အိန္ဒိယကုမ္မဏီတစ်ခုက စင်ကာပူဒေါ်လာ ၅ ဒေါ်လာတန်ဖုန်း ထုတ်

အိန္ဒိယကုမ္မဏီတစ်ခုက စင်ကာပူဒေါ်လာ ၅ ဒေါ်လာတန်ဖုန်း ထုတ်

ဇူလိုင် ၉ ။                ။ အိန္ဒိယ ဖုန်းထုတ်လုပ်သူ ကုမ္မဏီတစ်ခုက စင်ကာပူဒေါ်လာ ၅ ဒေါ်လာသာ ကျသင့်သည့် ကမ္ဘာ့တန်ဖိုးအနည်းဆုံး စမတ်ဖုန်းအမျိုးအစားတစ်ခုကို ပြည်တွင်း၌ စတင်ထုတ်လုပ်ရောင်းချလိုက်သည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Ringing Bells အမည်ရ အိန္ဒိယအခြေစိုက် ဖုန်းကုမ္မဏီတစ်ခုက ယခင်ကာလအနည်းငယ်ကတည်းက ယင်းတို့၏ ဖုန်းကို ၂၅၁ ရူပီး (စင်ကာပူဒေါ်လာ ၅ ဒေါ်လာ) သာ ဈေးသတ်မှတ်ထားပြီး မကြာခင်ထုတ်လုပ်ရောင်းချသွားမည်ဟု ထုတ်ဖော်ကြေညာထားခဲ့သော်လည်း မယုံကြည်မှုများ၊ သံသယများဖြင့်သာ ရင်ဆိုင်ထားခဲ့ရခြင်းဖြစ်သည်။ ယင်းအချိန်ကတည်းက ကြိုတင်အမှာစာ ၇၅ သန်းခန့်အထိ ရရှိထားခဲ့ပြီးနောက်ပိုင်း ကုမ္မဏီ၏ အဆိုပါ ဖုန်းကို အမှန်တကယ်ထုတ်လုပ်ရောင်းချနိုင်မည်လားဟူ၍ မေးခွန်းများစွာ ထွက်ပေါ်ထားခဲ့သည်။

လပေါင်းများစွာကြာ ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ၎င်းတို့၏ ဖုန်းကို စတင်တင်ပို့ရောင်းချနေပြီဖြစ်ကြောင်း ယခုအခါမှ ထုတ်ဖော်ကြေညာနိုင်ခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ ၈ ရက်က ၅ ဒေါ်လာတန်ဖုန်းကို ပထမဆုံးရောင်းချမှုအဖြစ် ဖုန်းအလုံးရေ ၅,၀၀၀ ကို တင်ပို့နိုင်ခဲ့ပြီဟု အဆိုပါ ကုမ္မဏီက ကြေညာသွားခဲ့သည်။

“ ခုချိန်မှာတော့ ကျွန်တော်တို့ရဲ့ ဖုန်းကို စတင်ရောင်းချနိုင်ပါပြီ၊ ခုလောလောဆယ် ကြိုတင်မှာယူထားသူတွေဆီကို ဖုန်းအလုံးရေ ၂,၂၀၀ ကို ပို့လိုက်ပါပြီ၊ အဲဒီထဲက ၈၀၀ လောက်က ဥတာပရာဒက်ရှ်ပြည်နယ်ကို တင်ပို့လိုက်တာပါ၊ အဲဒီပြည်နယ်မှာပဲ အမှာစာ ၂၈ သန်းလောက် ရှိထားပါတယ်” ဟု ကုမ္မဏီတည်ထောင်သူ မစ္စတာ မိုဟစ် ဂိုအယ်က ပြောကြားသွားသည်။

အဆိုပါ ကုမ္မဏီသည် အိန္ဒိယနိုင်ငံ Noida  စက်မှုမြို့တွင် အခြေစိုက်ထားပြီး ၂၀၁၅ စက်တင်ဘာလကမှ မှတ်ပုံတင်ထားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly