ထိုင်းနိုင်ငံထဲက မြန်မာဒုက္ခသည်များ ပြည်တော်ပြန်နိုင်ရေးကြိုးပမ်းမှု ကြိုဆိုပါ၏

ထိုင်းနိုင်ငံထဲက မြန်မာဒုက္ခသည်များ ပြည်တော်ပြန်နိုင်ရေးကြိုးပမ်းမှု ကြိုဆိုပါ၏
အမျိုးသားဒီမိုကရေအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းမြန်မာနယ်စပ်ရှိ အကြီးဆုံး မြန်မာ ဒုက္ခသည်စခန်းဖြစ်သည့် မယ်လ ဒုက္ခသည်စခန်းသို့ ၂၀၁၂ ခုနှစ် ဂျွန်လ ၆ ရက်က လာရောက်လာပတ်စဉ် ဒုက္ခသည်များက ကြိုဆိုနေကြသည်ကိုတွေ့ရစဉ်။ ( ၆ ဂျွန် ၂၀၁၂) ဓာတ်ပုံ - ဟောင်ဆာ(ရာမည)

ထိုင်းမြန်မာနယ်စပ်အနီး ထိုင်းနိုင်ငံအတွင်းက မြန်မာဒုက္ခစခန်း ၉ ခုဟာ ဆယ်စုနှစ် တစ်ခုကျော် ကြာမြင့်စွာ တည်ရှိနေခဲ့ရတဲ့ ဒုက္ခသည်စခန်းများ ဖြစ်ပါတယ်။ တချို့ဒုက္ခသည်စခန်းတွေက ဆယ်စုနှစ် ၂ ခုနီးပါးအထိ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ဒီအထဲက မဲဆောက်မြို့နဲ့နီးတဲ့ မယ်လ ဒုက္ခသည်စခန်းဆိုရင် အိမ်ခြေ ၁၀၀၀၀ ကျော်ရှိပြီး လူဦးရေ ၄၀၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ ဒုက္ခသည်စခန်း ၉ ခုစလုံးမှာရှိတဲ့ ဒုက္ခသည် စုစုပေါင်းက ၁၅၀၀၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

အခုတော့ ယခု ဇူလိုင်လ ၆ ရက်နေ့က နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က မြန်မာဒုက္ခသည်တချို့ နေရပ်ပြန်လာဖို့ စီစဉ်နေပြီဖြစ်ကြောင်း ထုတ်ဖေါ်ပြောဆိုတဲ့သတင်း ကြားလိုက်ကြရပါတယ်။ ဒါ့အပြင် ကျန်ဒုက္ခသည်အားလုံး နေရပ်ပြန်နိုင်ရေးလုပ်ငန်းစဉ်ကိုလည်း အကောင်အထည်ဖေါ်နေပြီဖြစ်ကြောင်းလည်း ကြားလိုက်ကြရပါတယ်။ ဒီသတင်းဟာ တိုင်းပြည်အတွက် မင်္ဂလာရှိတဲ့ သတင်းအဖြစ် ကြိုဆိုကြရမှာပါ။

တကယ်တော့ ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်တွေဟာ ဒုက္ခသည်တွေဖြစ်တယ်ဆိုတာ၊ ပြီးတော့ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်ဆိုတာ တရားဝင်အသိအမှတ်အပြုခံရဖို့ကိုတောင်မှ နှစ်ပေါင်းများစွာ ဆုံးရှုံးခဲ့ကြရသူတွေ ဖြစ်ပါတယ်။ သူတပါးနိုင်ငံထဲမှာ အကျယ်ချုပ်နဲ့ ဖြစ်သလို တဲထိုးပြီး နေထိုင်ခဲ့ကြရသူတွေ၊ အနာဂတ်ပျောက်နေသူတွေအဖြစ်နဲ့ နေလာခဲ့ကြရသူတွေပါပဲ။

တခေတ်တခါတုန်းကဆိုရင် အဲဒီဒုက္ခသည်စခန်းတွေကို တိုင်းပြည်ရဲ့ အာဏာရ အစိုးရအဆက်ဆက်က အသိအမှတ်မပြုခဲ့ကြပါဘူး။ အဲဒီစခန်းက ပြန်လာမယ်ဆိုရင်လည်း လက်မခံတဲ့အပြင် အနိမ့်ဆုံး တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ ရင်ဆိုင်ကြရမှာဖြစ်ပြီး အမြင့်ဆုံး တရားမဝင်အသင်းအဖွဲ့များနဲ့ဆက်သွယ်မှု၊ နိုင်ငံတော်ပုန်ကန်မှုအထိ တရားစွဲဆိုခံကြရမှာ သေချာခဲ့ပါတယ်။ ဒါ့အပြင် ဒုက္ခသည်စခန်းတွေဟာ တိုင်းပြည်ကို ပြန်လည်ဒုက္ခပေးနေတဲ့ နေရာတွေဖြစ်ပြီး ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကိုမချစ်လို့ သူများတိုင်းပြည်ကို အထင်ကြီးလို့ သွာနေကြတဲ့သူတွေအဖြစ်လည်း ဝါဒဖြန့်ဆန့်ကျင်မှုကို ခံခဲ့ကြရပါတယ်။

အခုတော့ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူကိုယ်တိုင်က ထိုင်းနိုင်ငံထဲက မြန်မာဒုက္ခသည်စခန်းတွေကို ဒုက္ခသည်တွေအဖြစ် အသိအမှတ်ပြုရာရောက်တဲ့စကား ထုတ်ဖေါ်ပြောဆိုလာတဲ့အပြင် နေရပ်ရင်း ပြန်နိုင်ဖို့ကိုတောင်မှ စီစဉ်နေပြီဆိုတဲ့သတင်းကို ကြားလာကြရတာပါ။ ဝမ်းသာ ကြိုဆိုကြရမှာပါ။

သူတပါးတိုင်းပြည်ထဲ ဝင်ရောက်ခိုလှုံနေထိုင်ရတဲ့သူတွေဆိုတာ အကြောင်းရင်းအမျိုးမျိုး ရှိပါတယ်။ စစ်ပွဲတွေကြောင့်၊ လူမျိုးရေးခွဲခြားဖိနှိပ်မှုကြောင့်၊ ဘာသာရေးခွဲခြားမှုကြောင့် အရှိတဲ့ အခြေအနေများကြောင့် လုံခြုံမှုမရှိလို့ သူတပါးတိုင်းပြည်ထဲ ခိုလှုံကြရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီဒုက္ခသည်တွေ ပြည်တွင်းပြန်ဝင်နေထိုင်ကြရတော့မယ်ဆိုတဲ့အဓိပ္ပါယ်ကလည်း အထက်ပါ အခြေအနေတွေ ကင်းပျောက်စပြုနေပြီဆိုတာ ဝန်ခံရာရောက်တဲ့သဘောမို့ ဒါလည်း ဝမ်းသာရမယ့် သတင်းဖြစ်ပါတယ်။

ဒုက္ခသည်တွေ ပြည်တွင်းပြန်နေထိုင်ကြတဲ့အခါ သူတို့ရဲ့လုံခြုံရေး၊ နေထိုင်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိတဲ့ လူမှုအာမခံချက်များလည်း ရှိမှ ပြန်လာကြမှာဖြစ်သလို အဲဒါတွေ ကြိုတင်မပြင်ဆင်ပဲ ပြန်လာနိုင်ကြမယ့်သဘောလည်း မရှိပါဘူး။ ဒါတွေက လက်တွေ့လည်းကျ ခိုင်မာမှုလည်း ရှိမှသာလျင် ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးကိစ္စ အောင်မြင်မှာဖြစ်ပါတယ်။ ယခင်လိုပဲ စစ်ပွဲတွေပြန်ဖြစ်လာနိုင်တဲ့အခြေအနေနဲ့ အခြားပြဿနာတွေ တည်ငြိမ်မှုမရှိ အာမခံချက် မရှိဘူး မပေးနိုင်ဘူးဆိုရင်တော့ ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးဟာ ယခင့်ယခင်တုန်းကလိုပဲ ရေပေါ်အရုပ်ရေးသလိုဖြစ်နေမှာကိုလည်း ထည့်သွင်းစဉ်းစားကြရမှာ အမှန်ပါပဲ။

မည်သို့ပင်ဖြစ်စေ၊ လက်ရှိတိုင်းပြည် ဖြစ်ပေါ်တိုးတက်လာနေတဲ့အခြေအနေတစ်ခုအောက်မှာ ထိုင်းနိုင်ငံရောက်မြန်မာဒုက္ခသည်များ နေရပ်ရင်းပြန်ရေးကိစ္စ အစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်မှုများကို မဇ္ဈိမအနေနှင့် ဝမ်းသာဂုဏ်ယူစွာ ကြိုဆိုပါကြောင်း ပြောပါရစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly