အင်ဒိုနီးရှား အကျဉ်းထောင်တစ်ခုမှ ထောင်သားတစ်ဦး မွတ်ဆလင် ခေါင်းမြီးခြုံလွှာ ၀တ်ဆင်ကာ ထွက်ပြေးလွတ်မြောက်သွား

အင်ဒိုနီးရှား အကျဉ်းထောင်တစ်ခုမှ ထောင်သားတစ်ဦး မွတ်ဆလင် ခေါင်းမြီးခြုံလွှာ ၀တ်ဆင်ကာ ထွက်ပြေးလွတ်မြောက်သွား

ဇူလိုင် ၁၃ ။              ။ အင်ဒိုနီးရှား အကျဉ်းထောင်တစ်ခု၌ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံနေရသော ထောင်သားတစ်ဦး မွတ်ဆလင်အမျိုးသမီး ခေါင်းမြီးခြုံလွှာဖြင့် ဝတ်ဆင်ကာ အမျိုးသမီးဟန်ဆောင်ပြီး ထွက်ပြေးလွတ်မြောက်သွားသည်ဟု တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၁၃ ရက်တွင် ပြောသည်။

အရွယ်မရောက်သေးသည့် ကျောင်းသူတစ်ဦးအား မုဒိန်းကျင့်သတ်ဖြတ်မှုဖြင့် ထောင်ကျနေခဲ့သော အန်ဝါဘင်ကင်အန်း ဆိုသူ အမျိုးသားသည် ဂျာကာတာမြို့ရှိ ထောင်တစ်ခုမှ မီးပြတ်ချိန်ကို အခွင့်ကောင်းယူကာ အမျိုးသမီး ဝတ်ရုံလွှာဖြင့် ပြောင်းလဲဝတ်ဆင်ပြီး အပြင်သို့ထွက်သွားနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မွတ်ဆလင်အမျိုးသမီးခြုံလွှာကို ၎င်း၏ ဇနီးဖြစ်သူက ခိုးသွင်းယူဆောင်လာခဲ့သည်ဟု ယူဆရကြောင်းလည်း တာဝန်ရှိသူများက ပြောသည်။

" ဖြစ်ပုံက သူ့မိန်းမက ဒီ ဝတ်ရုံကို ပေးထားခဲ့ပုံပါပဲ၊ အခင်းဖြစ်ချိန်က သူ့မိန်းမနဲ့ကလေးတွေနဲ့ တွေ့ပြီးစကားပြောနေခဲ့တဲ့အချိန်မှာပါ၊ အဲဒီ အကျဉ်းသားတွေ ဧည့်တွေ့တဲ့အခန်းထဲမှပဲ လဲဝတ်သွားတာပါ၊ မျက်နှာက ခြုံလွှာနဲ့ကာထားတဲ့အပြင် နေကာမျက်မှန်ပါ တပ်ထားတော့ အမျိုးသမီးလိုဖြစ်သွားတာပါ၊ ပြီးတာနဲ့ သူ့မိန်းမနဲ့ ကလေးနှစ်ယောက်နဲ့ အိန္ဒြေမပျက် ထောင်ထဲကနေ ထွက်သွားနိုင်တာပါ" ဟု ဂျာကာတာရဲတပ်ဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် အာဝီ ဆက်တီယိုနိုက ပြောသည်။

အလားတူ အဆိုပါအကျဉ်းထောင်အတွင်း အမျိုးသမီးဧည့်သည်များကို စစ်ဆေးလေ့မရှိဘဲ အမျိုးသားဧည့်တွေ့သူများကိုသာ စစ်ဆေးလေ့ရှိခြင်းကြောင့် ယခုကဲ့သို့ ထောင်သားတစ်ဦး လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဝန်ခံသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly