အသက်မွေးဝမ်းကြောင်းပညာကို တန်ဖိုးထားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

အသက်မွေးဝမ်းကြောင်းပညာကို တန်ဖိုးထားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
ဓာတ်ပုံ-မင်းမင်း
 

နေပြည်တော်(ဇူလိုင် ၁၅ရက်၊ ၂၀၁၆ခုနှစ်)။                 ။ "အသက်မွေးဝမ်းကြောင်းပညာ"အား တက္ကသိုလ်ပညာ မတက်နိုင်မှ လေ့လာသင်ယူရသည့် ဒုတိယတန်းစား ပညာရပ်တစ်ခုအဖြစ် မသတ်မှတ်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အလေးအနက်တိုက်တွန်းပြောကြားလိုက်သည်။

"အသက်မွေးဝမ်းကြောင်းပညာဆိုတာ ဒုတိယတန်းစားပညာပဲ၊ ဖြစ်နိုင်ရင်တော့ ငါတို့သားသမီးတွေကို တက္ကသိုလ်ပဲ လွှတ်မယ်။ တက္ကသိုလ်အဆင့်မမီမှ အဲဒီသွားစေမယ် အဲ့ဒီစိတ်ဓာတ်တွေရှိမယ်ဆိုရင် တိုးတက်ဖို့ အောင်မြင်ဖို့ အင်မတန်မှ ခက်ပါလိမ့်မယ်။ ကျွန်မကိုယ်တိုင်ကတော့ အသက်မွေးဝမ်းကြောင်းပညာကို အင်မတန်မှ လေးစားတယ်၊ တန်ဖိုးထားတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နေပြည်တော်ရှိ MICC-2တွင် ဇူလိုင်လ ၁၅ရက်တွင် ကျင်းပပြုလုပ်သည့် နည်းပညာနှင့်သက်မွေး ပညာရေးနှင့် လေ့ကျင့်ရေး နှီးနှောဖလှယ်ပွဲတွင် တက်ရောက်အမှာစကားပြောကြားစဉ်   ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

အသက်မွေးဝမ်းကြောင်းပညာတိုးတက်မှသာ နိုင်ငံသူ၊ နိုင်ငံသားများ၏ ဘဝရှေ့ရေးတိုးတက်မည်ဟု ယုံကြည်ကြောင်း၊ အသက်မွေးဝမ်းကြောင်းပညာဖွံ့ဖြိုးတိုးတက်ရန် ရည်မှန်းချက်ကြီးကြီးဖြင့် လုပ်ဆောင်စေလိုကြောင်း၊ အသက်မွေးဝမ်းကြောင်းပညာနှင့်ပတ်သက်ပြီး အောင်မြင်မှုရရှိနေသည့် နိုင်ငံများကို နမူနာယူစေလိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားတွင် ပြောဆိုသည်။

"ကိုယ်ဝါသနာမပါတဲ့ အလုပ်ကို ဝင်ငွေရရှိရေးအတွက် လုပ်ရတာနဲ့စာလို့ရှိရင် ကိုယ်တကယ်ကိုစိတ်ပါလို့ ကိုယ့်ရဲ့အရည်အချင်းတွေနဲ့ ကိုက်ညီလို့ အလုပ်တစ်ခုကို လုပ်တယ်ဆိုတာဟာ ကိုယ့်အတွက်ကော၊ ကိုယ့်ပတ်ဝန်းကျင်အတွက်ကော အင်မတန်မှ အကျိုးရှိနိုင်ပါတယ်" ဟု သူမက ဆိုသည်။

အသက်မွေးဝမ်းကြောင်းပညာတိုးတက်အောင်မြင်စေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ပူးပေါင်းပါဝင်ကြရန်နှင့် အကြံပြုချက်များပေးရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သေးသည်။

"လုပ်ငန်းရှင်များကလည်း ကျွန်မတို့ရဲ့ ပညာရေးစနစ်ကို စီးပွားရေးလိုအပ်ချက်နဲ့ကိုက်ညီအောင် ဘယ်လိုလုပ်သင့်တယ်ဆိုတာကိုလည်း အကြံပြုကြပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လက်ရှိတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် အသက်မွေးဝမ်းကြောင်းပညာနှင့်ပတ်သက်သည့် ကောလိပ်နှင့် ကျောင်းပေါင်း ၅၀ကျော်ဖွင့်လှစ်ထားသလို အသက်မွေးဝမ်းကြောင်းပညာနှင့် ဆက်စပ်နေသည့် အခြားဝန်ကြီးဌာနများကလည်း နည်းပညာနှင့်သက်မွေးဆိုင်ရာ စုစုပေါင်း(၂၄၇)ကျောင်းဖွင့်လှစ် သင်ကြားနေသည်ဟု ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အခမ်းအနားတွင် ထည့်သွင်းပြောဆိုသည်။

သို့သော် ၂၀၁၄ခုနှစ် မြန်မာနိုင်ငံသန်းခေါင်စာရင်းပါ အသက်အပိုင်းအခြားအလိုက် လေ့လာဆန်းစစ်ချက်အရ အသက်မွေးဝမ်းကြောင်းသင်တန်း တက်ရောက်ပြီးစီးသူအရေအတွက်မှာ နိုင်ငံ့လူဦးရေ၏ ၁ရာခိုင်နှုန်းပင် မရှိပေ။

နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်အရ အသက်မွေးဝမ်းကြောင်းပညာရပ် တိုးတက်အောင်မြင်စေရန် ပညာရေးဝန်ကြီးဌာနမှ ကြိုးပမ်းနေသည်ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

အသက်မွေးဝမ်းကြောင်းပညာကို ကျောင်းသူ၊ ကျောင်းသားများသာမက မိဘများကပါ တန်ဖိုးထားကြရန် အလေးအနက်တိုက်တွန်းလိုက်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ၎င်း၏ မဲဆန္ဒနယ်ဖြစ်သော ကော့မှူးမြို့နယ်တွင် အသက်မွေးဝမ်းကြောင်းပညာသင်တန်းကျောင်း ဖွင့်လှစ်ထားသည်။

အဆိုပါ သင်တန်းကျောင်းတွင် တက်ရောက်နေသည့် သင်တန်းသူ၊ သင်တန်းသားများအား သင်တန်းကာလမပြီးသေးခင်အချိန်တွင်ပင် လုပ်ငန်းရှင်များ အနေဖြင့် ၎င်းတို့၏ လုပ်ငန်းခွင်သို့ဝင်ရောက်ရန် ကြိုတင်ကမ်းလှမ်းမှုများရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လက်ရှိ တက္ကသိုလ်ပညာရေးစနစ်တွင်မူ ဘွဲ့ရပြီး အလုပ်မရသူများမှာ ဒုနှင့်ဒေး ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly