ကြောက်ရွံ့မှုမရှိဘဲ ရပ်တည်နိုင်ဖို့က ကြောက်တဲ့အကြောင်းရင်းကို ခွဲခြမ်းစဉ်းစားနိုင်ရမယ်လို့ ဆိုတဲ့ ကာလုံနည်းပြဆရာမ မီရှဲလ်

.

အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုတွေ နဲ့ ကြုံကြရတယ်ဆိုရင် ဘယ်လိုသဘောထားကြရမယ် ဘယ်လိုပြင်ဆင်ကြရမယ်ဆိုတာ ခြေခြေမြစ်မြစ် ပြောပြနိုင်သူကတော့ “မီရှဲလ်” ဖြစ်ပါတယ်။ မီရှဲလ်ဟာ ကိုယ်လုံသင်တန်းကျောင်းတစ်ခု ဖွင့်လှစ်သင်ကြားပေးနေတဲ့ နည်းပြဆရာမတစ်ဦးဖြစ်သလို တဖက်ကလည်း အလှမယ်တစ်ဦးလည်းဖြစ်ပါတယ်။

မီရှဲလ်တစ်ယောက် ဘယ်လိုနည်းနဲ့ ကိုယ်လုံသင်တန်းဆရာမ ဖြစ်လာရတာလဲ။ ဘယ်လိုနည်းနဲ့ အလှမယ်တစ်ဦး ဖြစ်လာရတာလဲ။

မီရှဲလ်က အခုလို စတင်ရှင်းပြပါတယ်။

“မီရှဲလ်က ငယ်ငယ်တည်းက အကိုလေးယောက်ရှိတယ်။ လေးယောက်ရှိတော့ အကိုတွေနဲ့ပဲ ဆော့ရင်းနဲ့ အရမ်း ယောက်ျားလေးဆန်တယ်။ ဒါပေမယ့် အမေကတော့ ကလေးအရမ်းများတော့ အဲလို အားကစားသင်တန်းတွေဘာတွေ လိုက်ပို့ပေးဖို့ မအားဘူးပေါ့။ နောက် ဆယ်တန်းပြီးတော့မှ ဘောက်ဆင်( Boxing )ထိုးချင်တယ်ဆိုပြီး ဘောက်ဆင်တက်တယ်။ အဲမတိုင်ခင်က အေရိုးဗစ် ကစားတယ်။ ဒါပေမယ့် အရမ်းပြင်းဖို့ကောင်းတော့ ဘောက်ဆင်ပဲ ကစားဖြစ်သွားတယ်။

အခု ညီမသင်ဖြစ်တာကတော့ YMBA က ဆရာ တင်ကျော်လတ်နဲ့ သင်ဖြစ်တာပါ။ ၂၀၁၁ လောက်တည်းက စကစားဖြစ်ပါတယ်။ ဒါပေမယ့် မကစားလိုက် ကစားလိုက်ဆိုတော့ အချိန် ပုံမှန်တော့ လေ့ကျင့်ဖြစ်တယ်။ ဒါပေမယ့် ဆရာက မိန်းကလေးဖြစ်တဲ့အတွက် ခါပတ် မတပ်ပေးဘူး”

မီရှဲလ် က ကိုယ်လုံသင်တန်းတစ်ခု လုပ်ဖြစ်သွားပုံကိုလည်း အခုလို ပြောပြပါတယ်။

“ဆယ်တန်းပြီးတော့ ကိုယ့်ဖါသာ အမေက တစ်ယောက်တည်းလွှတ်တယ်။ လွှတ်တော့ သွားရင်းလာရင်းနဲ့ Sexual Harassment ( လိင်ပိုင်းဆိုင်ရာ ထိပါးနှေက်ယှက်မှု )တွေ ကြုံရတယ်။ ကြုံရတဲ့အချိန်မှာ ဘာလို့ငါ အဲလိုမျိုး မတုန့်ပြန်နိုင်တာလဲဆိုပြီးတော့မှ တွေးမိတယ်။ ငါ အားနည်းနေလို့လား။ ငါ အားနည်းနေတာမဟုတ်ဘူး ဆိုလို့ရှိရင်တော့ ငါ မတုန့်ပြန်တတ်တာပဲ ဆိုပြီးတော့မှ အဲလိုမျိုး Boxing သင်တန်း တက်ဖြစ်ရင်းနဲ့မှ သင်ဖြစ်သွားတာ။ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄ သင်ရင်းနဲ့မှ ၂၀၁၃ မှာ ရိုဒယ်ဆိုတဲ့ အမျိုးသမီးနဲ့တွေ့တယ်။ ရိုဒယ်က နင် Self Defense သင်တန်း ဖွင့်ပါလားတဲ့။ ငါ ကျောင်းတက်နေတဲ့အချိန် ဖြစ်တဲ့အတွင် မသင်နိုင်သေးဘူးပေါ့။ ဒီ ၂၀၁၅ မှာမှ ရိုဒယ်က နင်သင်နိုင်ပြီလားဆိုတော့ ငါသင်နိုင်တယ်ဆိုပြီးတော့မှ မစောယုကိုရယ် သူငယ်ချင်းတွေနဲ့ ပေးတွေ့ပြီးတော့ ညီမတို့ သင်တန်းတစ်ခု ဖွင့်ဖြစ်သွားတာပါ”

ဒီနေရာမှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှု နဲ့ပတ်သက်ပြီး မီရှဲလ်က သေသေချာချာရှင်းပြပါတယ်။ ဒီလို ကြုံတဲ့အခါ မိန်းကလေးတွေ ထားရှိသင့် ထားရှိအပ်တဲ့ စိတ်အနေအထားကို အခုလို ရှင်းပြပါတယ်။

“Sexual Harassment ဆိုတာ ကိုယ့်ရဲ့ အပြစ်ကြောင့် မဟုတ်ပါဘူး။ အခြား ရှေ့လူကြီးတွေကပြောကြတယ်။ နင်တို့တွေက မလုံမခြုံဝတ်ထားလို့ ပြီးလို့ရှိရင် ပြီတီတီနေလို့ စသဖြင့် အများကြီးပြောကြတယ်။ အဲလိုပြောတာတွေက မဟုတ်ပါဘူး။ Sexual Harassment  ဖြစ်တယ်ဆိုရင် အမျိုးသမီးတွေအကုန်လုံးက လုံလုံခြုံခြုံ ဝတ်စားထားတယ်။ ကိုယ့်လမ်းကိုယ်သွား ဒီနေရာပဲ သွားနေတဲ့အခါမျိုးမှာ ဖြစ်လာတာမျိုးပါ။ အဲလိုမျိုး ဖြစ်လာတာမျိုးဆိုရင် တစ်ခုခု အော်လိုက်တာပဲဖြစ်ဖြစ် တုန့်ပြန်တာပဲဖြစ်ဖြစ် လုပ်ပါ။ သူ့ဘက်က ပြန်ပြီး တုန့်ပြန်ခဲ့လို့ရှိရင်လည်း မကြောက်ပါနဲ့။ တရားဥပဒေအရ အရေးယူလို့ ရပါတယ်”

မီရှဲလ်က ကိုယ်လုံသင်တန်းနဲ့ပတ်သက်ပြီးလည်း အခုလို ရှင်းလင်းပြောပြပါတယ်။

“သင်ပေးတဲ့အထဲမှာ ပထမဆုံးက မဖြစ်လာအောင် တားဖို့ပါ။ တစ်ယောက်ယောက်က ကိုယ့်နောက်ကို လိုက်လာတယ်။ အကြမ်းဖက်ဖို့ပဲဖြစ်ဖြစ် ပစ္စည်းလုဖို့ပဲဖြစ်ဖြစ် အဲဒီအခါကျရင် ရပ် နင် ဟန့်တားတဲ့ စကားလုံးနဲ့တင် သူတို့က တန့်သွားပါတယ်။ ဒါမှမဟုတ်လို့ရှိရင် ထပ်တိုးလာတယ်။ ထပ်တိုးလာလို့ရှိရင် လက်ဟန်နဲ့ ရပ်ခိုင်းလိုက်။ သူတို့က အဲဒါမှ မရပ်သေးဘူးဆိုရင် လက်သီးဆုပ်ပြီးတော့ ထိုးဖို့ ဟန်ပြင်တယ်။ သူတို့ကို လက်သီးထိုးနည်းတွေ သင်ပေးပါတယ်။ လက်သီးထိုးပြီးတော့ ကိုယ်က ထိုးတတ်တယ်။ သူက ထိုးဖို့ပြန်ပြင်လာရင်ရော ဘယ်လိုလုပ်မလဲဆိုရင် ကာတဲ့နည်း သင်ပေးပါတယ်။ ကာပြီးသွားပြီ။ ကာပြီးသွားရင်ကော ဘာဆက်လုပ်မှာလဲ။ သူ့ကို ပြန်ထိုးတဲ့ဟာမျိုး သင်ပေးပါတယ်။ ထိုးပြီးရုံနဲ့ ရလား။ သူက ကိုယ့်ကို ပြန်ပြီး တိုက်ခိုက်နေဦးမယ်ဆိုရင် ကန်တာတွေ ဒူးနဲ့တိုက်တာတွေ အဲဒါမျိုးတွေကို သင်ပေးပါတယ်”

တချိန်တည်းမှာပဲ မီရှဲလ်ဟာ ကာလုံသင်တန်းဆရာမ တစ်ဦး၊ Boxing သမားတစ်ဦး ဆိုပေမယ့်လည်း တဖက်မှာက မော်ဒယ်တစ်ဦးလည်း ဖြစ်ပါသေးတယ်။ မော်ဒယ်တစ်ဦးဖြစ်လာပုံကိုလည်း သူက အခုလို ရှင်းပြပါတယ်။

“သူငယ်ချင်းက နင့်ရုပ်နဲ့ဆို ဖြစ်မှာတဲ့။ မော်ဒယ်ပြိုင်ပွဲတွေ ဝင်ပြိုင်ပါလားတဲ့။ အေးဆိုပြီး ဝင်ပြိုင်လိုက်ရင်းနဲ့ ဝင်ပြိုင်ဖြစ်သွားတယ်။ ဝင်ပြိုင်လိုက်ပြီးတော့ ၂၀၁၃ Miss International ခေါ်တယ်။ ခေါ်တော့ အမေက ဘာပဲဖြစ်ဖြစ် ဝင်ပြိုင်လိုက်တဲ့။ ဝင်ပြိုင်ရင်းနဲ့မှ အဲဒီ Miss ပြိုင်ပွဲတွေ ဝင်ပြိုင်ဖြစ်သွားတာပါ။

Miss Internalional ၂၀၁၃ တုန်းက ညီမ Top 10 ထိ ဝင်ပါတယ်။ Miss Unverse 2013 တုန်းကကျတော့ Miss Environment တစ်ခု ရပါတယ်။ Miss ပြိုင်တယ်ဆိုတာက အဓိကက လှလှလေးနေချင်တာရယ်၊ ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့အတွက်ရယ် အခြေခံပြီးတော့ ပြိုင်ဖြစ်သွားတာပါ။ ဒီလိုမျိုး မော်ဒယ်လုပ်ဖို့အတွက်ကတော့ မော်ဒယ်ဘဝက သူတို့က အမြဲတမ်း ကျော့မော့ လှပနေတာမျိုးဖြစ်ရတယ်။ ပြီးတော့ ဘယ်လိုပြောမလဲဆိုတော့ အပြိုင်အဆိုင် များတယ်ပေါ့။ မီရှဲလ်က အဲလိုမျိုးနေတာကို သဘောမကျဘူး။ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး နေတာကိုပဲ သဘောကျတယ်။ အဲတော့ ပြိုင်ပွဲတွေကတော့ ဝါသနာပါတဲ့အတွက် ဝင်ပြိုင်ဦးမှာပါ။ ဒါပေမယ့် အဲလိုမျိုး မော်ဒယ်အနေနဲ့ ရပ်တည်ဖို့တော့ မရှိပါဘူး”

မီရှဲလ်က မိသားစုဘ၀အခြေအနေကိုလည်း ရှင်းပြပါတယ်။

“မိသားစုက စုစုပေါင်း ၉ ယောက်ရှိပါတယ်။ အကိုလေးယောက် ညီမသုံးယောက် ညီမအပါဝင်ဆို ၇ ယောက် အဖေအမေနဲ့ဆို ၉ ယောက်ပေါ့။ ယောင်းမနဲ့ဆိုတော့ ၁၀ ယောက်၊ ပြီးရင် တူမလေးတစ်ယောက်နဲ့ဆိုတော့ ၁၁ ယောက်ပေါ့။ ဒါကတော့ အိမ်မှာနေတဲ့ မိသားစု အရင်းအချာတွေပါ။ နောက်ပြီးတော့ မွေးစားအမတွေလည်းရှိတယ်။ ပြီးတော့ အိမ်မှာလာပြီး ထမင်းချက်ပေးနေတဲ့ အန်တီကြီး လာကူပေးနေတဲ့ ကောင်မလေးတွေလည်း ရှိပါတယ်။ အိမ်မှာက အများကြီးပါပဲ။ ရုံးကလည်း အိမ်မှာပဲဆိုတော့ ရုံးဝန်ထမ်းတွေနဲ့ဆိုတော့ အိမ်မှာ မရှိဘူးဆို အယောက် ၂၀ ကျော်လောက်တော့ ရှိပါတယ်။ ဖေဖေကတော့ Export, Inport လုပ်ပါတယ်။ အကို အကြီးဆုံးကတော့ ဆရာဝန်ပါ။ အခုသူ MRCP ဖြေနေပါတယ်။ ဒုတိယအကိုကတော့ Law ပါ။ အခုသူ PHD တန်း ဖြေနေပါတယ်။ တတိယအကိုကတော့ Law ကို Master ဖြေနေပါတယ်။ စတုတ္ထအကိုကတော့ အခု ဒန်တယ်မှာ နောက်ဆုံးနှစ်ပါ။ ပြီးတော့ မီရှဲလ်၊ ပြိးတော့ ညီမလေးကကျတော့ Law အဝေးသင်တက်နေပါတယ်။ အငယ်ဆုံး ညီမလေးကတော့ သမ္မတ ပညာတော်သင် စကော်လာရပြီးတော့ အခု သြစတေးလျမှာ ကျောင်းတက်နေပါတယ်”

မီရှဲလ်ရဲ့ တနေ့တာ ဖြတ်သန်းမှုကလည်း ရိုးစင်းလှတဲ့အကြောင်း သူကပဲ ပြောပြပါတယ်။

“မီရှဲလ်ရဲ့ တစ်နေ့တာက အရမ်းကို ရိုးရှင်းပါတယ်။ မနက် အိပ်ရာနိုးတယ်။ အိပ်ရာနိုးတာနဲ့ မျက်နှာသစ် သွားတိုက်ပြီးတာနဲ့ ရုံးတက်တယ်။ ပြီးတော့ ရုံးချိန်ပြီးတာနဲ့ ရေမိုးချိုးပြီးတော့ ချစ်သူနဲ့ တွေ့ရင်တွေ့တယ်။ မတွေ့လို့ရှိရင် ဂျင်သွားကစားတယ်။ ဒါမှမဟုတ်လို့ရှိရင် ဘောက်ဆင်သွားတယ်။ ပြန်လာတယ်။ ရုပ်ရှင်ကြည့်တယ်။ ပြီးရင်အိပ်တယ်။ နောက်နေ့ကျရင် ရုံးတက်တယ်။ စနေ၊ တနင်္ဂနွေဆိုရင် သင်တန်းပြတယ်။ ဒါမှမဟုတ်ရင် သင်တန်းရှိတဲ့ရက်ဆိုရင် သင်တန်းပြတယ်။

မီရှဲလ်အနေနဲ့ကတော့ လူတိုင်းကို ကြောက်ဖို့မလိုပါဘူး။ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အချင်းချင်း Respect ထားရမယ်။ ကိုယ့်ကို အပြန်အလှန် လေးစားမယ်။ ပြီးလို့ရှိရင် ဝေဖန်မှုတွေ မရှိပဲနဲ့ အပြစ်တင် ဝေဖန်တာမျိုးမဟုတ်ပဲနဲ့ အမျိုးသမီးအချင်းချင်း ကူညီ ဖေးမတယ်ဆိုလို့ရှိရင် ကျွန်မတို့ ဒီလိုမျိုးအဖြစ်တွေ ဖြစ်တာကနေ အိမ်တွင်းအကြမ်းဖက်မှုတွေဖြစ်တာ၊ ပြီးလို့ရှိရင် ကျန်းမာရေးအသိ ချို့တဲ့တာမျိုးတွေကနေ ကျော်လွှားနိုင်မယ်လို့ ထင်ပါတယ်ရှင့်”

ဒီတခါမှာတော့ မီရှဲလ်က အကြောက်တရားနဲ့ပတ်သက်ပြီး အခုလို ရှင်းပြရင်း စကားနိဂုံးချုပ်ပါတယ်။

“အမျိုးသမီးတွေအနေနဲ့ ပထမဆုံး ကြောက်ရွံ့မှုမရှိပဲ ရပ်တည်နိုင်ဖို့က ဘာကြောင့် ကြောက်တာလည်းဆိုတာကို စဉ်းစားနိုင်ဖို့ လိုပါတယ်။ ဥပမာ ကိုယ်က အမျိုးသားတစ်ယောက်က ကိုယ့်ကို တိုက်ခိုက်မှာကြောက်တာလား၊ စော်ကားမှာကြောက်တာလား၊ ဒါမှမဟုတ်လို့ရှိရင် ခြိမ်းခြောက်ခံရတာကို ကြောက်တာလား၊ အဲဒါမျိုးအပေါ်မှာ မူတည်ပြီးတော့မှ ကိုယ်က ဘယ်လိုမျိုးကို ကြောက်တာလည်းဆိုတာ ခွဲရမယ်။ ဥပမာ ကိုယ့်ကို ကိုယ်ထိလက်ရောက် တိုက်ခိုက်တယ်ဆိုလို့ရှိရင် ဒါ ကိုယ့်အသားနာမှာကြောက်တာ၊ အဲဒီအခါကျရင် ပြန်ပြီး တိုက်ခိုက်ဖို့လိုတယ်။ စကားနဲ့ပြောတာကြောက်တယ်။ စကားနဲ့ပြောတာဆိုရင် သူ ဘယ်လိုပြောတဲ့အပေါ်မှာ မူတည်ပြီးတော့ ကိုယ်က သူ့ကို ပြန်တုန့်ပြန်နိုင်ရမယ်။ ဘယ်လို ပြန်တုန့်ပြန်နိုင်ရမလဲဆိုတာကိုလည်း သိရမယ်။ နောက်တစ်ခုက ကိုယ့်ကို ခြိမ်းခြောက်လာခဲ့တယ်။ အခုဆိုရင် ဓားနဲ့ထိုးတာတွေ ဖြစ်လာခဲ့တယ်။ ကိုယ့်ရည်းစားနဲ့ နှစ်ယောက်တည်း ရှိနေတုန်းကပုံတွေကို အင်တာနက်မှာ ဖြန့်မယ်ဆိုတာမျိုးတွေ ရှိပါတယ်။ အဲလိုမျိုးဟာမျိုးတွေကျရင် ကိုယ်က သူတို့ကို ဘယ်လိုမျိုး အနိုင်ယူရမလဲဆိုတာ ကိုယ့်မှာ Legal Knowledge ရှိဖို့ လိုပါတယ်။ အဲလိုမျိုး အသိတရားရှိခြင်းက ကြောက်ရွံ့မှုကို ကျော်လွှားနိုင်မယ်လို့ မိရှဲလ် ထင်ပါတယ်”