ဆိုက်ဘာဥပဒေတွင် ပြစ်မှုပြစ်ဒဏ်များ ထိရောက်မှုရှိရေး အတွက်ဆောင်ရွက်နေ

ဆိုက်ဘာဥပဒေတွင် ပြစ်မှုပြစ်ဒဏ်များ ထိရောက်မှုရှိရေး အတွက်ဆောင်ရွက်နေ
ပြီးခဲ့သည့် ဧပြီလ ၂၂ ရက် နံနက်ပိုင်းက    လွတ်လပ်သော မြန်မာ သတင်းမီဒီယာ၊ တိုင်းရင်းသား မီဒီယာများဖြင့် စုဖွဲ့ထားသော Burma News International (BNI) ၀က်ဘ်ဆိုက်ကို ဆိုက်ဘာ တိုက်ခိုက်ခြင်း ခံရစဉ်က။

ရန်ကုန်၊ ဇူလိုင် ၉ ။       ။ မြန်မာနိုင်ငံတွင် အွန်လိုင်းပေါ်မှတဆင့် ကျူးလွန်သော  ဆိုက်ဘာပြစ်မှုများအတွက် အရေးယူ ဆောင် ရွက်နိုင်မည့် ဆိုက်ဘာဥပဒေကို ပြဌာန်းနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး  လက်ရှိအချိန်တွင် ဥပဒေ၌ ပြစ်မှုပြစ်ဒဏ်များ ထိရောက်မှု ရှိစေရေးအတွက် ဆောင်ရွက်နေသည်ဟု  ဥပဒေရေးဆွဲ နိုင်ရေး ဆောင်ရွက်နေသည့်  မြန်မာ ကွန်ပျူတာအရေးပေါ် တုံ့ပြန်မှု အသင်း (MMCERT) အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးရဲကျော်သိန်းက မဇ္ဈိမကို ပြောသည်။

ဦးရဲကျော်သိန်းက "  ဥပမာ CD တွေ ခိုးကူးတာမျိုးအ တွက် ထောင်ဒဏ်ခြောက်လ သို့မဟုတ် ငွေဒဏ် သုံးသောင်း ဆိုတော့ ငွေဒဏ် ဆောင်သွားတယ်။ ဘာမှထိရောက်မှု မရှိဘူး။ ဒါတွေကို  ဖြည့်စွက်နိုင်ဖို့ လုပ်နေတယ်" ဟု ဆိုသည်။

ဆိုက်ဘာဥပဒေကို ခေတ်နှင့်အညီရေးဆွဲပြီး မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် ပုံစံ ဖြစ်စေရန်အတွက် ဥပဒေရေးဆွဲ သူများအား လိုအပ်သည့် အချက်အလက်များအကြံပြုသွားမည်ဟု သတင်းအချက် အလက်နည်းပညာနှင့် ဆိုင်ဘာလုံခြုံရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဦးစိုင်းစောလင်းထွန်းက ပြောသည်။

ဦးစိုင်းစောလင်းထွန်းက " လက်ရှိဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေအပေါ်မူတည်ပြီး ဘာတွေ ဖြည့်စွက် ဖို့လို အပ်မလဲဆိုတာတွေ အကြံပြုသွားပါမယ်။ အချက်အလက်တွေ စတင်စုစည်းနေ တုန်းပဲရှိပါသေးတယ်" ဟု ဆိုသည်။

ဆိုက်ဘာဥပဒေပြဌာန်းနိုင်ရန်အတွက် လိုအပ်သည့် အကြံဉာဏ်များကို မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းများ နှင့် ဝန်ကြီးဌာနများ ပူးပေါင်းလုပ်ဆောင်ရန်လိုအပ်သည်ဟုလည်း ဦးစိုင်းစောလင်းထွန်း က ဆိုသည်။

လက်ရှိအချိန်တွင် ဝန်ကြီးဌာနဆိုင်ရာ ဝက်ဘ်ဆိုက်များ ဆိုက်ဘာတိုက်ခိုက်ခံရမှုများအပေါ် အရေးယူ ဆောင် ရွက်နိုင်ခြင်း မရှိသေးပေ။

ဝန်ကြီးဌာနဆိုင်ရာဝက်ဘ်ဆိုက်များ ဆိုက်ဘာတိုက်ခိုက်ခံရမှုအပေါ် ဦးစိုင်းစောလင်းထွန်းက " ကိုယ့်ဘက်က ဘာအားနည်း ချက်တွေရှိနေလဲပြန်ကြည့်ရမယ်။ တိုက်လာတာက ပြည်ပကဆိုရင်လည်း အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက် မှုတွေလုပ် ရမယ်" ဟု သုံးသပ်သည်။

လက်ရှိအချိန်တွင် အွန်လိုင်းမှတဆင့်ဖြစ်ပွားသည့် ပြစ်မှုများအတွက် အရေးယူဆောင်ရွက်နိုင်မည့် ဥပဒေ ခိုင်ခိုင်မာမာ မရှိသေး ဟုလည်း MMCERT မှ အဖွဲ့ဝင် ဦးရဲကျော်သိန်းက ပြောထားသည်။

ပြည်တွင်းတွင် နိုင်ငံအဆင့် ဆိုင်ဘာလုံခြုံရေးအတွက် ဆောင်ရွက်ထားမှုပိုင်းတွင် အားနည်းချက် များရှိနေပြီး ယင်းလိုအပ်ချက် များကို အသစ်ဖွဲ့စည်းသည့် သတင်းအချက်အလက် နည်းပညာ နှင့် ဆိုင်ဘာလုံခြုံရေးဦးစီး ဌာနက အလေးထားဖြည့် ဆည်းဆောင်ရွက်ရန်လိုအပ်သည်ဟု ပညာရှင်များက သုံးသပ်ပြောဆိုကြသည်။

ဆိုင်ဘာလုံ ခြုံရေးအတွက်ဆောင်ရွက်ရန် သတင်းအချက်အလက်နည်းပညာနှင့် ဆိုင်ဘာလုံခြုံ ရေးဦးစီးဌာနကို ၂၀၁၅ ဧပြီလ ၁၀ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မေလ ၂၉ ရက်တွင် ဦးစီးဌာနဖွဲ့စည်း ထားကြောင်း ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly