့ ကျွန်တော်တို့က ရုံတစ်ရာမှာ ခုံပေါင်း ၃၁၆၀၀ ရှိတယ်။ အဲဒီရဲ့ ၃၀ ရာခိုင်နှုန်းက ကျွန်တော်တု့ိက ခုံ ၁၀၀၀၀ နီးပါးရှိတယ်။ အဲတော့ ခုံ ၈၀၀၀ ရှိတဲ့နေရာနဲ့ ခုံ ၁၀၀၀ ရှိတဲ့နေရာတွေမှာ ပရိုကျူစာတစ်ယောက်ဟာ ဘယ်မှာ အရင်စပြမလဲ။

ဒီမှာ မြန်မာ့ရုပ်ရှင်ရုံထဲမှာ ကျင်လည်နေကျတဲ့သူ တော်တော်များများက ဒီ ဗီဒီယိုဈေးကွက်မှာပဲ စားဝတ်နေရေးကို မှီခိုနေကြတယ်ပေါ့။ အဲတော့ ရုပ်ရှင်ဇာတ်ကားကောင်းတွေ ထွက်လာဖို့ နည်းပညာငွေကြေး နောက်ပြီးတော့ ဇာတ်လမ်း အများကြီး လိုအပ်ချက်တွေက ရှိနေတယ်ရှင့်။ အဲတော့ ရုံတစ်ရာပြီးသွားပီဆိုရင်ကော ဒါနဲ့ပတ်သတ်ပြီးတော့ မှီခိုစရာ ဘာများဖြစ်လာမလဲ။ ဘာများ အပြောင်းအလဲ ဖြစ်သွားမလဲရှင့်။

ဒါကတော့ ကျွန်တော်က ဒီအပိုင်းတော့ စိတ်မပူဘူး။ စိတ်မပူဘူးဆိုတာက ရုပ်ရှင်မှာ ဇာတ်လမ်းရှားတယ်တို့ ဇာတ်လမ်းရှားတယ်တို့ သရုပ်ဆောင်အရည်အသွေး ညံ့တယ်တို့ ပရိသတ်ကို မဖမ်းစားနိုင်ဘူးလို့ ဆိုတာက ဒါက သူတို့တွေရဲ့ အနုပညာကိုကြည့်တဲ့ ရှုထောင့်တွေမှာ သူတို့ရဲ့ အားနည်းချက်တွေပါပဲ။ တကယ်လို့သာ ကားတစ်ကားကို မကောင်းအောင်ရိုက်လိုက်လို့ ကျွန်တော်တို့ ရုပ်ရှင်ရုံတွေများလာတဲ့ကာလမှာ ဒီလူတစ်ယောက်ရဲ့ ဆက်လက်ပြီးတော့ ရှင်သန်ရမယ့် သူရဲ့လောကကို စိတ်ပူလာရမယ်။ အဲဒါဆိုရင်တော့ အိုက်တင်ပဲဖြစ်ဖြစ် ဇာတ်လမ်းပဲဖြစ်ဖြစ် ဇာတ်ညွှန်းပဲဖြစ်ဖြစ် ဒါရိုက်တာပိုင်းပဲဖြြစ်ဖစ် သူတို့က ဒီဇာတ်ကားတွေပေါ်မှာ မူတည်ဖြစ်သွားမယ်ဆိုရင် ဘယ်သူမှ ဇာတ်ကားကို ပေါက်ကရ မရိုက်ရဲတော့ဘူး။ ကောင်းအောင် သူတို့ ကြိုးစားလာကြမှာပါ။

ဟုတ်ကဲ့ပါရှင်။ နောက်ဆုံးအနေနဲ့ ဒီ ရုံရှင်ရုံတစ်ရာ စီမံကိန်းနဲ့ပတ်သက်ပြီး ဦးလွင်မိုးဘက်က ထပ်ပြောချင်တာလေးရှိရင် ပြောပေးပါဦးရှင်။

ကျွန်တော်တို့ဆီမှာ ကျွန်တော်တို့ တိုင်းပြည်မှာပေါ့နော် လွန်ခဲ့တဲ့ အလုပ်က အတော်တော်လေး အခက်အခဲတွေများပါတယ်။ အနှောက်အယှက်တွေလည်း များပါတယ်။ ဖော်ဆောင်တဲ့နေရာမှာလည်း အခက်အခဲတွေအများကြီးရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့တိုင်းပြည်ရဲ့ ဖြစ်လာတဲ့ နိုင်ငံရေးပုံစံ အလှည့်အပြောင်းတွေကလည်း သူများတိုင်းပြည်နဲ့ အရမ်း အလှမ်းကွာပါတယ်။ ကောင်းမွန်တဲ့အရာလေးတစ်ခုကို တွေးတော ကြံဆပြီးတော့ တစိုက်မက်မက် ကျွန်တော်တို့ လုပ်နေပါတယ်။ အဓိကကတော့ ရုပ်ရှင်ရုံတွေ ဖြစ်သွားဖို့ပါ။ ဖြစ်သွာဖို့အတွက် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ အဲအတွက်လည်း ကျွန်တော်တို့ကို ဝိုင်းပြီး အြကြံပေးလို့ရပါတယ်။ ဒီ ရုပ်ရှင်ရုံတွေဖြစ်လို့လည်း ဝိုင်းပြီးတော့ ဆုတောင်းပေးစေချင်ပါတယ်။ ကျွန်တော်ကတော့ အရမ်းဖြစ်စေချင်ပါတယ်။ ဖြစ်အောင်လည်း လုပ်နေပါတယ်။ အဲဒါပဲ ပြောချင်ပါတယ်။

ဟုတ်ကဲ့ပါ ဦးလွင်မိုးရှင် ကျွန်မတို့ရဲ့  7 Minutes အစီအစဉ်ကို အခုလိုမျိုး အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင်။

ဟုတ် ကျေးဇူးတင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags