ကလေးမြို့တွင် တွေ့ရသော မူးယစ်ဆေး တိုက်ဖျက်မှု စစ်ဆင်ရေး

ကလေးမြို့တွင် တွေ့ရသော မူးယစ်ဆေး တိုက်ဖျက်မှု စစ်ဆင်ရေး

မူးယစ်ဆေး အလွယ်တကူ ဝယ်ယူနိုင်သော မြို့ကြီးများထဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်လည်း ပါဝင်သည်။ ဒေသခံ ရဲတပ်ဖွဲ့ဝင်တို့က မူးယစ်ဆေး သုံးစွဲ၊ ရောင်းဝယ်သည်ဟု သံသယရှိသူတို့ကို တခြားသော ဌာနဆိုင်ရာများ၏ အကူအညီဖြင့် စစ်ဆေး၊ အရေးယူနေသည်ကို မကြာသေးခင်က တွေ့ခဲ့ရသည်။ (ဓာတ်ပုံများ - ဆွေဝင်း/Myanmar Now)

ဇွန် ၂၆၊ မူးယစ်ဆေး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့က   ကလေးမြို့ပြင် တစ်နေရာတွင် ကင်းပုန်းဝပ်နေသော ရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဆိုင်ကယ်စီးလာသူနှစ်ဦးကို တားဆီးစစ်ဆေးကြသည်။

 စောင့်ဆိုင်းနေသူများက ထိုနှစ်ဦးကို ဝိုင်းလိုက်ပြီး လက်ထိပ်ခတ်ချုပ်နှောင် ရှာဖွေရာ ဆိုင်ကယ်မောင်းလာသူ၏  ပုဆိုးခါးပုံစထဲတွင် ဘိန်းဖြူဟု ယူဆရသည့် အမှှုန့် ထည့်ထားသည့် ဖန်ပုလင်း၊ စိတ်ကြွဆေးဟုယူဆရသည့် အဝါရောင်အလုံးတချို့ ပါရှိသောကော်ဘူးငယ်တို့ကို တွေ့ရသည်။

ထိုပစ္စည်းများ ရောင်းချပေးသူဟုဆိုသော  မြို့မြောက်ဘက် အနောက်ခုံသာကျေးရွာရှိ ကိုမောင်မောင်ဦးကို ချက်ချင်း သွားရောက်ဖမ်းဆီးကြသည်။

ကိုမောင်မောင်ဦးက ဆေးရောင်းသည့်အလုပ်ကို စွန့်လွှတ်ပြီးဖြစ်ကြောင်း၊   ဆေးစွဲနေသည်ကိုလည်း ဖြတ်ရန် ကြိုးပမ်းနေကြောင်း ရဲတပ်ဖွဲ့ဝင်တို့ကို ပြောသည်။

ရဲတပ်ဖွဲ့ဝင်တို့က ၃ နာရီအတွင်း ဖမ်းဆီးလိုက်သော ထို ၃ ဦးကို  ကားပေါ်တင်ပြီး ရဲစခန်း ခေါ်ဆောင်သွားကြသည်။

ထိန်းသိမ်းခံရသူသုံးဦးထဲမှ တစ်ဦး၏ မိသားစုဝင် အမျိုးသမီးလည်း ရဲစခန်းသို့ လိုက်လာပြီး ရင်ဆိုင်ရသည့် အခြေအနေအတွက် ကြေကွဲစွာ ငိုကြွေးနေသည်။

ဖမ်းဆီးလာသူ ၃ ဦး၊ သိမ်းဆည်းရမိသော သက်သေခံပစ္စည်းတို့ကို ရဲစခန်းတွင် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly