လက်ခစားစနစ်လုပ်ငန်းရှင်တွေ နဲ့ အလုပ်သမား လုပ်ခလစာပြဿနာ ဘယ်လိုကိုင်တွယ်မလဲ

လက်ခစားစနစ်လုပ်ငန်းရှင်တွေ နဲ့ အလုပ်သမား လုပ်ခလစာပြဿနာ ဘယ်လိုကိုင်တွယ်မလဲ

မြန်မာနိုင်ငံက လုပ်သားအများအပြား ဝင်ရောက်လုပ်ကိုင်နေကြတဲ့ CMP လက်ခစားစနစ်လုပ်ငန်းတွေမှာ ကုန်ထုတ်လုပ်မှုအခြေအနေက ပုံမှန်မရှိသလို အများအားဖြင့်ဆိုသလို ထုတ်လုပ်မှု အရေအတွက် ကျဆင်းနေတဲ့ ပြသနာတွေကရှိနေပါတယ်။ ဒီနေရာမှာအလုပ်သမားတွေရဲ့ လုပ်ခလစားတိုးမြှင့်နိုင်ဖို့ တောင်းဆိုထားတာတွေက ရှိနေပြီး အလုပ်ရှင်နဲ့ အလုပ်သမားကြား အခြေအတင်ဖြစ်ကြတဲ့ ကိစ္စတွေကလည်းရှိနေပြန်ပါတယ်။

ဒီနေရာက ငါးအသားလွှာတွေကို ပြုပြင်ထုတ်ပိုးပြီး နိုင်ငံခြားဈေးကွက်တွေကို တင်ပို့ရောင်းချရတဲ့စက်ရုံဖြစ်ပါတယ်။ ငါးအသားလွှာသန့်စင်ပြုပြင်တဲ့ အလုပ်ကိုတော့ မမြင့်မြင့်ခိုင်တို့လို အမျိုးသမီးတွေက အဓိက လုပ်ကိုင်ကြပါတယ်။ ဒီမှာကမမြင့်မြင့်ခိုင်နဲ့အတူ ညီမဖြစ်သူလည်း အလုပ်လုပ် ကိုင်နေတာဖြစ်ပြီး နှစ်ယောက်ပေါင်းလစာက နှစ်သိန်းကျော်လောက်ရပေမယ့် သိပ်ပြေလည်တာမဟုတ်ဘူးလို့ သူမကပြောပြလာပါတယ်။

"သမီးတို့ညီအမ နှစ်ယောက်ဘဲရှိတာ ကျန်တဲ့သူတွေအကုန်လုံးက ကျောင်းတက်နေတာ သမီးအမေကကြတော့ တစ်ဖတ်တစ်လမ်းက ဈေးလေးဘာလေး ထိုင်ရောင်းတာပေါနော် ဒါပဲ။ သိပ်တော့မပြေလည်ပါဘူး အကြွေးတင်တာပေါ့။" လို့ ငါးအအေးခန်းစက်ရုံအလုပ်သမ မမြင့်မြင့်ခိုင်က ပြောပြပါတယ်။

လွန်ခဲ့တဲ့ လေး၊ငါးနှစ်တွေထဲမှာ ဥရောပဘက်ကကုန် သွယ်လျှော့ပေါ့မှုတွေ လုပ်လာတော့ ဒီလိုလက်ခစားစနစ်လုပ်ငန်းတွေ အမှာစာတိုးပြီးရတာတွေရှိတတ်ပေမယ့် အမြဲတမ်းတော့ မဟုတ်ပါဘူး။သူတို့လို CMP လက်ခစားစနစ်လုပ်ငန်းတွေက နိုင်ငံခြားဈေးကွက်တွေရဲ့ အမှာစာတွေကိုပဲ အားကိုးနေရတာ အခြေအနေဖြစ်တာကြောင့် လုပ်ငန်းအဆက်မပြတ် ရုံလောက် လည်ပတ်နေရတာဖြစ်တယ်လို့ ဒီလုပ်ငန်းရှင်ကပြောပြပါတယ်။

အဏ္ဏဝါဒေဝီ ငါးအအေးခန်းစက်ရုံ ဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က "တိုးတောင်းတဲ့လစာကိုလည်း လုပ်ငန်းရှင်က ပေးနိုင်အုန်းမှ မပေးနိုင်လို့ သူ့လုပ်ငန်းကြီးရပ်ရင် သူတို့အကုန်လုံး အလုပ်လက်မဲ့ ဖြစ်မှာလေ။ တိုးမတောင်အောင်လို့ ဘာလုပ်ရမလဲဆိုရင် ပရိုတက်ရှင်းကို အများကြီးထုတ်ရမယ်။ အန်တီတို့ဆီမှာ ထုတ်လုပ်မှု နည်းနေတဲ့အတွက်ကြောင့် ဒီဟာတွေ ဖြစ်လာတာ အကျိုးအကြောင်းဆက်ပြီး   ဖြစ်လာတဲ့ဟာကို ဖြေလျှော့နိုင်တာသည် တစ်နည်းပဲ..။ ကိုယ်နိုင်ငံမှာများများထုတ်ရမယ်၊ ကိုယ့်နိုင်ငံဖူလုံဖို့ စားဖို့ဖူလုံဖို့လည်း ထုတ်ရမယ်။ အိတ်စပို့အတွက်လည်း ထုတ်ရမယ်။ အဲလိုထုတ်နိုင်မှ ဒီနိုင်ငံရဲ့ GDP လည်းတက်သွားမယ် အခုဏပြောတဲ့ ဈေးကြီးတဲဆိုတဲ့ ဒဏ်ကိုလည်းမခံရဘဲနဲ့ ကိုယ်ရဲ့ လစာနဲ့ လောက်တဲ့ဈေးနှုန်းမျိုးဖြစ်သွားမယ်။" လို့ ပြောပါတယ်။

ဒီလိုမျိုး လက်ခစား အထည်ချုပ်လုပ်ငန်းတွေမှာလည်း နိုင်ငံ့လုပ်သား တော်တော်များများရှိနေပါတယ်။ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ မှတ်တမ်းအရဆိုရင် တစ်နိုင်လုံးမှာ အထည်ချုပ်လုပ်သားပေါင်း သုံးသိန်းကျော်ရှိနေတာပါ။ ပြီးတော့ ဒီလုပ်ငန်းအတွင်း ပြီးခဲ့တဲ့နှစ်ပိုင်းတွေထဲမှာ လုပ်ခလစာတိုးမြှင့်ရေးနဲ့ ပတ်သတ်တဲ့ တောင်းဆိုမှုတွေလည်း အများအပြားဖြစ်ပေါ်ခဲ့ပါတယ်။

အထက်ပါ ပြဿနာတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌ ဦးမြင့်စိုးကတော့ "အတက်ပညာတစ်ခုကိုရပြီဟေ့   ဆိုလို့ရှင်ရင် ကျွန်တော်တို့က   လုပ်ငန်းခွင်တစ်ခုကိုဝင်ရပါမယ်။ လုပ်ငန်းခွင်တစ်ခုကိုဝင်ရင်းနဲ့မှ ကျွန်တော်တို့က အတက်ပညာအတွေ့အကြုံကို ဆောင်ရွက်ရပါမယ်။ လုပ်ငန်းခွင်ကိုရပြီးတော့ အတက်ပညာနဲ့ အတွေ့အကြုံရှိပြီးတော့မှ လုပ်ခလစာဆိုတာ ကျွဲကူးရေပါပါ ကိုယ်ကတောင်းစရာမလိုပါဘူး။ ကိုယ်ကတစ်သိန်းတန်ရင် တစ်သိန်းက ရောက်လာပါမယ်။ ကိုယ်ကသုံးသိန်းတန်ရင် သုံးသိန်းတန်အလုပ်က ရလာမှာပါ ကိုယ်ကသုံးသိန်းတန်ပါလျှက်နဲ့ တစ်သိန်းနဲ့ ဘယ်သူ့မှမလုပ်ပါဘူး။" လို့ သူ့အမြင်ကိုပြောပါတယ်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ မသက်သက်အောင်ကတော့ "အခုအချိန်မှာက အလုပ်အကိုင်အခွင့်အလမ်းကရှားပါးတယ်၊ ရှားပါးတဲ့ အခါကြတော့ လုပ်သားဈေးကွက်က အားလျှော့တယ်။ တကယ့်တကယ် အလုပ်အကိုင် အခွင့်အလမ်းတွေသာ များပြားလာခဲ့မယ်ဆိုရင် အလုပ်သမားတွေ အတွက်လည်း လုပ်ခလစာကအခွင့်အလမ်းတွေ သာလာနိုင်တယ်။ ဘာကြောင့်လဲဆိုတဲ့ အခါကြတော့ အခုအချိန်မှာက အလုပ်သမားတိုင်းက အလုပ်ရရှိရေးကို ဦးတည်ပြီးသွားနေကြရတာဖြစ်တဲ့အတွက် လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ် ဘယ်မှာပဲဖြစ်ဖြစ် အကျပ်အထည်းတွေ အခတ်အခဲတွေ ရင်ဆိုင်နေရတာလည်း ကျွန်မတို့ မျိုးစုံကြားနေပြီးပြီ။" လို့ ပြောပါတယ်။

အခြေခံအလုပ်သမားတွေအနေနဲ့ အစမ်းခန့်ကာလမှာတစ်ရက် ၂၇၀၀ ကျပ်ရရှိတာဖြစ်ပြီး ဝန်ထမ်းအဖြစ်ခန့်အပ်ခြင်းခံရမှသာ တစ်ရက် ၃၆၀၀ ကျပ်ရရှိတာဖြစ်ပါတယ်။ လက်ရှိအချိန်အနေနဲ့ မြန်မာနိုင်ငံမှာကုန်ထုတ်လုပ်မှုကဏ္ဍလျှော့နည်းနေတာဖြစ်ပြီး လုပ်ငန်းမပျက်ယွင်းရုံတစ်မယ် ရပ်တည်နေရတဲ့ အခြေအနေလို့လည်းလုပ်ငန်းရှင်တွေ ဘက်ကပြောဆိုကြပါတယ်။

လေ့လာသူတွေကတော့ လုပ်ခလစာတိုးမြှင့်ရေးနဲ့ ပတ်သတ်ပြီး အစိုးရ၊ လုပ်ငန်းရှင်နဲ့ အလုပ်သမားကြားသုံးပွင့်ဆိုင်တွေ့ဆုံစကားပြောဆိုတာမျိုးတွေ လုပ်ကိုင်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly