တိုယိုတာ မဲခေါင်ကလပ် ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲများကို ပြိုင်ပွဲဝင် ငါးနိုင်ငံလုံးတွင် ကျင်းပမည်

တိုယိုတာ မဲခေါင်ကလပ် ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲများကို ပြိုင်ပွဲဝင် ငါးနိုင်ငံလုံးတွင် ကျင်းပမည်

ဘန်ကောက်၊ ဇူလိုင် ၉ ။      ။ တိုယိုတာ မဲခေါင်ကလပ် ချန်ပီယံရှစ် တံခွန်စိုက် ဘောလုံးပြိုင်ပွဲ၏ ပွဲစဉ်များကို ပြိုင်ပွဲဝင် ငါးနိုင်ငံ လုံးတွင် ကျင်းပသွားမည်ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Conrad hotel တွင် ဇူလိုင် ၇ ရက်က ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင်  Toyota Motor Asia Pacific နှင့် တိုယိုတာ မော်တာ ထိုင်းနိုင်ငံတို့၏ ဥက္ကဌ Mr. Kyoichi Tanada က ပြောကြားလိုက်သည်။

Mr. Kyoichi Tanada က ‘ ပြီးခဲ့တဲ့ နှစ်ကတော့ ဘောလုံးပွဲ လေးပွဲလုံးကို ဗီယက်နမ် တစ်နိုင်ငံတည်းမှာ ကျင်းပခဲ့ပေမယ့် ဒီနှစ်မှာတော့ နိုင်ငံအားလုံး အနေနဲ့ ပရိသတ်တွေ ကိုယ့်နိုင်ငံကိုယ့်ကွင်းမှာ  ကိုယ့်အသင်းကို အားပေးခွင့် ရစေဖို့အတွက် တစ်ပွဲစီ မိမိနိုင်ငံမှာ ဧည့်ခံကျင်းပစေမယ့် ပြိုင်ပွဲပုံစံကို ပြောင်းလဲထားပါတယ်’ ဟု လည်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား လိုက်သည်။

အဆိုပါ ပြိုင်ပွဲကို မဲခေါင်ဒေသတွင်း နိုင်ငံများ ဖြစ်သည့် မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံ များမှ လိဂ်ပြိုင်ပွဲ (သို့မဟုတ်) ဖလားပြိုင်ပွဲ တစ်ခုချင်းစီမှ အနိုင်ရ ရှိသူများက ယှဉ်ပြိုင်မည် ဖြစ်ပြီး မြန်မာနိုင်ငံ ကမူ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲမှ ချန်ပီယံက ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

တိုယိုတာ အနေဖြင့် ယင်းကဲ့သို့ မဲခေါင်ဒေသတွင်း နိုင်ငံများအတွက် ပြိုင်ပွဲများကို ကျင်းပရခြင်းမှာ အာဆီယံ ဒေသတွင်း ဆိုပါက လည်း ဆီးဂိမ်းပြိုင်ပွဲ၊ အာရှဒေသတွင်းဆိုပါကလည်း AFC ကဲ့သို့ ပြိုင်ပွဲများ ရှိနေခြင်းကြောင့် မဲခေါင်ဒေသတွင်းနိုင်ငံများ အတွက် ဦးတည် ကျင်းပပေးခြင်းဖြစ်သည်ဟုလည်း  Toyota Motor Asia Pacific ၏ အကြီးတန်း ဒုတိယ ဥက္ကဌ Mr.Hao Tien က သီးသန့် အင်တာဗျူးတွင် ပြောကြားသည်။  

အဆိုပါ ပြိုင်ပွဲများကို Toyota Motor Asia Pacific အနေဖြင့် ကျင်းပပေးခြင်းဖြစ်ကာ လာမည့်နှစ်များ တွင်လည်း ပိုမို ကြီးကျယ်ကောင်းမွန်အောင်  ပြုလုပ်နိုင်မည်ဟု မျှော်လင့်ကြောင်းလည်း Mr.Hao Tien က ဆိုသည်။

ပွဲစဉ်များမျာ နိုဝင်ဘာလ ၁ ရက်တွင် စတင်မည်ဖြစ်ပြီး လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား နိုင်ငံများတွင် အဆိုပါ အသင်းသုံးသင်းက ယှဉ်ပြိုင်ရမည်ဖြစ်ကာ ဒီဇင်ဘာ ၆ရက် အကြိုဗိုလ်လုပွဲစဉ်ကို ဗီယက်နမ် နိုင်ငံတွင် ကျင်းပမည်ဖြစ်ကာ အထက်ပါ သုံးသင်းမှ အနိုင်ရသည့် တစ်သင်းက ဗီယက်နမ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဗိုလ်လုပွဲစဉ်ကို ဒီဇင်ဘာ ၂၀ ရက်တွင် ထိုင်းနိုင်ငံတွင် ကျင်းပမည် ဖြစ်ပြီး အကြိုဗိုလ်လုပွဲမှ တက်လာသည့် အသင်းနှင့် ထိုင်းအသင်းတို့က ယှဉ်ပြိုင်ရမည် ဖြစ်သည်။  ထိုင်းအသင်းသည် ယခုနှစ်မှ တိုယိုတာ မဲခေါင်ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲတွင် ပါဝင်လာခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်က လေးသင်းသာ ယှဉ်ပြိုင် ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဗီယက်နမ်အသင်းနှင့် ထိုင်းအသင်းတို့က အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲတို့တွင် အသီးသီး ကြိုတင် စောင့်နေခြင်းနှင့် ပတ်သက်၍လည်း  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးတင်အောင်က ‘  ထိုင်းရဲ့ ပရီးမီးယားလိဂ် level က တိုယိုတာက စပွန်စာ လုပ်ထားတာ တော်တော်ကြာပြီ။

အဲဒီအပြင်ကို ထိုင်းလိဂ်ရဲ့ class (အဆင့်) က မှန်တဲ့ အတိုင်း ပြောမယ်ဆိုရင် သူတို့က မြင့်ပါတယ်။ ဆိုတော့ ဗီယက်နမ်က ဆီမီးဖိုင်နယ် ရောက်တာကတော့ ပြီးခဲ့တဲ့နှစ် ပြိုင်ပွဲမှာ သူက ပထမ ရလို့ ပေးထားတာ ဖြစ်ပါတယ်။ နောက်နှစ်လည်း ကျွန်တော် တို့ ပထမ ၊ ဒုတိယ ရမယ်ဆိုရင် ဒီလို အစီအစဉ်မျိုးကို သတ်မှတ်ပေးမှာ ဖြစ်ပါတယ်’ ဟု  ထိုင်းနိုင်ငံ တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာ သတင်းစာ ဆရာများကို  ပြောသည်။

ယခုနှစ်တွင် လက်ရှိအချိန်ထိ ရန်ကုန် ယူနိုက်တက် အက်ဖ်စီ အသင်းက ထိပ်ဆုံးရောက်ရှိနေပြီး  ယင်းအချက် ကလည်း အားရ စရာ အခြေအနေဖြစ်ကာ ရန်ကုန်ယူနိုက်တက်သည် ကလပ်အသင်းများတွင် ကြိုးစားသည့် အသင်းတစ်သင်း ဖြစ်သည်ဟုလည်း ဦးတင်အောင်က ဆိုသည်။ ယင်းအပြင် လက်ရွေးစင် ဘောလုံးပြိုင်ပွဲ များတွင် မပါဝင်သည့် ကလပ်အသင်း ကစားသမားများ အတွက်လည်း ယခု ပြိုင်ပွဲမျိုးက  အတွေ့အကြုံရသည် ဟု ၎င်းက ဆိုသည်။  

တိုယိုတာ မဲခေါင်ကလပ် ချန်ပီယံရှစ် တံခွန်စိုက် ဘောလုံးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သည့် အသင်းများ အားလုံး အတွက် ဆုကြေးငွေ ရရှိမည်ဖြစ်ပြီး ချန်ပီယံအသင်းအတွက် အမေရိကန်ဒေါ်လာ ၇၅၀၀၀၊ ဒုတိယဆု အတွက် ကန်ဒေါ်လာ ၅၀၀၀၀၊ တတိယဆုအတွက် ကန်ဒေါ်လာ ၃၀၀၀၀၊ စတုတ္ထဆုအတွက် ကန်ဒေါ်လာ ၁၀၀၀၀ နှင့် ပဉ္စမဆု အတွက် ကန်ဒေါ်လာ ၅၀၀၀ ပေးအပ်မည် ဖြစ်သည်။ ယင်းအပြင် တန်ဖိုးအရှိဆုံး ကစားသမားဆု အတွက်မူ အမေရိကန်ဒေါ်လာ ၃၀၀၀ ပေးမည် ဖြစ် သည်။

အဆိုပါ  တိုယိုတာ မဲခေါင်ကလပ် ချန်ပီယံရှစ် တံခွန်စိုက် ဘောလုံးပြိုင်ပွဲကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်က စတင် ကျင်းပခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်က  မြန်မာ နေရှင်နယ်လိဂ် အသင်း တစ်သင်းဖြစ်သည့် ဧရာဝတီယူနိုက်တက် အသင်းက ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယ ရရှိခဲ့ကာ ဗီယက်နမ်က ပထမ ရရှိခဲ့ခြင်းဖြစ်သည်။

တိုယိုတာ မော်တာ အာရှပစိဖိတ်ကို စင်ကာပူနိုင်ငံတွင် ဖွဲ့စည်းပြီး အာရှပစိတ်ဒေသတွင်း ဖြန့်ချီရေးနှင့် ဒေသတွင်း ဘဏ္ဍာရေး လုပ်ဆောင်ချက်များကို ဆောင်ရွက်သော ဒေသတွင်း ရုံးချုပ်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly