ဗြိတိန်အဆိုတော် ကလစ်ရစ်ချက်ဒ်က စီးနင်းဝင်ရောက်မှုအပေါ် တရားမကြောင်းအရ တရားစွဲဆိုမှု ပြုလုပ်သွားမည်

ဗြိတိန်အဆိုတော် ကလစ်ရစ်ချက်ဒ်က စီးနင်းဝင်ရောက်မှုအပေါ် တရားမကြောင်းအရ တရားစွဲဆိုမှု ပြုလုပ်သွားမည်

နယူးယော့ခ်၊ ဇူလိုင် ၁၁ ။            ။ ဗြိတိန်အဆိုတော် ကလစ်ရစ်ချက်ဒ်သည် ၎င်း၏ နေအိမ် စီးနင်းဝင်ရောက်ခံရမှုအကြောင်းကို ဘီဘီစီရုပ်သံက ထုတ်လွှင့်ပြသခဲ့ပြီးနောက် ဘီဘီစီ သတင်းဌာနနှင့် ရဲတပ်ဖွဲ့ကို တရားမကြောင်းအရ တရားစွဲဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းလုပ်ရပ်က ၎င်း၏ နာမည်ကျော်ကြားမှုအပေါ် မလိုလား အပ်သော ထိခိုက်နစ်နာမှုများရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ဗြိတိန်၏ လူသိများသော အနုပညာရှင်တစ်ဦးဖြစ်သူ အသက် ၇၅ နှစ်အရွယ်ရှိ ရစ်ချက်ဒ်သည် ၁၉၅၈ ခုနှစ် နှင့် ၁၉၈၃ ခုနှစ်အတွင်း လိင်ပိုင်းဆိုင်ရာ ပြစ်မှုစွဲချက်အတွက် စုံစမ်းစစ်ဆေးခြင်းကို ခံနေ ရသော်လည်း သက်သေအထောက်အထား မခိုင်လုံသည့်အတွက် ၎င်းအပေါ် စွဲချက်တင်သွားမည် မဟုတ်ကြောင်း Crown  Prosecution Service က ပြီးခဲ့သည့်လတွင် ပြောကြားခဲ့သည်။

ရစ်ချက်ဒ်သည် ၎င်း၏နေအိမ် စီးနင်းဝင်ရောက်မှုကို ထုတ်လွှင့်ခဲ့သော ဘီဘီစီရုပ်သံအပေါ် တရားမကြောင်းအရ တရားစွဲဆိုမှုများ စတင်လုပ်ဆောင်လျက် ရှိသည်။ ဘီဘီစီရုပ်သံသည် ၂၀၁၄ ခုနှစ် သြဂုတ်လက ၎င်း၏ နေအိမ်သို့ ရဲတပ်ဖွဲဝင်များ စီးနင်းဝင်ရောက်မှုကို ထုတ်လွှင့်ပြသခဲ့ကြောင်း နှင့် ယင်းက ၎င်းနာမည်ပျက်အောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရစ်ချက်ဒ်က ပြောကြားခဲ့သည်။

“တောင်ပိုင်း ရော့ခ်ရှားယား ပြည်နယ် ရဲတပ်ဖွဲ့နဲ့ ဘီဘီစီရုပ်သံအပေါ် တရားမကြောင်းအရ တိုင်ကြားမှုပြုလုပ်ဖို့ ကျွန်တော့်ရှေ့နေများကို ညွှန်ကြားခဲ့ပါတယ်။ တရားရုံးဟာ သူတို့ရဲ့ အပြုအမူ တွေ တရားမျှတမှု၊ သင့်လျော်မှုရှိမရှိနဲ့ ပတ်သက်လို့ ဆုံးဖြတ်ပေးသွားမှာပါ” ဟု ရစ်ချက်ဒ်က ၎င်း၏ ဝက်ဆိုဒ်တွင် ပြောကြားထားသည်။

ရစ်ချက်ဒ်သည် ထိခိုက်နစ်နာမှုများအတွက် ပေါင် တစ်သန်းကျော်( အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၀ သန်း) ရရှိရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းနှင့် ရဲတပ်ဖွဲ့နှင့် ဘီဘီစီ သတင်းဌာနတို့သည် ၎င်း၏ ကိုယ်ရေးကိုယ်တာကို ချိုးဖောက်ဝင်ရောက်ရန် တရားမဝင် လိမ်လည်လှည့်ဖြားခဲ့သည်ဟု ယူဆထားကြောင်း ဇူလိုင် ၁၀ ရက်ထုတ် The Mail သတင်းစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly