တစ်နေ့တခြား ပိုများလာတဲ့ မုဒိမ်းမှုတွေကို ဘယ်လို ကာကွယ်ကြမှာလဲ

တစ်နေ့တခြား ပိုများလာတဲ့ မုဒိမ်းမှုတွေကို ဘယ်လို ကာကွယ်ကြမှာလဲ

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်မှာနေတဲ့ ဒေါ်ဥမ္မာလှိုင် ရေးလိုက်တဲ့ စာတစ်စောင် ကို မဇ္ဈိမ စာဖတ်သူ ကဏ္ဍက လက်ခံရရှိခဲ့ပါတယ်။ သူ့စာထဲမှာ ရေးထားတာကတော့ ရန်ကုန်တိုင်းအတွင်းမှာ အဖြစ်များနေတဲ့ မှုခင်းတွေနဲ့ပတ်သက် ပြီး သူ့အမြင်နဲ့ အတွေ့အကြုံကို ရေးသား ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦး ဖြစ်ပြီး ခင်ပွန်းဖြစ်သူက လွန်ခဲ့တဲ့ ၂ နှစ်က ကွယ်လွန်သွားတဲ့အတွက် အရွယ်မရောက် သေးတဲ့ သမီး ၂ ယောက်နဲ့ ဘဝကို ရုန်းကန်နေရတဲ့ မုဆိုးမ တစ်ဦးပါလို့ ပြောပါတယ်။

သူ့ရဲ့ ရုံးက နေ့စဉ်ထုတ်သတင်းစာနဲ့ ဂျာနယ်တွေ နေ့စဉ်ယူလို့ စာဖတ်ဝါသနာပါတဲ့ သူ့အတွက် အဆင်ပြေ ပါတယ်။ သူဖတ်တဲ့ သတင်းတွေထဲက ရန်ကုန်တိုင်းဒေသကြီးမှာ လုယက်မှု၊ ခိုးမှု၊ လူသတ်မှုနဲ့ မုဒိမ်းမှုတွေက တခြားအမှုတွေထက် ပိုပြီး အဖြစ်များ တာ ဖတ်ရတယ်လို့ ဆိုပါတယ်။ ရန်ကုန်တိုင်းနဲ့ ပတ်သက်ပြီး ဖတ်မိတဲ့ သတင်းတစ်ပုဒ်မှာ လူသတ်မှုထက် မုဒိမ်းမှုက ပိုများနေပြီး ၂၀၁၄ မှာမြန်မာတစ်နိုင်ငံလုံး မုဒိမ်းမှုပေါင်း ၇၄၁ မှု ဖြစ်ပွားခဲ့ရာမှာ ထက်ဝက်ခန့်က သက်ငယ် မုဒိမ်းမှုများဖြစ်ကြောင်း ဖတ်လိုက် ရပါတယ်လို့ ရေးပါတယ်။

မုဒိမ်းမှု ဖြစ်သွားတဲ့ မြို့နယ်တွေအနက် တိုက်ကြီး၊ လှိုင်သာယာ၊ ဒဂုံ၊ တောင်၊ အင်းစိန်၊ မှော်ဘီ၊ လှည်းကူး၊ ကွမ်းခြံကုန်း မြို့နယ်တွေမှာ အများဆုံးဖြစ်ပွားကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြောင်း ဖတ်လိုက် ရတယ်လို့ ပြောပါတယ်။ အဆိုပါ ရဲအရာရှိကပဲ မုဒိမ်းမှုမှာ သက်ငယ်မုဒိမ်းမှုနဲ့ မုဒိမ်းမှု ဆိုပြီး နှစ်မျိုးခွဲထားတယ်။

နှစ်ခုစလုံး အဖြစ်များတာကတော့ တိုက်ကြီးမြို့နယ်မှာ ဖြစ်ပြီး လှိုင်သာယာနဲ့ ဒဂုံတောင် မှာ အများဆုံးဖြစ်တယ်၊ နှစ်မှုစလုံးကို ကျုးလွန်ကြတယ်လို့ ပြောကြောင်း ဖတ်လိုက်ရလို့ သူ့အတွေ့အကြုံကို ပြော ချင်လို့ ရေးလိုက်တဲ့ စာပါလို့ ဆိုပါတယ်။

သူ့ ခင်ပွန်းရှိစဉ်က သူတို့ဟာ ဒဂုံတောင်က ရပ်ကွက်တစ်ခုမှာ နေခဲ့ကြတာဘာမှ ပြဿနာ မရှိခဲ့ပေမယ့် သူ့ခင်ပွန်း ကွယ်လွန် ပြီးနောက်မှာ အသက် ၃၀ ကျော် မိန်းမတစ်ယောက်နဲ့ အရွယ်မရောက်သေးတဲ့ သမီး ၂ ယောက်ရဲ့ ဘဝဟာ မလုံခြုံဘူးလို့ သိလာရပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က သူနေခဲ့တဲ့ ရပ်ကွက်မှာ လူနေ နည်းပါးပြီး ကားစီးရမယ့် လမ်းမကြီးရောက်ဖို့ သူနေတဲ့လမ်းသွယ်ကနေ ၁၅ မိနစ်လောက် လမ်းလျှောက်ရပါတယ်။

မနက်ရုံးသွားချိန်က လင်းနေလို့ ကိစ္စမရှိပေမယ့် ညနေရုံးဆင်းရင် မှောင်မှ ရောက်တဲ့အတွက် လူပြတ်တဲ့ လမ်းမှာ သွားလာရတဲ့ သူ့အတွက် အန္တရာယ်များလှပါတယ်။

အိမ်မှာ ထားခဲ့ရတဲ့ သမီးငယ် ၂ ယောက်အတွက်ကလည်း ကြည့်မယ့်သူ မရှိလို့ ၅ နှစ်နဲ့ ၉ နှစ် သမီးလေး တွေကို အိမ်မှာထား ခဲ့ရတာကြောင့် အိမ်ပြန်မရောက်မချင်း စိတ်မအေးရတဲ့ စိုးရိမ်ပူပန်မှုက နေ့စဉ်နဲ့ အမျှ ခံစား ခဲ့ရပါတယ်တဲ့။ ဒါ့ကြောင့် သူပိုင်တဲ့ အိမ်နဲ့ ခြံမြေကွက်ကို ရောင်းပြီး အခုနေတဲ့ လှိုင်မြို့နယ်မှာပဲ အိမ်ငှားဘဝနဲ့ နေခဲ့တာ ဒီနေ့အထိပါပဲလို့ ဆိုပါတယ်။

သူပြောချင်တာက မုဒိမ်းမှုတစ်ခုဖြစ်တယ်ဆိုတာ စိတ်ငြိမ်တဲ့ အရပ်မှာပဲ ဖြစ်တတ်တဲ့ သဘာဝ ရှိတာမို့ လူနေချထားပေးတဲ့ မြို့နယ်တွေမှာ လူစည်ကားအောင်ပြုလုပ်ပေးရင်၊ အလင်းရောင်ရမယ့် လမ်းမီးတိုင်တွေ သွယ်တန်းပေးထားရင် မုဒိမ်းမှုတွေလျော့ နည်းလာမယ်လို့ သူ့အနေနဲ့ အကြံပြုချင် ပါတယ်လို့ ပြောပါတယ်။ နောက်ပြီး သူမြင်ရတာက မြို့စွန်မှာ နေတဲ့ သူတွေဟာ များသောအားဖြင့် အလုပ်အကိုင် အတည်တကျ မရှိကြဘဲ ကြုံရာကျပန်း လုပ်ကိုင်စားသောက်ကြရပါတယ်။

သူတို့ အတွက် မျှော်လင့်ချက် ပန်းတိုင်ဆိုတာ မရှိကြဘဲ ဒီနေ့ ထမင်းစားဖို့နဲ့ နေဖို့အတွက်ကိုပဲ စဉ်းစားပြီး နေကြရတဲ့သူတွေ များပါတယ်။ အစိုးရတာဝန်ရှိသူတွေအနေနဲ့ ရပ်ကွက်နဲ့ ရွာတွေမှာ နေထိုင်ကြတဲ့ သူတွေအတွက် သူတို့ အရည်အချင်းနဲ့ ကိုက်ညီတဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မယ်ဆိုရင် မုဒိမ်းမှုသာမက တခြားမှုခင်းတွေပါ လျော့ကျ လာမယ်လို့ သူ့အနေနဲ့ ထင်မြင်မိပါတယ်လို့ ဆိုပါတယ်။

အမှုတွေ ဖြစ်လာရင် ထိထိရောက်ရောက် အရေးယူတာ လုပ်စေချင်သလိုပဲ မဖြစ်ခင်ကနေ ကြိုတင် ကာကွယ်တဲ့အနေနဲ့ အသိပညာပေးတာ၊ မှုခင်းဖြစ်နိုင်မယ့် သဘာဝအခြေအနေတွေကို ကြိုတင်စီမံမှု ပြုလုပ် တာတွေကို အုပ်ချုပ်တဲ့ တာဝန်ရှိ သူတွေရော၊ လူမှုရေးအဖွဲ့အစည်းတွေရော ထိထိရောက်ရောက် အားကြိုး မာန်တက် ပြုလုပ်ကြရမယ်ဆိုရင် မုဒိမ်းမှုတွေလျော့ နည်းကျဆင်း လာမယ်လို့ သူယုံကြည်ပါတယ်လို့ ပြောပါတယ်။ မြို့နယ်တစ်ခုမှာ အုပ်ချုပ်တဲ့သူက ခေါ်လို့ လူအနည်းငယ်က သက်ငယ်မုဒိမ်း ပပျောက်ရေး ဆန္ဒပြပွဲ တစ်ရက် လုပ်ရုံနဲ့ ဒီလိုမှုခင်းတွေ လျော့ကျသွားမှာ မဟုတ်ပါဘူး။ ကြိုတင်ပြီး စီမံဆောင် ရွက်ပါမှ မုဒိမ်းမှုတွေ ကျဆင်းသွား မှာကို တာဝန်ရှိသူတွေနဲ့ အဖွဲ့အစည်းတွေ သတိပြုစေချင်လို့ ရေးလာတဲ့စာကို ဖော်ပြပေးပါလို့ ဆိုလာတဲ့စာကို ဖော်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags