သြစတြေးလျရှိ ကလေးဆေးရုံကို အလည်ပတ် သွားခဲ့တဲ့ တေလာဆွစ်ဖ်

သြစတြေးလျရှိ ကလေးဆေးရုံကို အလည်ပတ် သွားခဲ့တဲ့ တေလာဆွစ်ဖ်

နယူးယော့ခ်၊ ဇူလိုင် ၁၃ ။          ။ ပေါ့ပ်ကြယ်ပွင့် တေလာဆွစ်ဖ်သည် ရောဂါခံစားနေရသော ကလေးငယ်များကို ဝမ်းသာ ပျော်ရွှင်စေရန် သြစတြေးလျနိုင်ငံရှိ ကလေးဆေးရုံသို့ အမှတ်မထင် သွားရောက်လည်ပတ်ခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အသက် ၂၆ နှစ်အရွယ်ရှိ တေလာသည် ချစ်သူဖြစ်သူ တွမ်ဟဲဒဲလ်စတန်နှင့်အတူ သြစတြေး လျသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ ဟဲဒဲလ်စတန်သည် အလုပ်ကိစ္စအတွက် အပြင်သွားရောက်နေစဉ်   တေလာသည် ကွင်းစလန်းပြည်နယ်ရှိ Lady Cilento ကလေးဆေးရုံသို့ ဇူလိုင် ၁၂ ရက် နေ့လည်က အလည်ပတ် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

တေလာသည် ရောဂါခံစားနေရသော ကလေးငယ်များနှင့် စကားပြောခဲ့ပြီး ဓာတ်ပုံများ ရိုက်ခဲ့ကြသည့်အပြင် ကလေးများအတွက် တေးသီချင်းများကိုလည်း သီဆိုပြခဲ့သည်။

“ဇူလိုင် ၁၂ ရက်နေ့လည်က Lady Cilento ကလေးဆေးရုံသို့ လာရောက်ပြီး ကျွန်တော်တို့ရဲ့ လူနာရှင်တွေနဲ့ မိသားစုဝင်တွေကို ဘယ်တော့မှ မမေ့နိုင်တဲ့  အံ့သြမှုတွေ ပေးခဲ့တဲ့အတွက် တေလာ ဆွစ်ဖ်ကို ကျေးဇူးတင်ပါတယ်။ ဒီနေ့ညမှာ တေလာလုပ်ပေးခဲ့တဲ့ အမှတ်တရတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး” ဟု ကလေးဆေးရုံ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ပြောကြားထားသည်။

ရောဂါခံစားနေရသော ဆယ်ကျော်သက်အရွယ် ကလေးငယ်များကို ထောက်ပံ့ပေးရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသော အကျိုးအမြတ်မလိုလားသော အဖွဲ့အစည်း Starlight ကလေး သူငယ် ဖောင်ဒေရှင်း၏ စီစဉ်မှုဖြင့်  တေလာဆွစ်ဖ် လာရောက်လည်ပတ်ခဲ့ခြင်း ဖြစ်သည်။

အသက် ၃၅ နှစ်အရွယ်ရှိ တွမ်ဟဲဒဲလ်စတန်သည် မကြာမီ ထုတ်လွှင့်ပြသမည့် “Thor: Ragnarok” ရုပ်ရှင်ကား ရိုက်ကူးရေးအတွက် သြစတြေးလျတွင် ရောက်ရှိနေခြင်း ဖြစ်သည်။ ဟဲဒဲလ်စ တန်သည် ဂျိမ်းစဘွန်းမင်းသား လက်သစ်အဖြစ် ရေပန်းစားနေဆဲ ဖြစ်သော်လည်း အတွင်းလူများက တေလာဆွစ်ဖ်နှင့်  ဆက်ဆံရေးကြောင့် ၎င်း၏ အခွင့်အရေးသည် ပျက်စီးနိုင်သည်ဟု ယူဆထားကြ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly