မျိုးတုံးတော့မယ့်အန္တရာယ် ရင်ဆိုင်နေရတဲ့ မိချောင်းတို့ပျော်စံရာ ကဒုံကနိသို့ အပိုင်း (၅)

16 July 2016
မျိုးတုံးတော့မယ့်အန္တရာယ် ရင်ဆိုင်နေရတဲ့ မိချောင်းတို့ပျော်စံရာ ကဒုံကနိသို့ အပိုင်း (၅)

နာဂစ်ရွာလို့ လူတွေ သိကြတဲ့ ကျွန်းသာယာရွာကို ရောက်ခဲ့ပါတယ်။ နာဂစ်ရွာလို့ ခေါ်တာကတော့ နာဂစ်တုန်းက ကဒုံကနိဘက်မှာ ထိခိုက်မှု အများဆုံး ဖြစ်ခဲ့တဲ့ ကဒုံးကလေးကျွန်းက လူတွေအတွက် တည်ပေးခဲ့တဲ့ ရွာ ဖြစ်လို့ပါပဲ။

ကဒုံးကလေးကျွန်းမှာ ရွာပျက်သွားတဲ့အခါ ရွာသစ်တည်ခဲ့ကြရပါတယ်။ နာဂစ်ရွာလို့ တွင်လာခဲ့ပါတယ်။ ရွာသားတွေ နေထိုင်ဖို့ အိမ်တွေကိုတော့ နိုင်ငံတော်အစိုးရက ဆောက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ရွာထဲကိုရောက်တော့ ရွာသားတွေက လွန်ခဲ့တဲ့ ၈ နှစ်လောက်တုန်းက ကြေကွဲစရာ အဖြစ်အပျက်တွေကို ပြန်ပြောပြကြပါတယ်။

နာဂစ်တုန်းက ကျွန်တော်တို့ တစ်ညလုံး ခံစားခဲ့ရပါတယ်။  မနက် မိုးလင်းတော့ ကဒုံကနေပြီးတော့ ကယ်ဆယ်ရေး ဆင်းလာတယ်။ ကယ်ဆယ်ရေးလာကယ်တော့ ကဒုံ ကယ်ဆယ်ရေးစခန်းကို   ရောက်တယ်။ ရောက်ပြီးတော့ အဲမှာ ရေတို့ ထမင်းတို့ နဲနဲ စားရတာပေါ့။ လုံလုံလောက်လောက်တော့ မစားခဲ့ရဘူးပေါ့။ နည်းနည်းပါးပါးတော့ စားခဲ့ရပါတယ်။ နောက် ရက်နည်းနည်းကြာလာတော့ လုံလောက်မှု ရှိလာတာပေါ့။ မိသားစုလည်း ပျက်စီးတယ်။ အိမ်ကလည်း ဘယ်လိုမှ နေလို့မရတော့ဘူးပေါ့။ မိသားစုတွေကလည်း ၉ ယောက် ၁၀ ယောက်လောက် သဘောၤမြုပ်လို့ အကုန်သေကုန်တယ်။

သူတု့ိကို သဘောၤပေါ်တင်ပြီးတော့ ကျွန်တော်တို့က ယောကျ်ားတွေဆိုတော့ နေနိုင်တယ်၊ တောင့်နိုင်တယ်ဆိုပြီး ဒီမှာ ကျန်ခဲ့ကြတယ်။ သူတို့ကို လွတ်အောင်လို့ နေရာပေးလိုက်တာပေါ့။ ဒါပေမယ့် သူတို့တွေ မလွတ်ဘူး။ သဘောၤမောင်းရင်းနဲ့ မြုပ်သွားတယ်။ ကျွန်တော်တို့တွေက ရွာမှာ ကျန်ခဲ့ပြီးတော့ ဟိုတိုင်ဖက်၊ ဒီ အပင်ဖက်ပြီးတော့ အခုချိန်ထိ အသက်ရှင်သွားတာပေါ့။ သစ်ပင်တွေရှိတယ်၊ အိမ်တိုင်တွေရှိတယ်၊ အဲဒါတွေကို ဖက်ပြီးတော့ နေရတယ်။ လူတော်တော်များများ အဲလိုပဲ နေခဲ့ကြရတယ်။ တစ်ရွာလုံးပဲ ဆိုပါတော့။

နောက်ပြီး အိမ်ကုန်းတစ်လုံး ကျန်ခဲ့တယ်။ အဲဒီ အိမ်ကုန်းမှာပဲ သွားပြီးတော့ နေပြီးတော့ အသက်ရှင်ခဲ့တယ်။ အဲဒီအိမ်ကြီးမှာ လူပေါင်း ၃၀၀ လောက် ရှိတယ်။ တစ်ရွာလုံးက မိသားစုတွေ အကုန်လုံး အဲဒီအိမ်မှာပဲ သွားနေခဲ့ကြတယ်။ အဲဒီအိမ်တစ်လုံးပဲ မပြိုဘဲ ကျန်နေခဲ့တယ်။ ရေကျတဲ့အထိ အဲဒီအိမ်မှာပဲ နေကြပြီးတော့ မနက်ကျတော့ ရေလည်းကျရော ကဒုံက လာကယ်ကြတယ်။

လွတ်လာတဲ့ အကြောင်းအရင်းကတော့ ဒီ နာဂစ်ဖြစ်မယ်ဆိုတာ သတင်း အတိအကျတော့ မရဘူး။ မရဘူးဆိုတာ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ကျွန်းတွေမှာက ပင်လယ်သားဆိုတာ ပင်လယ်ထွက်တဲ့သူရှိတယ်။ အိမ်က မယားတွေက ငါးကောက်၊ ဖားကောက် လိုက်ကောက်စားနေရတဲ့ အချိန်ဆိုတော့ ဒီသတင်းတွေကိုလည်း နားထောင်တဲ့အချိန် မရှိခဲ့ဘူး။ အချိန်လည်း မပေးနိုင်ခဲ့ဘူး။ အဲလိုဖြစ်သွားတာ မတော်တဆ ဖြစ်သွားသလို ဖြစ်ခဲ့တယ်။ အဲလိုကြောင့် သိတဲ့ နားလည်တဲ့သူတွေက ဒီကဒုံးကို အမြဲတစေ သွားလာနေတဲ့သူတွေက သိရုံ၊ မှတ်ရုံလောက်လေးပဲ ခဏတဖြုတ် ပြောသွားခဲ့တဲ့အခါကျတော့ ဒါတွေကိုလည်း ကိုယ်လုပ်ငန်းနဲ့ကိုယ် မိသားစု စားဝတ်နေရေး ရှိနေတဲ့အခါကျတော့ ဒါတွေကိုလည်း သတိမထားမိဘူးပေါ့။

အဲလိုဖြစ်သွားတဲ့အချိန်မှာပဲ ကျွန်တော်တို့ရွာမှာ ရာအိမ်မှူး ကိုမင်းအောင်ဆိုတာက ကဲ မင်းတို့ ပြေးကြတော့တဲ့ လွတ်ရာကျွတ်ရာကို၊ ဒီမှာက သောင်ကြီးပဲရှိတော့တယ်။ အိမ်တွေဆို တစ်အိမ်မှ မရှိတော့ဘူး။ အဲတော့ ဘယ်ကိုပြေးလို့ ပြေးရမှန်း မသိတော့ဘူး။ ကျွန်းကိုပြေးမယ်ဆိုတော့လည်း အဲဒီကျွန်းမှာလည်း တစ်အိမ်မှ မရှိတော့ဘူး။ အကုန်လုံး ပြိုကုန်ပြီ။ အဲတော့ ကျွန်တော်တို့ လျှိုကြီးထဲမှာ ဂါးလေးစီးရှိတယ်။ အဲဒီ ဂါးလေးစီးကနေပြီးတော့ ဆင်းပြီးတော့ ကျွန်တော်တို့ အကူအညီတောင်းလို့ လူပေါင်း ၈၀ ကျော် ကျွန်တော်တို့ကို ဒီကဒုံကို လိုက်ပို့တယ်။ လာကယ်တာက နောက်နေ့မှ ပြီးတော့မှ ဒီကနေ ကဒုံ ကယ်ဆယ်ရေး လွှတ်ပေးတာပဲရှိတယ်။ အဲဒီအချိန်ကျတော့ အဲဒီ ဂါးလေးစီး အကူအညီပေးမှုကြောင့် ကဒုံကို ရောက်နေပြီ။

နောက်ထပ် မိသားစုတစ်စုနဲ့ တွေ့ဆုံမေးမြန်ကြည့်ပါသေးတယ်။

မိသားစု ဘယ်နှယောက်လဲဆိုတော့ အကုန်လုံး ၆ ယောက်ပါ။

ကျွန်မတို့ စဖြစ်တော့ ၃ နာရီလောက်မှာ လေက ဖြူးလာတယ်။ တော်တော်ဖြူးလာတယ်ပေါ့။ တော်တော်ဖြူးလာတော့ ကျွန်မတို့က ထမင်းစားနေကြတယ်။ အဲဒီအချိန်မှာ ညီမတစ်ယောက်က အမရေ ရေက ပုံစံမကျဘူးတဲ့။ ရေကောလေကောတဲ့။ ဂဏန်းလည်း မကျဘူးတဲ့။ အဲတော့ အမလည်း လှေကို ကုန်းပေါ် ဆွဲတင်ထားတယ်။ အိမ်ဝကို ဆွဲတင်တယ် မရဘူး။ လေက ဒီထက် ပိုပြင်းလာတယ်။ ဘုန်းကြီးကျောင်းက သွပ်တွေဘာတွေလည်း အကုန်လွင့်လာတယ်။ လွင့်လာတော့ အိမ်တွေကို အကုန်လိုက်ပိတ်တာပေါ့။ ပိတ်တော့လည်း မရဘူး။ အိမ်က နောက်လုံးနဲ့ ရှေ့လုံးက ညှပ်လာတော့ ကျွန်မသမီး အကြီးမကို အဝတ်တွေအကုန်ပတ်ပြီးတော့ ကျလာတဲ့ရေတွေကပါ စပ်လာတာကို။ အဲတော့ ကျွန်မသမီးကို အရင်ပိုက်ပြီးတော့ ရှေ့ကနေ အရင်ပြေးတာ။ ရေတောထဲကနေ ပြေးတာ။ ရေတောထဲကနေပြေးတော့ ကျွန်မကို အိမ်တစ်အိမ်က ဆွဲတင်တယ်။ လွတ်သွားမှာစိုးလို့တဲ့။

 

 ဆွဲတင်တော့ အဲဒီအိမ်မှာ ကျွန်မ တစ်ခေါက် နားလိုက်တယ်။ တစ်ခေါက်နားပြီးတော့ ဆက်လျှောက်တယ်။ ကုန်းကြီးတစ်ကုန်းကို ရောက်တယ်။ အဲဒီကုန်းကြီးမှာ ကျွန်မတို့အကုန်လုံးကို ဆွဲတင်ထားတာပေါ့။ လာသမျှလူတွေကို ဆွဲတင်ကြတယ်။ ကျွန်မတို့ယောကျ်ားတွေက လှေလေးတွေနဲ့ လိုက်လာကြတယ်။ ဟိုရောက်တော့ ကုန်းကြီးတစ်ကုန်းကိုရောက်ပြီး လှေလည်းစိုက်ရော အဲဒီလှေက မျောသွားပြန်တော့ ဘာပစ္စည်းမှ မရလိုက်ဘူးပေါ့။ အဲဒီကုန်းပေါ်မှာ ကလေးတွေကော လူကြီးတွေရော အကုန်လုံးတက်နေကြတယ်။ ကြွက်တွေတက်နေကြတယ်။ ယောကျ်ားတွေက သူတို့အသက်အန္တာရယ်ကို ဘေးထားပြီးတော့ မီးခြစ်လိုက်ရှာပြီးတော့ ကုန်းပေါ်မှာတင် မီးဖိုကြတယ်။ တချို့ကလေးတွေ သေမယ့်ကလေးတွေတောင် မသေပဲဖြစ်သွားတယ်ပေါ့။

ကျွန်မတို့ ဘယ်အချိန်လောက် လေက ပြန်ဖြူးသွားလဲဆိုတော့ ၃ နာရီကနေ ၈ နာရီလောက်ထိ အမတို့ ခံစားလိုက်ရတာ မိုးလင်းထိပါပဲ။ လင်းပိုင်းကျတော့ အဲဒီလေက ငြိမ်သွားတယ်။ တော်တော်ကို ငြိမ်သွားတယ်။ လေငြိမ်သွားတော့ ကျွန်မတို့ ရာအိမ်မှူးက ကဲ ကိုယ့်ပစ္စည်းလေးတွေကို ယူပြီးပြေးကြဆိုတော့ လိပ်တောင်ဘက်ကို ကျွန်မတို့ ဦးတည်ပြီး ပြေးကြတယ်။ လိပ်တောင်ဘက်ကိုပြေးတော့ ဗလက်ကြီး တစ်ဗလက်ရှိတယ်။ လျှိုကြီးပေါ့။ အဲဒီလျှိုကြီးထဲကို ကျွန်မတို့ ဝင်ပြီးပြေးကြတယ်။ ကိုယ့်ကိုကိုယ် လွတ်မယ်ထင်ပြီး ဝင်ပြေးကြတာပေါ့။ လျှိုကြီးထဲမှာ ဟိုင်းကြီးက နှစ်စီးရှိတယ်။ အဲဒီ ဟိုင်းကြီးနှစ်စီးကို ကျွန်မတို့က ကယ်ခိုင်းတာပေါ့။ ကျွန်မတို့ကို ကဒုံကို လိုက်ပို့ပါဆိုပြီးတော့ လိုက်ပို့ခိုင်းတယ်။ လိုက်ပို့ခိုင်းပြီးတော့ လိုက်ပို့ပေးတယ်။

ကျွန်မတို့ပစ္စည်းတွေ ပင်လယ်ပြင်မှာ ဘယ်လောက် ပေါ်လဲမပေါ်လဲ ကျွန်မတို့ ကဒုံးထဲကနေ ထွက်ခွာတာ တော်တော်စောစော ၇ နာရီ ၈ နာရီ လောက်တည်းက ထွက်ခွာတာ ကဒုံကြီးကို ကျွန်မတို့ လေးနာရီလောက်မှရောက်တယ်။ တစ်နာရီလောက် မောင်းရတဲ့ခရီးက လေးငါးနာရီလောက် သွားလိုက်ရတယ်ပေါ့။ ပစ္စည်းတွေကို ရှောင်ပြီး မောင်းတာပေါ့။ အဲဒီမှာ ပစ္စည်းတွေလည်း အများကြီး လူသေတွေလည်း အများကြီးပဲပေါ့။ တော်တော်တော့ ခံလိုက်ရပါတယ်။ ကြေညာတာတော့ ကြေညာပါတယ် ဒါပေမယ့် ဒီလို ဖြစ်လိမ့်မယ်လို့ ထင်မထားမိဘူးပေါ့။

နာဂစ်မုန်တိုင်းတုန်းကတော့ ဒေသခံ ပြည်သူတွေက မုန်တိုင်းအန္တရာယ် ကျရောက်လာရင် ဘယ်လိုမျိုး ကာကွယ်ရမယ်ဆိုတဲ့ ဖွံ့ဖြိုးတဲ့ အသိပညာတွေ မသိသေးတဲ့အတွက်ကြောင့် သူတို့တွေမှာ အထိအခိုက် အပျက်အဆီး အသေအပျောက် များခဲ့ကြပါတယ်။ ဒါကြောင့် ဒီအဖြစ်အပျက်ကြီးကို ဥပမာယူပြီးတော့ နာဂစ်မုန်တိုင်းကြီး ပြီးသွားတဲ့အချိန်မှာ မုန်တိုင်းတွေ တိုက်ခက်လာရင် ပြည်သူတွေ ခိုလုံဖို့အတွက် ဒီလို တည်းခိုနိုင်ဇို့ရာ ရှက်တာကြီးတွေ ဆောက်လုပ်လာခဲ့ကြပါတယ်။

အခုဆိုရင် ကဒုံကနိရွာနားက ဆိုင်ကလုန်း ရှက်တာကြီးဆီ ရောက်နေတာပါ။ ဒီရှက်တာကြီးက မြစ်ထဲက သဲတွေကိုယူပြိးတော့ ကုန်းမြင့်လုပ်ပြီး အဲဒီအပေါ်မှာမှ ရှက်တာကြီးကို ဆောက်လုပ်ထားတာပါ။ ရှက်တာကြီးကတော့ နှစ်ထပ် အဆောက်အဦးကြီး ဖြစ်ပါတယ်။ နောက်ပြီး ရှက်တာရဲ့ အနောက်ဖက်မှာလည်း ရေချိုတွေကို ကန်တွေနဲ့ စနစ်တကျ သိုလှောင်ထားပါတယ်။ နောက်ပြီးတော့ ပတ်လည်မှာ လေကာပင်တွေကိုလည်း စိုက်ပျိုးထားပါတယ်။ ဒီရှက်တာကြီးကို အခုလောလောဆယ်မှာတော့ စာသင်ကျောင်းအဖြစ် အသုံးပြုနေတယ်လို့ သိရပါတယ်။

ရာသီဥတုနဲ့ပတ်သက်ရင် အထိနာခဲ့ကျလို့ အခုချိန်မှာ ရွာသူရွာသားတွေက သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ ရင်းပြီးတော့ ရာသီဥတုဆိုင်ရာ အသိမြင် ဗဟုသုတတွေ သဘာဝဘေးအန္တရာ ကြိုတင်ကာကွယ်မှုတွေ တကယ်လို့ သဘာဝဘေးအန္တရာယ် ကျရောက်လာခဲ့ရင်လည်း ဘယ်လို ရှောင်ရှားရမယ်ဆိုတာတွေ သိရှိခဲ့ရလို့ ဒေသခံတွေအတွက် တကယ်ကို ဝမ်းသာခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒေသခံတွေရဲ့ပြောစကားတွေနားထောင်ရတဲ့အခါမှာလည်း သူတို့အတွက် ပြောမပြနိုင်လောက်အောင် စာနာမိပါတယ်။

အရင်တုန်းက အနောက်ပိုင်းကျောင်းမှာ အဲဒီ နာဂစ်ဖြစ်ပြီးတော့မှ ကျွန်တော်တို့ ရဝကရုံးမှာ မိုးလေဝသသတင်း အမြဲကြေညာပေးတယ်။ အိမ်တိုင်းအိမ်တိုင်းမှာ ရေဒီယိုကို အတော်များများ ဝယ်ကြတယ်။ နာဂစ်ဖြစ်ပြီးတော့ အဲဒီရေဒီယိုတော့ တော်တော် ရောင်းအားကောင်းခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ မိုးလေဝသသတင်း အချိန်တိုင်း နားထောင်နေရတယ်။ အခုထိလည်း နားထောင်းတုန်းပါပဲ။

 

အခုတော့ ကိုယ်တွေက ခံစားထားဖူးတော့ ဘာကိုမှ မမက်တော့ဘူး။ အမှန်တိုင်းပြောတာ ဘာကိုမှ မမက်တော့ဘူး။ လောလောဆယ် ဖြစ်နေတဲ့အပေါ်မှာ ထမင်းစားရဖို့ရယ် ကိုယ်ရဲ့မှတ်တမ်းတွေ စာရွက်စာတမ်းတွေ လိုအပ်တာတွေပေါ့ အဲဒါတော့ အိပ်ကလေးနဲ့ ထည့်ထားတယ်။ အခုလည်း ရှက်တာ ရှိနေပြီဆိုတော့ ရှက်တာကိုပဲပြေးပြေး ဘယ်ကိုပဲပြေးပြေး ယူသွားရမယ်လေ။ မှတ်ပုံတင်လေးတွေ ကိုယ့်ရဲ့ အိမ်ထောင်စုဇယားလေးတွေ ဒါလေးတွေက ရောက်တဲ့အရပ်မှာ အသုံးပြုလို့ရအောင်ပေါ့။ ကျန်တာကတော့ ဘာမှမလိုတော့ဘူး။ အခုလောလောဆယ် ကိုယ့်အတွက် ထမင်းစားနေရရင်ပြီးရော။

ဒါပေမယ့် စုဆောင်းထားတာတော့ စုဆောင်းထားရမယ်လေ။ ရှိတဲ့ဟာလေးနဲ့ မိုးတွင်းစာလေးတွေ ဝယ်ထားရတာပေါ့။ ဖြစ်ဖူးတယ်လေ။ ကဒုံးလေးမှာ သောက်ရေအိုးထားတယ်၊ ရေတက်လာတော့ ပြိုလဲသွားတယ်လေ။ ဘာနဲ့သောက်မလဲ။ ဒါတွေကလည်း အခု မဖြစ်ပေါ်ဘူးလို့ ပြောလို့မရဘူးလေ။ တင်ထားရမှာပေါ့။ ဗုံးနဲ့တင်ထားတယ်။ နောက်ဆုံး ငါးဗုံးလောက် တင်ထားလိုက်ရင် နောက် သဘာဝဘေးအန္တရာယ် ကြုံလာခဲ့ရင် သောက်လို့၇တယ်ပေါ့။ အခုကတော့ အထူး သတိထားတယ်။ မိုးတွေ ညိုလာရင် စိတ်ထဲမှာ တစ်မျိုးဖြစ်လာတယ်ပေါ့။ ဒါပေမယ့်လည်း ရေဘေးနဲ့သေမယ့်သူကလည်း သေမှာပဲ၊ မီးဘေးနဲ့ သေမယ့်သူကလည်း သေမှာပဲ။ ဒါပေမယ့် ကြိုတင်ပြင်ဆင်မှုလေးကတော့ လုပ်ထားရမှာပေါ့။ ကိုယ့်မှာလည်း သားသမီးတွေ မြေးလေးတွေ ရှိတယ်ဆိုတော့လည်း ကြိုတင်ပြင်ဆင်မှုလေးတော့ လုပ်ထားပေးရမှာပေါ့။ အခုလည်းကြောက်တယ် မိုးသီးတွေကြွေတယ်တဲ့ သွပ်တွေတောင် ပေါက်တယ်တဲ့။ ဖုန်းတွေထဲလည်းပါတယ်။ ရေဒီယိုတွေထဲမှာလည်း ကြေညာတယ်လေ။ အဲတော့ ဘယ်လိုလုပ်ကြမလဲ။

Mizzima Weekly