Dallas မြို့မှ ရဲတပ်ဖွဲ့ဝင်များကို ချောင်းပစ်သွားသည့် စနိုက်သမားတစ်ဦးကို အမေရိကန်ရဲတပ်ဖွဲ့က စက်ရုပ်ကို အသုံးပြုကာ ရှင်းလင်းသတ်ဖြတ်

Dallas မြို့မှ ရဲတပ်ဖွဲ့ဝင်များကို ချောင်းပစ်သွားသည့် စနိုက်သမားတစ်ဦးကို အမေရိကန်ရဲတပ်ဖွဲ့က စက်ရုပ်ကို အသုံးပြုကာ ရှင်းလင်းသတ်ဖြတ်

ဇူလိုင် ၉ ။              ။ အမေရိကန်နိုင်ငံ Dallas မြို့တွင် ရဲဝန်ထမ်းများကို ချောင်းမြောင်းပစ်ခတ်သွားသော စနိုက်ပါသမားများကို လိုက်လံရှာဖွေရှင်းလင်းရာတွင် ရဲတပ်ဖွဲ့က စက်ရုပ်တစ်ရုပ်ကို အသုံးပြုကာ တရားခံတစ်ဦးအား နှိမ်နင်းရှင်းလင်းခဲ့သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဇူလိုင်လ ၈ ရက်က ယင်းမြို့လယ်ခေါင်အနီးတွင် လူမည်းများ ရဲများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့မှုဖြစ်စဉ်များအပေါ် ဆန့်ကျင်ဆန္ဒပြပွဲများပေါ်ပေါက်ခဲ့စဉ် တာဝန်ကျရဲများကို စနိုက်ပါဖြင့်   ချောင်းပစ်မှုကြောင့် ရဲငါးဦးထိ သေဆုံးခဲ့ပြီး အခြားကိုးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယင်းနောက် ရဲတပ်ဖွဲ့ဝင်များက အဆိုပါ သေနတ်သမားများကို လိုက်လံရှာဖွေရှင်းလင်းရာတွင် ကောလိပ်ကျောင်းတစ်ခုအနီး ကားဂိုဒေါင်တစ်ခုတွင် သေနတ်သမားတစ်ဦးအား   ခြေရာခံချောင်ပိတ်ထားမိသည်ဟု သိရသည်။ ရဲများက ၎င်းသေနတ်သမားနှင့် နာရီပေါင်းများစွာကြာ ဆွေးနွေးညှိနှိုင်းရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ယင်းနောက် ရဲများက ဂိုဒေါင်ထဲသို့ စီးနင်းဝင်ရောက်ကာ သေနတ်သမားကို ဖမ်းဆီးရန် သို့မဟုတ်  လက်နက်တပ်ဆင်ပေးထားသည့် ရီမုဒ်ကွန်းထရိုးဖြင့် ထိန်းချုပ်နိုင်သော စက်ရုပ်ကို စေလွှတ်ကာ ရှင်းလင်းရန် စသည်နည်းလမ်းနှစ်ရပ်ကို ရွေးချယ်ခဲ့ရာတွင် ဒုတိယနည်းလမ်းကို အသုံးပြုရန်ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

“ ကျွန်တော်တို့ ဒုတိယနည်းလမ်းကို ရွေးခဲ့ပါတယ်၊ စက်ရုပ်ပေါ်မှာ ပေါက်ကွဲစေတဲ့ ပစ္စည်းတစ်ခုတပ်ဆပ်ပေးလိုက်ပြီး စေလွှတ်လိုက်ပါတယ်၊ ပထမလမ်းက ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေအတွက် အသက်အန္တရာယ်နဲ့ ကြုံရနိုင်လို့ပါ” ဟု Dallas မြို့ ရဲတပ်ဖွဲ့အကြီးအကဲ ဒေးဗစ်ဘရောင်းက ပြောသည်။

ယင်းနောက်ပိုင်း အသက် ၂၅ နှစ်ရှိပြီဟု ယူဆရသော မိုက်ကာဇာဗီးယား ဂျွန်ဆင်ဆိုသူ သေနတ်သမားကို စက်ရုပ်က ရှင်းလင်းသတ်ဖြတ်လိုက်နိုင်ကြောင်း ရဲများက ပြောကြားသွားသည်။ အဆိုပါ စက်ရုပ်မှာ မူလပထမက လူသတ်ရန် တီထွင်ဖန်တီးထားခြင်းမဟုတ်သော်လည်း ယင်းကို အဆင့်မြင့်တင်ထားမှုများအရ ဗုံးတပ်ဆင်ကာ သွားရောက်ဖောက်ခွဲနိုင်ရန်လုပ်ဆောင်ထားသည်ဟု သိရသည်။

ထိုကဲ့သို့ တရားခံဖမ်းဆီးရှင်းလင်းရာတွင် လူအစား စက်ရုပ်အသုံးပြုနှိမ်နင်းမှုမှာ အမေရိကန်ရဲတပ်ဖွဲ့အတွက် ပထမဆုံးအကြိမ်ဖြစ်လာသည်ဟုလည်း ပြောဆိုနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly