တန်းတူညီမျှ အခွင့်အရေးအတွက် စိန်ခေါ်မှုများနှင့် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်တဲ့ မြန်မာအမျိုးသမီးများ

13 July 2016
တန်းတူညီမျှ အခွင့်အရေးအတွက် စိန်ခေါ်မှုများနှင့် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်တဲ့ မြန်မာအမျိုးသမီးများ

မေစပယ်ဖြူနှင့် မီရှယ် အိုနယ်လို

မြန်မာနိုင်ငံအစိုးရမှ ၁၉၉၇ ခုနှစ်ကတည်းက ကတိကဝတ်ပြု လက်မှတ်ရေးထိုးခဲ့တဲ့ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေး နိုင်ငံတကာသဘောတူစာချုပ် (စီဒေါ) ပါ ပြဌာန်းချက်တွေအတိုင်း အမျိုးသမီးများ အခွင့်အရေးအပြည့်အဝရရှိရေးအတွက် နိုင်ငံတော်အစိုးရအနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ရှိ၊ မရှိနဲ့ ပတ်သက်ပြီး ဇူလိုင်လ ၇ ရက်နေ့၊ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို.မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂစီဒေါကော်မတီရဲ့ ၆၄ ကြိမ်မြောက်အစည်းအဝေးမှာ ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံက လက်မှတ်ရေးထိုးအတည်ပြုထားတဲ့ စီဒေါသဘောတူစာချုပ်ဟာ အမျိုးသမီးများရဲ.အခွင့်အရေးနဲ့ပတ်သက်ပြီး တိကျစွာ အကာအကွယ်ပေးပြဌာန်းထားတဲ့ နိုင်ငံတကာဥပဒေတစ်ခုဖြစ်ပါတယ်။ စီဒေါသဘောတူစာချုပ်ထဲမှာ အမျိုးသမီးများကို နိုင်ငံရေးနဲ့ အများပြည်သူဆိုင်ရာဘဝတွေမှာ နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံနေတာတွေ အားလုံးကို ရပ်တန့်ဖို့၊ အမျိုးသမီးတွေရဲ တန်းတူညီမ ျှအခွင့်အရေးကို အကြွင်းမဲ့ရရှိခံစားရစေဖို့နဲ့ အဲဒါတွေကို နိုင်ငံတော်အစိုးရမှ တာဝန်ယူဆောင်ရွက်ပေးဖို့ ဝတ္တရားတွေဟာ အခြေခံမူများအဖြစ်ပါဝင်ပါတယ်။ စီဒေါစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအစိုးရတွေဟာ အမျိုးသမီးတွေရဲ.အခွင့်အရေးနဲ့ပတ်သက်ပြီး ပြောင်းလဲတိုးတက်မှု အခြေအနေတွေကို ကုလသမဂ္ဂစီဒေါကော်မတီထံ ၄ နှစ်တစ်ကြိမ် ပုံမှန်အစီရင်ခံစာ တင်သွင်းဖို့ တာဝန်ရှိပါတယ်။ မြန်မာနိုင်ငံအစိုးရအနေနဲ့ ၁၉၉၇ ခုနှစ်ကတည်းက စီဒေါစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပေမယ့် ပထမဆုံးအကြိမ် အစီရင်ခံစာကို ၂၀၀၀ ခုနှစ်မှာတစ်ကြိမ်၊ ဒုတိယအကြိမ်နဲ့ တတိယအကြိမ် ပူးတွဲအစီရင်ခံစာကို ၂၀၀၇ ခုနှစ်မှာ တစ်ကြိမ်နဲ့ စတုတ္ထအကြိမ်နဲ့ ပဉ္စမအကြိမ်အတွက် ပူးတွဲအစီရင်ခံစာကို ၂၀၁၅ ခုနှစ်တို့မှာတစ်ကြိမ်စီသာ ရေးသားတင်သွင်းနိုင်ခဲ့တာမို့ ယခုဂျနီဗာမြို.မှာ ကုလသမဂ္ဂစီဒေါကော်မတီနဲ့အတူ သုံးသပ်ခဲ့တဲ့အစီရင်ခံစာကတော့ မြန်မာနိုင်ငံအစိုးရရဲ့ တတိယအကြိမ်မြောက် တင်သွင်းတဲ့ အစီရင်ခံစာဖြစ်ပါတယ်။

ဂျနီဗာမှာကျင်းပခဲ့တဲ့ ကုလသမဂ္ဂစီဒေါကော်မတီရဲ့ ၆၄ ကြိမ်မြောက် အစည်းအဝေးမှာ ၂၀၁၁ ခုနှစ်၊ ဦးသိန်းစိန်ဦးဆောင်တဲ့ အရပ်သားအစိုးရတစ်ပိုင်း စစ်အစိုးရလက်ထက် အပြောင်းအလဲအချို့ ဖြစ်ပေါ်လာပြီးနောက်ပိုင်း ၂၀၁၅ ခုနှစ်မှာ ရေးသားတင်သွင်းခဲ့တဲ့အစီရင်ခံစာကို ၂၀၁၆ ခုနှစ်၊ ဧပြီလမှာ အာဏာရလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အစိုးရအသစ်ရဲ. ကိုယ်စားလှယ်အဖွဲ့ဟာ စီဒေါကော်မတီထံ အပြန်အလှန်ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါတယ်။ ထူးခြားချက်အနေနဲ့ အခုအစိုးရသစ်လက်ထက်မှာ ပြည်တွင်း/ပြည်ပမှ အမျိုးသမီးအခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်တဲ့ အဖွဲ့အစည်းများမှ အမျိုးသမီးကိုယ်စားလှယ်တွေ အများအပြား ပထမဆုံးအကြိမ်အဖြစ် ပါဝင် ဆွေးနွေးခွင့်ရခဲ့တာဖြစ်လို့ မြန်မာနိုင်ငံရဲ့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုအတွက် သမိုင်းတွင်မယ့် အစည်းအဝေး တစ်ခုဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်တုန်းက မြန်မာအစိုးရအနေနဲ့ စီဒေါအစီရင်ခံစာ တင်သွင်းခဲ့တယ်ဆိုပေမယ့် စစ်အာဏာရှင်နဲ့ စစ်အုပ်ချုပ်ရေးလက်အောက်မှာ နေခဲ့ရတဲ့အချိန်ဖြစ်တာမို့ ကြံုံတွေ့ရနိုင်တဲ့ အန္တရာယ်နဲ့ စိန်ခေါ်မှုတွေကို စိုးရိမ်ပူပန်ရတာကြောင့် ပြည်တွင်းမှ အမျိုးသမီးအခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများအနေဖြင့် ပြည်တွင်းက အမျိုးသမီးတွေရဲ.အခြေအနေကို နိုင်ငံတကာအသိုင်းအဝိုင်းသိအောင် အစီရင်ခံစာရေးသားရန်၊ အခြားတိုက်ရိုက် လှုံ့ဆော်တိုက်တွန်းသည့် လုပ်ငန်းများကို လုပ်ကိုင်နိုင်ရန် အခြေအနေမပေးခဲ့ပါ။ ဒါကြောင့် ယခင်စီဒေါကော်မတီက မြန်မာနိုင်ငံမှ အစီရင်ခံစာတွေကို ကြားနာတဲ့ အစည်းအဝေးတွေကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို.အခြေစိုက် တိုင်းရင်းသူအမျိုးသမီးအဖွဲ့ ၁၃ ဖွဲ့ဖြင့်ဖွဲ့စည်းထားသည့် အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တစ်ဖွဲ့တည်းသာ မြန်မာအမျိုးသမီးများရဲ့အသံကို တက်ရောက်ကိုယ်စားပြုဖော်ပြနိုင်ခဲ့ပါတယ်။ ယခုကျင်းပပြီးစီးခဲ့တဲ့ စီဒေါကော်မတီအစည်းအဝေးနဲ့ ၂၀၀၈ ခုနှစ်မတူညီတဲ့အချက်မှာ ပြည်တွင်းမှ အဖွဲ့အစည်းအမျိုးမျိုးကို ကိုယ်စားပြုတဲ့ အမျိုးသမီးကိုယ်စားလှယ်များအနေနဲ့ စီဒေါကော်မတီရှေ.မှာ အစိုးရကပေးခဲ့တဲ့ နိုင်ငံကိုယ်စားပြု ကတိကဝတ်တွေကိုတည်တံ့စေဖို့အလို့ငှာ စင်ပြိုင်အစီရင်ခံစာများကို တိုက်ရိုက်ရေးသားတင်သွင်းနိုင်ခဲ့တာ သာမက ဂျနီဗာမှာ စီဒေါကော်မတီနဲ့တွေ့ဆုံတဲ့ အစည်းအဝေးမှာ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ပြီး ရှင်းလင်းတင်ပြ၊ ကြားနာခွင့်ရခဲ့ပါတယ်။ ဒီအစည်းအဝေးအပြီးမှာ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုတွေအားလုံးကို ရပ်တန့်ဖို့၊ တန်းတူညီမျှ အခွင့်အရေးရရှိမှုကို သေချာစေဖို့နဲ့ အမျိုးသမီးများရဲ.အခွင့်အရေးကို လေးစားလိုက်နာ အကာအကွယ်ပေးဖို့အတွက် အရေးပါတဲ့ တိုင်းတာနိုင်မယ့်ညွှန်းကိန်းတွေကို မြန်မာအစိုးရအနေနဲ့ ချမှတ်နိုင်ဖို့ စီဒေါကော်မတီက အကြံပြုတိုက်တွန်းချက်တွေကို တရားဝင်ထုတ်ပြန်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အကူူးအပြောင်းကာလမှာ အမျိုးသမီးတွေနောက်မှာ မကျန်ရစ်ရလေအောင် ကျား၊ မ ရေးရာ ကွာဟချက်တွေနဲ့ အဲဒီလိုကွာဟချက်တွေကို ဖြည့်ဆည်းဆောင်ရွက်နိုင်မယ့် အဆင့်တွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။

၆၄ ကြိမ်မြောက် စီဒေါကော်မတီအစည်းအဝေးမှာ မြန်မာနိုင်ငံအစိုးရ ကိုယ်စားလှယ်အဖွဲ့က စီဒေါအစီရင်ခံစာတင်သွင်းနေစဉ်မှာ အမျိုးသမီးအဖွဲ့များအနေနဲ့လည်း သူတို့ဘက်ကစီဒေါကော်မတီကို အသိပေးတင်ပြလိုတဲ့ အမျိုးသမီးအခွင့်အရေးအတွက် အရေးပါတဲ့အချက်တွေကို ပူးပေါင်းဆွေးနွေးပြီး စုစည်းတင်ပြနိုင်ခဲ့ပါတယ်။စီဒေါကော်မတီကို စင်ပြိုင်အစီရင်ခံရေးသားတင်သွင်းခဲ့ကြတဲ့ အမျိုးသမီးအဖွဲ့ အစည်းတွေကတော့ စီဒေါအက်ရှင်မြန်မာ၊ ကျား၊ မ ရေးရာတန်းတူညီမ ျှရေးကွန်ရက်၊ အမျိုးသမီးအဖွဲ့အစည်းများကွန်ရက်နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) နဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့တို့ဖြစ်ပါသည်။

စီဒေါသဘောတူစာချုပ်ဟာ အမျိုးသမီးများရဲ့ အခွင့်အရေးနှင့်ပတ်သက်ပြီး ကျယ်ပြန့်စွာဖော်ပြထားတဲ့ စာချုပ်ဖြစ် တာနဲ့အညီ ယခုဂျနီဗာမှာ ကျင်းပပြုလုပ်ခဲ့တဲ့အစည်းအဝေးဟာ မြန်မာအမျိုးသမီးတွေအတွက် အလွန်မှအကျိုးရှိထိရောက်တဲ့ အစည်းအဝေးတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဆွေးနွေးတင်ပြခဲ့တဲ့ အကြောင်းအရာတွေကတော့ - တရားဥပဒေစိုးမိုးခြင်း၊ တရားမ ျှတမှုကို လက်လှမ်းမီခြင်းနဲ့ ပြစ်မှုမှ ကင်းလွတ်ခွင့်ရနေမှုကို ရပ်တန့်စေခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အပါအဝင် နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ အမျိုးသမီးတွေ ပါဝင်ဆောင်ရွက်မှုရရှိရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေများနဲ့ မူဝါဒများကဲ့သို့သော စနစ်ဆိုင်ရာ အဟန့်အတားများ၊ ကျား၊ မ ရေးရာ တန်းတူညီမျှမှုအတွက် အရင်းအမြစ်များ မလုံလောက်မှု၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း၊ ၂၀၁၃ ခုနှစ်အား အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ၊ အမျိုးသမီးလူ့အခွင့်အရေးကာကွယ်သူများ ဆက်လက်ကြုံတွေ့နေရသည့် ခြိမ်းခြောက်ခံရနေသည့်အခြေအနေများ၊ ခွဲခြားဆက်ဆံရာ ရောက်တဲ့ ယဉ်ကျေးမှုဆိုင်ရာအလေ့အထများနှင့် တရားသေအမြင်များကို ပြောင်းလဲ/ဖယ်ရှားနိုင်မည့် လုပ်ငန်းများ၊ အမျိုးသမီးများရဲ့ လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အခွင့်အရေးများအား ကာကွယ်စောင့်ရှောက်ခြင်း၊ ပညာရေးနှင့် စီးပွားရေးဆိုင်ရာအခွင့်အလှမ်းများကို တန်းတူလက်လှမ်းမီရရှိခွင့်၊ လူကုန်ကူးခြင်း၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက ကျူးလွန်တဲ့ အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးအရေးယူခြင်းနှင့် တန်းတူညီမျှအခွင့်အရေးအတွက် တိုင်းရင်းသူအမျိုးသမီးများနှင့် ကျေးလက်နေအမျိုးသမီးများ ကြုံတွေ့နေရတဲ့ အခက်အခဲများ စတာတွေ ပါဝင်ခဲ့ပါတယ်။ စီဒေါကော်မတီက မေးမြန်းဆွေးနွေးခဲ့တဲ့အချက်တွေထဲမှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လုပ်ဆောင်နေတဲ့လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေ အန္တရာယ်ကင်းစွာ ပါဝင်ဆောင်ရွက်ခွင့်ကို သေချာစေဖို့ စီဒေါကော်မတီရဲ. အထွေထွေအကြံပြုတိုက်တွန်းချက် (၃၀) မှာဖော်ပြထားတဲ့အတိုင်း ပဋိပက္ခဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ နေထိုင်တဲ့အမျိုးသမီးတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေဖြစ်နေသလဲ။ အစိုးရအနေနဲ့ ဘယ်လိုအကာအကွယ်တွေ စီစဉ်ဆောင်ရွက်ပေးနေသလဲဆိုတဲ့အချက်တွေပါဝင်ပါတယ်။ နိုင်ငံရေးနဲ့ အများပြည်သူဆိုင်ရာဘဝတွေမှာ အမျိုးသမီးတွေ ပါဝင်ဆောင်ရွက်ခွင့်ရဖို့အတွက် အခက်အခဲအတားအဆီးများစွာနဲ့ ယခုအချိန်အထိ ရင်ဆိုင်နေရခြင်းဟာ အမျိုးသမီးများကို လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ခွင့်မရစေတဲ့ အကြောင်း တစ်ခုလည်းုဖြစ်ပါတယ်။ ဒါကြောင့် စီဒေါကော်မတီရဲ့ သုံးသပ်အကြံပြုချက်တွေဟာ အမျိုးသမီးများပါဝင် ဆောင်ရွက်ခွင့်ရရေးအတွက် အစိုးရကို တိုက်တွန်းနိုင်ဖို့ အရေးပါတဲ့အခွင့်အရေးတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။

စီဒေါကော်မတီက အကြောင်းအရာများစွာကို မေးမြန်းဆွေးနွေးမှုတွေထဲမှာ မြန်မာအစိုးရအနေနဲ့ တိုးတက်ကောင်း မွန်အောင် ပြောင်းလဲလုပ်ဆောင်သွားရမယ့် ကိစ္စရပ်တွေ အများကြီးပါပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အဓိပ္ဗါယ်ပြည့်ဝတဲ့ တန်းတူညီမျှရေး၊ ခွဲခြားဆက်ဆံမှုပပျောက်ရေးတို့အတွက် အစိုးရကလုပ်ဆောင်ပေးရမယ့် လုပ်ငန်းစဉ်တွေကို မြန်မာနိုင်ငံက အမျိုးသမီးအဖွဲ့တွေရဲ့ ညီညွတ်တဲ့လှုပ်ရှားဆောင်ရွက်ချက်တွေနဲ့ တိုက်တွန်းအားပေးနိုင်ခွင့်ရရှိအောင် ဝိုင်းဝန်းပံ့ပိုးကူညီပေးဖို့လိုအပ်ပါတယ်။ ကျား၊ မ တန်းတူညီမျှရေးကို လေးစားတန်ဖိုးထားပြီး နိုင်ငံရဲ့ ကိစ္စရပ်တိုင်းမှာ ထည့်သွင်းစဉ်းစားမှသာ စစ်မှန်တဲ့ ဒီမိုကရေစီတန်ဖိုးတွေနဲ့ပြည့်ဝတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်လာမှာမို့ အစိုးရအသစ်အနေနဲ့ အပြောင်းအလဲတွေကို လုပ်ဆောင်တဲ့နေရာမှာ ကျား၊ မ တန်းတူညီမျှရေးကို ဦးစားပေးကိစ္စရပ်တစ်ခုအနေနဲ့ အလေးထားဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။

မေစပယ်ဖြူသည် ကျား၊ မ ရေးရာ တန်းတူညီမ ျှရေးကွန်ရက်၊ မြန်မာ၏ ဒါရိုက်တာဖြစ်ပြီး မီရှယ်အိုနယ်လိုသည် နယူးယောက်မြို.အခြေစိုက် Global Justice Center မှ အကြီးတန်းအတိုင်ပင်ခံတစ်ဦးဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly