အာရှခြေစမ်းခရီးစဉ်ကို ဒူးဒဏ်ရာကြောင့် ဝဲလ်ဘတ်လွဲချော်

အာရှခြေစမ်းခရီးစဉ်ကို ဒူးဒဏ်ရာကြောင့် ဝဲလ်ဘတ်လွဲချော်

ဇူလိုင် ၉၊ လန်ဒန်။ ။ တိုက်စစ်မှူးဝဲလ်ဘတ်သည် အာဆင်နယ်အသင်း၏ ရာသီကြိုအာရှခြေစမ်းခရီးစဉ်ကို ဒူးဒဏ်ရာကြောင့်လွဲချော်မည်ဖြစ်သည်။ အဆိုပါ ဂန်းနား တိုက်စစ်မှူးသည် ပြီးခဲ့သည့်ရာသီနှောင်းပိုင်းတွင်ရရှိခဲ့သော ဒူးဒဏ်ရာနှင့်ပုံစံတူသည့် ဒဏ်ရာကိုခံစားနေရခြင်းဖြစ်သည်။ ဒူးရိုးပွန်းသည့် ဒဏ်ရာ ရနေခြင်းဖြစ်သည်ဟု ယူဆရကြောင်း မယ်ရာသတင်းဋ္ဌာနက ဖော်ပြသည်။

ဝဲလ်ဘတ်ပြန်ကောင်းလာမည့်အချိန်အတိအကျကို မသိနိုင်သော်လည်း ဇူလိုင်လကုန်တွင်ကျင်းပမည့် အမ်းမရိတ်စ်ဖလားပြိုင်ပွဲအမီ ပြန်ကောင်းလာမည်ဟု မျှော်လင့်ရသည်။

သို့သော်ဝဲလ်ဘတ်သည် လက်ရှိအချိန်ထိရာသီကြိုလေ့ကျင့်ခန်းဆင်းနိုင်ခြင်းမရှိသေးသည့်အပြင် စင်ကာပူ၌ကျင်းပမည့် ပရီးမီးယားလိဂ်အာရှဖလားပွဲကိုလည်းလွဲချော်ရမည်ဖြစ်ရာ ပွဲကစားရန်ထက် လေ့ကျင့်ဖို့ပင် ကြံ့ခိုင်မှုမပြည့်သေးသည့် အနေအထားဖြစ်နေသည်။

အာဆင်နယ်အသင်းအတွက် ဝဲလ်ဘတ်နောက်ဆုံးကစားပေးခဲ့သည့်ပွဲမှာ ဧပြီ ၂၆ တွင် ချယ်လ်ဆီးနှင့်သရေကျခဲ့သည့်ပွဲဖြစ်ပြီး ယင်းနောက်ပိုင်းတွင် အက်ဖ်အေဖလားဗိုလ်လုပွဲ၊ ပြီးခဲ့သည့်လတွင် ဆလိုဗေးနီးယားနှင့်ယှဉ်ပြိုင်ခဲ့သော အင်္ဂလန်လက်ရွေးစင်အသင်း၏ ယူရို ၂၀၁၆ ခြေစစ်ပွဲတို့ကို လွဲချော်ခဲ့သည်။

ဝဲလ်ဘတ်ဒဏ်ရာရနေသည့်သတင်းမှာ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ရွိုင်းဟော့ဒ်ဆန်အတွက်လည်း ပူပန်စရာဖြစ်နေသည်။ အာဆင်နယ်အသင်းသည် စင်ကာပူတွင် အဲဗာတန်၊ စတုခ်စီးတီး၊ စင်ကာပူလက်ရွေးစင်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ရည်ညွှန်း မယ်ရာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly