အကျင့်ပျက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အရေးကြီး

အကျင့်ပျက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး အရေးကြီး

ဒီကနေ့ထုတ်ဝေတဲ့ သတင်းစာတစ်စောင်မှာ မိတ္ထိလာမြို့မ ရဲစခန်းမှူးကို သေမှုသေခင်း တစ်ခုမှာ ငွေတောင်းခံခဲ့ဟုဆိုကာ သေဆုံးသူ၏ မိသားစုက ပြည်ထဲရေးဝန်ကြီးဌာန ရဲချုပ်နဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့လို့ ယင်းစခန်းမှူး စစ်ဆေးခံနေရတယ်လို့ ဖတ်ရ ပါတယ်။

အလားတူသတင်းမျိုးတွေ မကြာခဏဆိုသလို ကြားကြရ ဖတ်ကြရတာလည်း ရှိပါတယ်။ ခုတ လော မြန်မာနိုင်ငံရဲ့ အကျင့်ပျက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကြွေးကြော်သံအပေါ် ဝေဖန်စော   ကြောတဲ့အသံတွေ ကြားလာနေရပါတယ်။ ဒီအသံတွေက ပြည်တွင်းမှာသာမက ကမ္ဘာကပါ စိတ်ဝင် စားတဲ့ အချက်ဖြစ်ပါတယ်။ စိတ်မဝင်စားပဲ နေလို့ကလည်း မဖြစ်နိုင်ပါဘူး။ မိမိတို့နိုင်ငံကြီး ကမ္ဘာ့ နောက်တန်းအောက်တန်း ရောက်သွားအောင် တွန်းပို့လိုက်တဲ့ အချက်တွေထဲမှာ အဲဒီ အကျင့်ပျက် အဂတိလိုက်စားမှုဆိုတဲ့အချက်က အလည်တန်း နောက်တန်းလောက်မှာတောင် ရှိတာမဟုတ်ဘဲ၊ ရှေ့တန်းမှာ ရောက်နေတဲ့အချက်ကြီးတစ်ခု ဖြစ်နေလို့ပါပဲ။

အကျင့်ပျက် အဂတိလိုက်စားမှု ဘာကြောင့် ဖြစ်ရတာလည်း။ အကျင့်ပျက်အဂတိလိုက်စားမှု ကို ဘယ်လို ပျောက်အောင် လုပ်ကြမလည်း။ ဒီပြဿနာကို အမြင်အမျိုးမျိုးနဲ့ ထင်မြင်ချက်ပေးကြ၊ အကြံပြုကြ၊ ငြင်းခုန်ကြတာ အရင်ကထက် အသံတွေပိုကျယ်လာတာ ကောင်းပါတယ်။ ဝမ်းသာဖို့ ကောင်းတဲ့အချက်က အဲသလိုဆွေးနွေးငြင်းခုန်မှုတွေဟာ အရင်ကထက်ပိုပြီး ပွင့်လင်းမြင်သာလာတာ၊ လွတ်လပ်ကျယ်ပြန့်လာနေတာတွေ့ရလို့လည်း ဝမ်းသာကြိုဆိုကြရမှာဖြစ်ပါတယ်။ အင်မတန် ကျယ်ပြန့် နက်နဲလှတာဖြစ်လို့ ဝိုင်းဝန်းအဖြေရှာကြရမှာလည်း ဖြစ်ပါတယ်။

တချို့ကတော့  ဒီတိုင်းပြည်မှာ အကျင့်ပျက် အဂတိလိုက်စားမှုဟာ တရားဥပဒေစိုးမိုးမှုမရှိလို့ ဖြစ်လာတာလို့ ဆိုပါတယ်။ ဥပဒေတွေဟာ လူများစုကြီးအတွက်သာဖြစ်ခဲ့ပြီး ဥပဒေကလွတ်နေတဲ့ လူတစ်စု လူတချို့ကြောင့် အခုလိုဖြစ်လာတာလို့ ဆိုပါတယ်။ တနည်းအားဖြင့်ပြောရရင် ဥပဒေရဲ့ အထက်မှာ လူတချို့ ရှိနေခဲ့ရာက စတင်မြစ်ဖျားခံတာလို့ ဆိုပါတယ်။ လူတချို့ဟာ ဥပဒေရဲ့အ ထက်မှာ နေခွင့်ရခဲ့လို့ အာဏာကို ခုတုံးလုပ်ခြင်း အာဏာကို အလွဲသုံးစားပြုခြင်းများကို အလွယ်တကူ ပြုလုပ်ခွင့်ရလာခဲ့ရာက ဒီအကျင့် ဒီစာဂက အောက်ခြေအထိ ရောက်လာခဲ့တာ အမြစ်တွယ်ခဲ့တာ၊ အမြစ်ပွားခဲ့တာ၊ အမြစ်ခိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ တခါ အဲသလို အဂတိလိုက်စားမှုပြုကြတဲ့သူ တွေဟာ လုပ်ပိုင်ခွင့်တွေ အာဏာရှိသူတွေသာဖြစ်တယ်ဆိုတဲ့ အချက်ကလည်း ဒီ အဂတိလိုက်စား မှုကို တိုက်ဖျက်တဲ့နေရာမှာ အကြီးမားဆုံး အခက်အခဲ ဖြစ်နေစေပါတယ်။

တချို့ကတော့ လူတွေ အကျင့်ပျက် အဂတိလိုက်စားမှုဟာ စီးပွားရေးနဲ့ဆိုင်တယ် အထူးသဖြင့် အစိုးရဝန်ထမ်းလစာတွေ နည်းပါးလှတဲ့အပြင်  ကုန်ဈေးနှုန်းကလည်းမြင့်တာကြောင့် ဒီ နှစ်ချက်လည်း အကျင့်ပျက် အဂတိလိုက်စားမှုလုပ်ဖို့ တွန်းပို့တဲ့ အကြောင်းတရားဖြစ်တယ်လို့ ဆိုပါတယ်။ ဒါလည်း အကျင့်ပျက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်တဲ့အခါ ထည့်သွင်းစဉ်းစားရမယ့်အချက်ဖြစ်ပါတယ်။

တချို့ကတော့ အကျင့်ပျက် အဂတိလိုက်စားမှုပြဿနာဟာ လူတွေ ကြီးပွားချမ်းသာလိုစိတ်၊ ကြီးပွား ချမ်းသာရင် လူရာဝင် အရေးပါတဲ့သူဖြစ်လာမှာ သေချာတယ်ဆိုတဲ့စိတ်နဲ့ အဂတိလိုက်စားကြတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါလည်း ထည့်သွင်းစဉ်းစားရမယ့် အချက်ပါပဲ။

ဒါဆိုရင် အကျင့်ပျက် အဂတိလိုက်စားမှုကို ဘယ်လိုနည်းတွေနဲ့ တိုက်ဖျက်ကြမလည်း။

တရားဥပဒေစိုးမိုးရေး ရှိအောင်လုပ်ကြရပါမယ်။ အဂတိလိုက်စားတဲ့သူ ဘယ်သူ့ကိုမဆို ကြောသား ရင်သား မခွဲခြား ရာထူးနေရာ မကြည့်ပဲ ထိရောက်စွာ ဥပဒေအရ အရေးယူမှုကို တကယ်ကျင့်သုံးကြ  မှ ဖြစ်ပါလိမ့်မယ်။ နောက်တချက်ကတော့ ဝန်ထမ်းတွေ သင့်တင့်မျှတတဲ့ လုပ်ခလစာရရှိရေးနဲ့ ကုန်ဈေးနှုန်း တည်ငြိမ်ရေး ဖြစ်ပါတယ်။ နောက်ဆုံးအချက်ကတော့ အဂတိလိုက်စားမှုဟာ လူ့ကိုယ် ကျင့်သိက္ခာနဲ့ ဆိုင်တယ်။ ရှက်စရာကောင်းတယ်။ အကျင့်သီလပျက်ရာရောက်တယ်။ နိုင်ငံကြီးသား မပီသဘူး။ တာဝန်ယူစိတ် တာဝန်ခံစိတ်မဲ့ရာ ရောက်တယ် အစရှိတဲ့ နိုင်ငံသားကောင်းတစ်ယောက် ထားရှိရမယ့် အကျင့်သီလဆိုင်ရာ ပညာပေးလုပ်ငန်းတွေကို အချိန်နဲ့အမျှ အရှိန်အဟုန်မြှင့်ပြီး ပညာ ပေးခြင်း၊ ဆွေးနွေးခြင်း၊ အစရှိတဲ့ စိတ်ဓါတ်ပြုုပြင်ပြောင်းလဲရေး လုပ်ငန်းကြီးကို ထိထိရောက်ရောက် အမျိုးသားရေးလှုပ်ရှားမှုကြီး တစ်ခုအသွင်နဲ့ ဖေါ်ဆောင်ရပါလိမ့်မယ်။

အရေးအကြီးဆုံး အချက်တချက် ရှိပါသေးတယ်။ ဒီတိုင်းပြည်မှာ အကျင့်ပျက် အဂတိလိုက် စားမှု လျှော့ကျပပျောက်သွားဖို့ဆိုရင် ပထမဆုံး အဂတိမလိုက်စား၊ ကိုယ်ကျိုးမကြည့်၊ ဥပဒေကိုလေး စားလိုက်နာတဲ့ နိုင်ငံ့ခေါင်းဆောင်များ ကိုယ်တိုင်က၊ တာဝန်မြင့်မြင့်မားမား ယူထားကြသူများကိုယ် တိုင်က စံပြအနေနဲ့ အခိုင်အမာ ရှိပြနေပြဖို့လည်း အရေးပါတဲ့ အချက်ဖြစ်ကြောင်း မဇ္ဈိမက တိုက်တွန်း အကြံပြုလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly