တမျိုးသားလုံး အကျိုးကိုသာ ဦးထိပ်ထား ဖြေရှင်းကြရန် လို

တမျိုးသားလုံး အကျိုးကိုသာ ဦးထိပ်ထား ဖြေရှင်းကြရန် လို

အခုတလော ကျောင်းသားလူငယ်များရဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းမှု သတင်းများကို ဆက်တိုက် ဆိုသလိုပင် ကြားနေ မြင်နေကြ ရသည်။

သက်ဆိုင်ရာက လိုက်လံဖမ်းဆီး တရားစွဲဆို သည့် သတင်းများကိုလည်း နောက်ဆက်တွဲ ကြားနေ မြင်နေကြရသည်။

မီဒီယာများပေါ်က တစ်ဆင့် သက်ဆိုင်ရာ တာဝန်ရှိသူများရဲ့ ပြောစကားများ၊ ကျောင်းသားများရဲ့ အသံများကိုလည်း ကြားကြ ရသည်။

တွေးမိသည့်အချက်မှာ ကျောင်းသားတို့၏ သည်လို လှုပ်ရှားဆောင်ရွက်မှုများသည် ယခုမှ ပေါ်ပေါက် လာသော အလုပ်များ ဟုတ်ပါ၏လော ဟူသည့်အတွေး ဖြစ်သည်။

တကယ်တော့ ဤသို့ မဟုတ်ချေ။ လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ်ကျော် ခြောက်ဆယ်လောက်ကတည်းက ကျောင်းသား လှုပ်ရှားမှုများက ရှိခဲ့သည်။ မကြာခဏဆိုသလို ရှိခဲ့သည်။ ဆက်တိုက် ဆိုသလိုပင် ရှိခဲ့သည်။

နောက်ထပ် တွေးမိသည့်အချက်မှာ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ တုန့်ပြန်ဆောင်ရွက်မှုများ ကကော မည်ကဲ့သို့ ရှိနေသနည်း ဟူသည့်အတွေး ဖြစ်သည်။ သက်ဆိုင်ရာ တာဝန်ရှိသူတို့သည် ကျောင်းသားတို့၏ လှုပ်ရှားဆောင်ရွက်မှုများကို အကြမ်းဖက်ဖြို ခွဲခြင်း၊ ဖမ်းဆီးခြင်း၊ တရားစွဲဆို ထောင်ချခြင်း အစရှိသော တုန့်ပြန် ဆောင်ရွက်မှုများဖြင့် ကျောင်းသားထု လှုပ်ရှားမှုများ ရပ်တန့် သွားအောင် လုပ်ခဲ့ကြသည်မှာလည်း လုပ်ဟန်  ပြောင်းလဲသွားသည်ဟူ၍ မရှိဘဲ ယနေ့ထက်တိုင် သည်နည်းကိုပင် ဆက်လက် ကိုင်ဆွဲထားသည်ကို တွေ့ရပြန် သည်။

ထိုအခါ နှစ်ပေါင်း ခြောက်ဆယ် နီးပါး အတွေ့အကြုံအရ သည်လို တုန့်ပြန်ဖြေရှင်း အဖြေရှာခြင်းနည်းမှာ ကျောင်းသားလှုပ်ရှား မှုများ ရပ်တန့်သွားအောင်လုပ်သည့် မှန်ကန်သည့်နည်း ဟုတ်မှ ဟုတ်ပါ၏လော ဆိုသည့် အတွေးကို မိမိတို့ ဆက်လက် တွေး မိကြရသည်။

အခြေအနေမှာ ခေတ်အမျိုးမျိုး အုပ်စိုးသူအမျိုးမျိုး ကျောင်းသားအမျိုးမျိုးသာ ပြောင်းသွား သည်၊ ကျောင်းသားထု၏ သည်လိုတောင်း ဆိုလှုပ်ရှားမှုမျိုးက ပြောင်းမသွားသေး။ တာဝန်ရှိသူများရဲ့ တုန့်ပြန်အရေးယူ ဖြေရှင်းနည်းကလည်း ပြောင်းမသွားသေး။ ဤသို့ဆို လျှင်တော့ မိမိတို့သည် နောက်ထပ် နည်းလမ်းတစ်ခုခုကိုတော့ မလွဲမသွေ ရွေးချယ်ရန် ရှာဖွေရန် သင့်ပြီဟု ယူဆရပါသည်။

ယခုတော့ ကျောင်းသားတွေက လမ်းပေါ် ခဏခဏ ထွက်ကြရ၊ တာဝန်ရှိသူများက ဖမ်းဆီး ထောင်ချ။ လူငယ်တွေ ပညာရေးနှင့် ကင်းကွာ။မိဘများ စိတ်သောက ဖိစီး။ မည်သူမျှ စိတ်မချမ်းသာ ကြရ။ ပြဿနာမှာ အမယ်ဘုတ်ရဲ့သူ့ချည်ခင်လို ကြာလေ ပိုမိုရှုပ်ထွေး ခက်ခဲကာ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးမတည်နိုင် ဖြစ်လာတော့မည် ဖြစ်သည်။ အပြန်အလှန် အသိအမှတ်မပြုနိုင်၊ အပြန်အလှန် မယုံသင်္ကာဖြစ်မှု ပိုမိုကြီးမားလာပြီး ဖြေရှင်းရခက်သည်ထက် ခက်လာမည်သာ ဖြစ်တော့သည်။

မိမိတို့သည် ကျောင်းသားများ မည်သူမျှ သွေးမြေ မကျစေချင်ပါ။ မည်သည့်ကျောင်းသားကိုမျှ အကျဉ်း ထောင်များအတွင်း မရှိစေ ချင်ပါ။ ယနေ့လူငယ်များသည် နောင်အနာဂတ် တိုင်းပြည်၏ လူကြီးများ ဖြစ်သည်ဟု ဆိုလျှင် မိမိတို့သည် လူငယ်များကို အကျဉ်းထောင်များအစား စာသင်ခန်း များထဲတွင်သာ ရှိစေချင်ပါသည်။

ကျောင်းသားများသည် ကျောင်းခန်းများထဲတွင်သာ နေကြရန် သင့်တော်ပါသည်။ မိမိတို့ တိုင်းပြည်၏ ကောင်းမွန်သည့် အနာဂတ် ကို အတောင်အချိုးခံထားရသော လူငယ်ကလေးတို့၏ ဘဝအခြေအနေမျိုးဖြင့် တည်ဆောက်လို့ မရနိုင်ပါ။

ထို့ကြောင့် နောက်ထပ် ရှာဖွေကျင့်သုံးအပ်သည့်နည်းမှာ မည်သူမဆို လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက် အတွက်လည်းကောင်း၊ လူတစ်စု အကျိုးအတွက်လည်းကောင်း၊ အဖွဲ့အစည်း တစ်ခုခု အတွက်လည်းကောင်း မဖြစ်စေဘဲ တိုင်းပြည်အကျိုး၊ တစ်မျိုး သားလုံး၏ အကျိုးကိုသာ ဦးတည် ရှေးရှုသည့် ဖြေရှင်းနည်းမျိုးဖြင့်သာ ကျောင်းသား ပြဿနာ၊ ပညာရေး ပြဿနာ၊ ဒီမိုကရေစီရေး ပြဿနာ များကိုကိုင်တွယ်ဖြေရှင်း သွားသင့်ကြောင်း နှင့် သည်နည်းဖြင့်သာ ကျောင်းသားလှုပ်ရှား မှုများ ချုပ်ငြိမ်းနိုင်မည်ဖြစ်ကြောင်း တင်ပြ လိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags