ယုံကြည်မှုများနဲ့ မြစ်ဆုံ

ယုံကြည်မှုများနဲ့ မြစ်ဆုံ
(ဓာတ်ပုံ- အီးပီအေ)

၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် လပိုင်းအလို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ မြစ်သုံးသွယ်ဆုံရာ နေရာကို လှမ်းမြင်ရတဲ့ ကမ်းမြင့်နေရာ ကွက်လပ်လေးမှာတော့ မြစ်ဆုံရဲ့ အနာဂတ်ကို စိတ်ပူနေကြတဲ့လူတွေ စုဝေးနေခဲ့ကြတယ်။ ဟောပြောမှုလုပ်နိုင်ဖို့ တည်ဆောက်ထားတဲ့ စင်ကလေးပေါ်ကို တွဲကူသူယူရင်း တက်လာပြီးတော့ ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်ကြောင်းနဲ့ ရှားပါးသတ္တဝါမျိုးစိတ် တွေများစွာလည်းရှိတဲ့ ဒီမြစ်ဆုံမှာ ရေအားလျှပ်စစ်ထုတ်မယ့်သည်ဆည်ကြီး တည်ဆောက်လည်ပတ်တဲ့အခါ ပျောက်ကွယ်သွားနိုင်ကြောင်းတွေ မာန်ပါပါပြောရင်း သူမျက်ရည်ကျတယ်၊ သူဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတစ်ယောက်သာဖြစ်ပါတယ်။ သူဝမ်းနည်းစွာပြောခဲ့တဲ့ ပုံရိပ်တွေထဲမှာ အာဏာမဲ့ နိုင်ငံချစ်သူတစ်ယောက်၊ သဘာဝဝန်းကျင်ကို ချစ်သူတစ်ယောက်ရဲ့ မချိတင်ကဲဖြစ်နေတဲ့ ခံစားမှုကို မြင်လိုက်ရပါတယ်။  သူကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဦးအုန်း ….။

ဦးအုန်းအပါအဝင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေရဲ့ ပါဝင်နှိုးဆော်မှု၊ လူမှုအဖွဲ့ အစည်းတွေရဲ့ အသိပညာပေးမှု၊ မီဒီယာမှာ ရေးသားဖော်ပြမှုတွေကြောင့် မြစ်ဆုံအကြောင်းကို လူထုတရပ်လုံးက စိတ်ဝင်စားလာပြီး ပါဝင်ကန့်ကွက်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ မြစ်ဆုံရေကာတာ စီမံကိန်းဆိုတာ မေခ၊ မလိခ မြစ်နှစ်သွယ်ပေါင်းဆုံရာ ဧရာဝတီမြစ်ဆုံမှာ ရေကာတာတစ်ခု၊ မလိခမြစ်ပေါ်မှာ ရေကာတာတစ်ခု၊ မေခမြစ်ပေါ်မှာ ရေကာတာငါးခု၊ စုစုပေါင်း ရေကာတာခုနှစ်ခု တည်ဆောက်ပြီးတော့ ရေအားကိုအသုံးပြုပြီး လျှပ်စစ်ဓါတ်အားတွေ ထုတ်ယူမယ့် စီမံကိန်းဖြစ်ပါတယ်။

မြစ်ဆုံရေကာတာစီမံကိန်းကနေ လျှပ်စစ်ဓာတ်အားပမာဏ မဂ္ဂါဝပ်၂၁၆၀၀ ရှိမယ်လို့ ခန့်မှန်းထား ပါတယ်။ လက်ရှိ ၂၀၁၅စာရင်းတွေအရ မြန်မာနိုင်ငံမှာ မဂ္ဂါဝပ်၅၀၀၀ကျော်သာ ထုတ်လုပ် နိုင်သေးတဲ့အတွက် မြန်မာတစ်နိုင်ငံလုံးက ထုတ်လုပ်သုံးစွဲနေတာရဲ့ လေးဆ ကျော် ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်က စစ်အစိုးရနဲ့ China Power Investment Corporation တို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ဖို့ နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ကြတာပါ။

စီမံကိန်းပြီးသွားပြီးရင် ရလာမယ့် လျှပ်စစ်တွေရဲ့ ၉၀ရာခိုင်နှုန်းကို  တရုတ်နိုင်ငံကိုရောင်းမှာဖြစ်ပြီး၊ ၁၀ရာခိုင်နှုန်းကိုတော့ မြန်မာနိုင်ငံက ရပါမယ်။

အဲ့ဒီ့အချိန်တုန်းကတော့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းပေးဖို့ တောင်းဆိုသံတွေ၊ ဧရာဝတီကို ကယ်တင်ဖို့ လှုံ့ဆော်မှုတွေ နိုင်ငံအဝန်းမှာ ညံနေခဲ့တယ်။ ဦးသိန်းစိန်အစိုးရအနေနဲ့ သက်တမ်း ငါးနှစ်အတွင်းမှာတော့ စီမံကိန်းကို ရပ်ထားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့် လူထုထောက်ခံမှု စတင်ရရှိခဲ့တဲ့ နှစ် ၂၀၁၂။

၂၀၁၅နှစ်ဆန်းပိုင်းမှာ နောက်ထပ်အသံတွေညံလာတာက သံလွင်မြစ်ပေါ်မှာ အကောင်ထည်ဖော်ဖို့ နားလည်မှုစာချွန်လွှာအချို့ရေးထိုးလာတဲ့ ရေကာတာစီမံကိန်းတွေကိစ္စပဲဖြစ်ပါတယ်။ ဒေသခံတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ဒေသဆိုင်ရာလွှတ်တော်အမတ်တွေ ပါဝင်ကန့်ကွက်ထားကြပါတယ်။

သံလွင်မြစ် ပေါ်တည်ဆောက်မယ့် ရေကာတာတွေကတော့  ရှမ်းပြည်နယ်ထဲမှာ ကွမ်းလုံ၊ နောင်ဖါ၊ တာစန်း(ဝါ) မိုင်းတုံရေကာတာ၊ ကယား(ကရင်နီ)ပြည်နယ်ထဲမှာ ရွာသစ်ရေကာတာနဲ့ ကရင်ပြည်နယ်ထဲမှာဆိုရင် ဟတ်ကြီးရေကာတာစီမံကိန်းတွေဖြစ်ပါတယ်။

သံလွင်မြစ်ပေါ်မှာတည်ဆောက်ဖို့ကမ်းလှမ်းထားတဲ့ ရေကာတာတွေကနေလည်း ရေအားလျှပ်စစ်ထုတ်ယူမှာ ဖြစ်ပြီးတော့ တရုတ်နိုင်ငံက ၄၀ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံက ၄၀ရာခိုင်နှုန်းနဲ့ မြန်မာနိုင်ငံက ၂၀ရာခိုင်နှုန်းရရှိမှာ ဖြစ်ပါတယ်။

အခု ၂၀၁၆။ လူထုထောက်ခံမှု ပြတ်ပြတ်သားသားရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုနဲ့ သမ္မတဦးထင်ကျော်အစိုးရဖြစ်လာပါပြီ။ ဦးထင်ကျော်အစိုးရအနေနဲ့ ဒီရေကာတာတွေကိစ္စကို ဘယ်လိုဖြေရှင်းဆောင်ရွက်သွားမလဲဆိုတာ မေးစရာဖြစ်လာတဲ့အခြေနေတစ်ခု ကတော့ အစိုးရသစ်တက်လာမယ့်ရက်ပိုင်းအလိုမှာပဲ တရုတ်အစိုးရအနေနဲ့ ဒီစီမံကိန်းတွေကိုပြန်လည် အကောင်ထည်ဖော်ဖို့ကိစ္စတွေ ပြောလာတာပဲဖြစ်ပါတယ်။

“စိတ်ရှည်ရှည်နဲ့ ဖြေရှင်းပါမယ် လျှော်ကြေးပေးဖို့အထိ မဖြစ်ဘူးလို့ မျှော်လင့်ပါတယ်။ အစိုးရသစ်နဲ့ ဆက်ဆွေးနွေးပြီး လက်ခံနိုင်တဲ့ နည်းလမ်းကို ရှာဖွေပါမယ်” လို့ တရုတ်သံအမတ်ကြီးမစ္စတာ ဟုန်လျန်က ပြီးခဲ့တဲ့မတ်လ(၄)ရက် သူရဲ့နေအိမ်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်တုန်းက ပြောခဲ့တာပါ။

ဦးသိန်းစိန်အစိုးရလက်ထက်အတွင်းမှာလည်း မြစ်ဆုံစီမံကိန်းကို ပြန်လည်လုပ်ကိုင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ တရုတ်လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း(CPI) က လူမှုရေး တာဝန်ယူမှုဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါသေးတယ်။ တည်ဆောက်မယ့်စီမံကိန်းတွေဟာ လုံးဝလုံခြုံစိတ်ချရမှုရှိကြောင်း၊ နိုင်ငံတကာ စံချိန်မီပြီး အကျိုးရလဒ်များစွာရှိမှာဖြစ်ကြောင်း၊ သူတို့ကုမ္ပဏီဟာ နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း လုပ်ဆောင်တဲ့ နာမည်ရကုမ္ပဏီ ၅၀၀ စာရင်းမှာလည်း ပါဝင်ကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ လျှပ်စစ်ဓါတ် လိုအပ်ချက် ကြီးမားနေတဲ့အတွက် စီမံကိန်းတွေကို ဆက်လုပ်သင့်ကြောင်းကို အဲ့ဒီကုမ္ပဏီ မန်နေဂျာချုပ် လီကွမ်ဟာက ပြောကြားထားကြောင်း ဘီဘီစီသတင်းတစ်ပုဒ်ကို ကိုးကားပြီး ဧရာဝတီသတင်းဌာကနေ ၂၀၁၃၊ ဒီဇင်ဘာ၂၇ရက်က ဖော်ပြခဲ့ပါတယ်။

တရုတ်အစိုးရရဲ့ စီမံကိန်းဆက်လက်အကောင်ထည်ဖော်ဖို့ကြိုးပမ်းချက်တွေကို ဒေသခံတွေအနေနဲ့ လက်မခံနိုင်တာကြောင့် ဆန္ဒပြမှုတွေလည်း ဖြစ်ခဲ့ပါတယ်။ မြစ်ဆုံဒေသမှာရှိတဲ့ မြစ်ဆုံနဲ့အနီးဆုံး တန်ဖဲရွာမှာ မွေးပြီး တန်ဖဲရွာမှာပဲ ကြီးပြင်းလာတဲ့ဒေသခံ မဂျာအွန်က “ဒီမေခမလိခဆုံတဲ့နေရာမှာပဲ မှီခိုစားသောက်နေတဲ့အခါကျတော့ ဒီလိုမျိုးရေကာတာလုပ်မယ့်ဟာကို လုံးဝကို မလိုလားကြဘူး၊ ကျမတစ်ယောက်တည်းမဟုတ်ဘူး၊ တန်ဖဲရွာနယ်ခံတွေရဲ့ စိတ်ဆန္ဒပေါ့၊ လုံးဝကိုမလိုလားဘူး၊ လုံးဝကို ကန့်ကွက်တယ်ပေါ့၊”

တန်ဖဲရွာဆိုတာက မြစ်ဆုံစီမံကိန်းနဲ့ အနီးဆုံးရွာဖြစ်ပါတယ်။ မြစ်ဆုံစီမံကိန်းစတင်မှာဖြစ်တဲ့အတွက် ၂၀၁၁ခုနှစ်မှာ တန်ဖဲရွာတစ်ရွာလုံးကို အစိုးရက အသစ်တည်ပေးတဲ့ အောင်မြင်သာရွာကို ပြောင်းရွေ့လိုက်ပါတယ်။ ပြောင်းရွှေ့ခံထားရတဲ့ အောင်မြေသာရွာမှာတော့ဆေးရုံနဲ့ ကျောင်းတွေ ရှိတာကြောင့် နေနေကြရပြီးတော့ စီးပွားရေးအတွက်ကိုတော့ တန်ဖဲရွာမှာသာ လာရောက်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

“ကျမတို့က ဒီဒေသခံဆိုတော့ တောထဲဝင်လိုက်တာနဲ့ ဟင်းချက်မယ့်ဟာပူစရာမလိုဘူးပေါ့၊ ထမင်းအိုးပဲတည်ထားလိုက်၊ တောထဲမှာသွားရှာလို့စားလို့ရတယ်ပေါ့နော်၊ ပြီးတော့ငါးရှာလို့ရတယ်၊ နောက်ပြီးရင် ရွှေကျင်မလား၊ အားလုံးဝိုင်းကိုင်ပြီးမှကျင်တယ်၊ တနေ့ကိုမိသားစုစားစရိတ်အတွက် တော့ရတယ်။ ဒီမြစ်ဆုံကိုရေမြုပ်တော့ဘယ်ခံနိုင်မလဲ၊ ငါတို့အတွက် ဒီလောက်ကြီးကောင်းနေတဲ့ နေရာပေါ့၊ အကုန်လုံးပြည့်စုံတာပေါ့ ပြောရမယ်ဆိုရင်” လို့ မဂျာအွန်က ဆက်ပြောပါတယ်။

ဧရာတီမြစ်ဆုံမှာ အကောင်ထည်ဖော်မယ့် စီမံကိန်းတွေဆိုပေမယ့် မြစ်ဝကျွန်းပေါ်ဒေသအထိ အကျိုးသက်ရောက်မှုရှိမယ့် မြစ်ဆုံစီမံကိန်းကို အကောင်ထည်ဖော်ပါက စီးပွားရေးဆိုင်ရာ အကျိုးအမြတ်တွေအပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့ ရေရှည်တည်တံ့ခိုင်မြဲမှုကိုလည်း လေ့လာသုံးသပ်ရမှာဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးဝင်းမျိုးသူက သူ့ရဲ့ဆောင်းပါးတစ်ပုဒ်မှာ ထည့်သွင်းရေးသားထားတာကို တွေ့ရပါတယ်။ ဆည်ကြောင့် ငလျင်ဖြစ်နိုင်ခြေပိုများလာတာက အစပြုလို့ ရေချိုငါးလုပ်ငန်းထိခိုက်မှုနဲ့ သားငါးဈေးနှုန်း ကမောက်ကမဖြစ်တာတွေအထိ ထည့်သွင်း ဆန်းစစ်လေ့လာရမယ်လို့ဆိုပါတယ်။

သံလွင်မြစ်ပေါ်မှာ ပြုလုပ်မယ့် ဆည်တွေဆိုရင်လည်း ရှမ်း၊ ကရင်နဲ့ ကယားပြည်နယ်တွေမှာသာ ဆောက်လုပ်သွားမှာဆိုပေမယ့် ဒီဆည်ဆောက်လုပ်မှုနဲ့ပတ်သက်ပြီး မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးအောင်နိုင်ဦးက “၂၀၁၄ခုနှစ်တုန်းက ရှမ်းပြည်နယ်က လွှတ်တော်အမတ်တစ်ယောက်က သံလွင်မြစ်ပေါ်က ရေကာတာစီမံကိန်းတွေနဲ့ပတ်သက်ပြီး ရွှေ့ပြောင်းရဖို့ရှိနေတဲ့ ဒေသခံတွေကိစ္စနဲ့ ပတ်သက်ပြီးမေးတော့ ဝန်ကြီးတွေရဲ့ ပြန်ဖြေတာတွေအရ ဒီစီမံကိန်းတွေက သေချာသလောက် ရှိနေတယ်၊ ဒါကို ကျွန်တော်တို့က လက်မခံနိုင်ဘူး၊”

“ကျွန်တော့မဲဆန္ဒနယ်ဖြစ်တဲ့ဘီလူးကျွန်းဆိုရင် အနည်းဆုံးတော့ ရေချိုရေငန်စပ် ဒေသဖြစ်တယ်၊ သားငါးပုစွန်တွေ၊ သဘာဝသစ်တောတွေနဲ့ အသက်မွေးနေတာ၊ ဒါတွေမရှိရင် ရေငန်ဝင်တာ၊ သားငါးမျိုးစိတ်တွေပျောက်ဆုံးတာ၊ သစ်ပင်တွေအထိုက်လျောက်ပျက်စီးတာတွေဖြစ်မယ်ဆိုတော့ ကျွန်တော့မဲဆန္ဒနယ်အနေထားနဲ့ဆိုရင်တော့ လက်မခံနိုင်တဲ့အနေထားဖြစ်ပါတယ်” လို့ ချောင်းဆုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်တဲ့ ဦးအောင်နိုင်ဦးကပြောပါတယ်။

ဇန်နဝါရီလ ၁၉ ရက်၊ ၂ဝ၁၅ ခုနှစ်က ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံ မြစ်ချောင်းများကွန်ရက်ရဲ့ သတင်းထုတ်ပြန် ချက်မှာ ရေကာတာစီမံကိန်းကြောင့် ဒေသခံတွေကို အတင်းအကျပ်ပြောင်းရွှေ့ခိုင်းမှုတွေဖြစ်ပေါ်နေပြီး၊ အစိုးရ စစ်တပ်မှ လုံခြုံရေးရယူပေးထားတယ်လို့ ပါဝင်ပါတယ်။

“သဘာဝအရင်းအမြစ်တွေကို ပိုင်ဆိုင်ခွင့်၊ အသုံးချခွင့်၊ ၎င်းမှရရှိလာသော အကျိုးအမြတ်တွေကို မျဝေအသုံးပြုခွင့် ဆိုင်ရာအငြင်းပွားမှုများသည် မြန်မာနိုင်ငံအတွင်း ပဋိပက္ခများကိုဖြစ်စေတဲ့အဓိက အကြောင်း အရင်းဖြစ်ပြီး အဆိုပါပြဿနာကိုနှစ်ဦးနှစ်ဖက် ညှိနှိုင်းအဖြေရှာခြင်းမပြုလုပ်နိုင်သေးခင် ကာလတွင် ဤစီမံကိန်းကြီးကို ရှေ့တိုးအကောင်အထည်ဖေါ်သွားပါက ပြည်တွင်းပဋိပက္ခနှင့်စစ်ကိုလောင်စာ မီးမွှေးပေး သကဲ့သို့သာဖြစ်ပေမည်" ဟု မြန်မာနိုင်ငံမြစ်ချောင်းများကွန်ရက်၏ ပြောရေးဆိုခွင့်ရှိသူ ကိုစိုင်းခေးဆိုင်က ပြောဆိုထားဖူးပါတယ်။

မြစ်ဆုံလိုမျိုး ကြီးမားတဲ့စီမံကိန်းတွေ လုပ်သင့်မလုပ်သင့်ဆိုတာက နိုင်ငံရေးရွေးချယ်မှုနဲ့ ဆုံးဖြစ်ရမှာဖြစ်တယ်၊ နိုင်ငံရေးရွေးချယ်မှုအရ လုပ်မယ်ဆိုရင်တော့ ပြည်သူအားလုံး ပါဝင်ဆုံးဖြတ်ဖို့လိုတယ်။ အနည်းဆုံးတော့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ နေထိုင်တဲ့ ခြောက်သန်းသောပြည်သူတွေကို အသိပညာပေးမှုတွေလုပ်ပြီး ပြည်သူတွေရဲ့ ကိုယ်ပိုင်အသိနဲ့ ပူးပေါင်းဆုံးဖြတ်တဲ့လုပ်ငန်းကို အကောင်ထည်ဖော်ရမှာဖြစ်တယ်လို့ ဦးဝင်းမျိုးသူရဲ့ ထောင်ချောက်များဖြင့် မြစ်ဆုံ ဆောင်းပါးမှာ အကြံပြုရေးသားထားတာကိုတွေ့ရပါတယ်။

“အခုကတော့ ကိုယ့်ပြည်တွင်းသုံးဖို့ပဲ လုပ်နေတာပါ၊ မြစ်ဆုံလည်းရပ်ထားတာပဲ၊ သံလွင်ပေါ်မှာလည်း ဖြစ်မြောက်နိုင်စွမ်း လေ့လာတာလောက်ပဲရှိပါသေးတယ်၊  အဲ့ဒါတောင်မှ အချို့အစီရင်ခံစာတွေ တက်မလာ သေးဘူး၊ ဘာပဲဖြစ်ဖြစ် ပြည်သူလူထုလက်ခံနိုင်တဲ့ စီမံကိန်းပဲလုပ်မှာပါ၊ ပြည်သူလက်မခံနိုင်တာတော့ မလုပ်ပါ ဘူး” လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန်(လျှပ်စစ်) ဦးစန်းယုက မဇ္ဈိမကို ပြောပါတယ်။

ပြည်သူကမဲပေးလို့ အပြတ်သတ်အနိုင်ရပြီး ပြည်သူထောက်ခံမှုနဲ့ တက်လာတဲ့အစိုးရအနေနဲ့ ပြည်သူ့ဆန္ဒသဘောအရပဲ ဆောင်ရွက်လိမ့်မယ်လို့ ခန့်မှန်းရကြောင်းလည်း ဦးဝင်းမျိုးသူက ဆောင်းပါးမှာထည့်ရေးထားပါတယ်။ ယခင်အစိုးရအဆက်ဆက်မှာ မျှော်လင့်လိုမရတဲ့ မျှော်လင့်ချက်တွေ ဒီချုပ်အစိုးရဆီမှာ ပုံအပ်လို့ထားကြတာပါတယ်။

သက်တမ်းတစ်လျှောက်လုံးမှာ သစ်တောနဲ့ သဘာဝဝန်းကျင်ထိန်းသိမ်းရေးကိုသာ တစိုက်မတ်မတ် လုပ်ဆောင်လာသူ အသက်၈၉နှစ်အရွယ် ဦးအုန်းကတော့ ကျောက်ကပ်မကောင်းလို့ ဆီးပိုက်တန်းလန်းနဲ့ ကုလားထိုင်ပေါ်မှာ တက်နိုင်သမျှခါးကိုမတ်အောင်ထိုင်ရင်း မြစ်ဆုံရဲ့အနာဂတ်နဲ့ပတ်သက်လို့ အစိုးရရဲ့ ဆက်လက်လုပ်ဆောင်လာနိုင်မှုကို ဖြေကြားချက်ကိုကြားလိုက်တဲ့အခါမှာတော့ သူဟာ ၂၀၁၂တုန်းကလို အာဏာမဲ့ပြည်သူတစ်ယောက်လို မဟုတ်တော့ဘူးဆိုတာ သိရပါတယ်။ သူယုံကြည်မှုအပြည့်နဲ့ ပြောလိုက်တဲ့ စကားတစ်ခွန်းက …

“ဒေါ်အောင်ဆန်းစုကြည်က လူတွေသဘောမကျတာတွေ မလုပ်ဘူးလို့ ယုံတယ်”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly