ရေဘေးအန္တရယ် မကျရောက်စေရေး

ရေဘေးအန္တရယ် မကျရောက်စေရေး

အခုရက်တွေအတောအတွင်း မြန်မာတနိုင်ငံလုံး မိုးအဆက်မပြတ်ရွာသွန်းလျက် ရှိပါတယ်။ ရန်ကုန်မြို့ကြီးပေါ်မှာ နေ့စဉ် ရေတွေလမ်းပေါ်တက်လာလို့ သွားလာသူတွေအခက်တွေ့ရ၊ အိမ်နိမ့်နေသူတွေ နေထိုင်ရေးဒုက္ခ ကြုံတွေ့ကြရပါတယ်။ ဒါပေမယ့်လည်း လမ်းဘေးရေမြောင်းတွေကို တတ်နိုင်သလောက် ဆည်ထား ရှင်းထားတာမို့ လမ်းတွေပေါ် ရေကျော်တာနည်းနေသေးတာလို့ ယူဆရပါတယ်။

တဆက်တည်းမှာပဲ ရခိုင်ပြည်နယ်နဲ့ ချင်းတွင်းမြစ်အထက်ပိုင်းမှာတော့ မိုးအဆက်မပြတ်ရွာပြီး ရေကြီးတဲ့သတင်းတွေ ထွက်လာပါတယ်။ ကျေးရွာတွေ ရေမြုပ်တဲ့သတင်းတွေလည်း တက်လာပါတယ်။ စိတ်ပူစရာကောင်းတဲ့သတင်းတွေကတော့ မုန်းချောင်းတလျောက်က ကျေးရွာတွေ၊ စေတုတ္တရာမြို့နဲ့ မုန်းချောင်းအောက်ဖက်က ပွင့်ပြူမြို့တို့ရဲ့အခြေအနေဖြစ်ပါတယ်။

၂၀၁၆ ခု၊ ဇူလိုင်လ ၈ ရက် နေ့စွဲနဲ့ ခရိုင်စီမံကိန်းဦးစီးရုံးကနေပြီး တိုင်းဒေသကြီးစီမံကိန်းဦးစီးရုံးကို ပေးပို့တဲ့ကြေးနန်းစာအရဆိုရင် ပွင့်ဖြူမြို့ ကြီးအုံကြီးဝတမံရဲ့ လက်ရှိဆည်ရေပြည့်ပမာဏဟာ ၃၅၂.၇ ပေ ရှိပါတယ်။ ဒါဟာ ဆည်ရေပြည့်သတ်မှတ်ပမာဏဖြစ်တဲ့ ၃၄၄ ပေထက် ၈ ပေကျော်နေတဲ့သဘောဖြစ်နေပါတယ်။ ဒါကြောင့်မို့ ဆည်ရေတွေဟာ ရေလွှဲပေါက်က   ကျော်ကျနေပြီဖြစ်တယ်လို့   ပြောနိုင်ပါတယ်။

တခါ စေတုတ္တရာမြို့ မုန်းဆည်ရဲ့ လက်ရှိဆည်ရေပြည့်ပမာဏဟာ ၅၂၈. ၆ ပေရှိတယ်လို့ ပါရှိတဲ့အတွက် ဆည်ရေပြည့်သတ်မှတ်ပမဏ ၅၂၀ ပေထက် ၈ ပေကျော် ရောက်နေတဲ့သဘောဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီဆည်မှာလည်း ရေလွှဲပေါက်ကတဆင့် ရေတွေ ကျော်ကျနေပြီဆိုတဲ့သဘောပါပဲ။

ဒီအခြေအနေအရဆိုရင် ဆည်တမံကြီးတွေပေါ်ကတော့ ရေကျော်ကျဖို့ စိုးရိမ်စရာ မရှိသေးတဲ့သဘော ဖြစ်ပေမယ့် ဒီလိုသာ နေ့စဉ်ရက်ဆက် မိုးတွေရွာနေမယ်ဆိုရင်တော့ ရေတွေဟာ နာရီနဲ့အမျှ တက်လာနေမှာကလည်း အသေအချာပါပဲ။ ရေကြီးနိုင်တယ်ဆိုတဲ့ အမြင်ကိုတော့ ဘယ်နည်းနဲ့မှ စိတ်ချလက်ချ ဖယ်ချထား မျက်ကွယ်ပြုထားလို့ မရပါဘူး။

ဘာကြောင့်လည်းဆိုရင် စေတုတ္တရာမြို့ရဲ့ မနှစ်က ခေါင်မိုးထိအောင် ရေမြုပ်ခံခဲ့ရတဲ့ အမှတ် ၁ အလယ်တန်းကျောင်းဝင်းအစပ်ကို ရေရောက်နေပြီဆိုတဲ့သတင်းနဲ့ မြို့ထိပ်က လယ်ကွယ်တွေ ရေပြည့်နေပြီဆိုတဲ့သတင်းတွေကို ကြားနေရလို့ ဖြစ်ပါတယ်။

အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အဲဒီဒေသကို မျက်ခြည်မပြတ်စောင့်ကြည့်( မနှစ်က ရေဘေးသင့်ခဲ့တဲ့အတွေ့အကြုံအရ)နေကြတဲ့ လူတချို့ကလည်း မုန်းချောင်းတဝိုက် ကြီးအုံကြီးဝဆည်နဲ့ မုန်းဆည်တွေရဲ့အခြေအနေကို သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ အချိန်နဲ့အမျှ တင်ပေးနေကြပါတယ်။ သက်ဆိုင်ရာနယ်မြေ တာဝန်ရှိသူတွေကလည်း ရေတိုက်စားရာနေရာတွေမှာ   ရေကာတွေပြုလုပ်ပေးနေတဲ့သတင်းနဲ့ လိုက်လံစောင့်ကြည့် ကြီးကြပ်နေတဲ့သတင်းတွေကိုလည်း တွေ့နေကြရပါတယ်။ ဒါပေမယ့် ဒီလိုဒီလောက် ပြုလုပ်နေရုံနဲ့ အကယ်၍များ ရေတွေ မြို့တွေထဲ လှိမ့်ဝင်လာခဲ့ရင်၊ ကျေးရွာတွေ ရေလွှမ်းလာခဲ့ရင် ထိရောက်တဲ့ကာကွယ်မှု ထိရောက်တဲ့ ကယ်ဆယ်မှု လုပ်နိုင်ကြပါ့မလား။ မေးခွန်းထုတ်စရာ ရှိလာပါတယ်။

ဒေသခံတွေရဲ့အမြင်မှာတော့ အကယ်၍ ရေတွေသည့်ထက် များလာခဲ့ရင်တော့ ဒီဒေသကြီးတစ်ခုလုံး ယခင်နှစ်ကလို ရေဘေးသင့်အုန်းတော့မှာပဲဆိုပြီး ထိတ်လန့်နေကြရပါတယ်။

မုန်းချောင်းတလျောက် ကျေးရွာတွေနဲ့ မြို့တွေဟာ ယခင်နှစ်ကစပြီး ဘာပြုလို့ ရေဘေးအန္တရယ် ကြုံတွေ့နေကြရတာလဲ။ နှစ်ပေါင်း ဆယ်စုနှစ်များစွာ မတွေ့မကြုံကြရပဲ အခုကြမှ ဘာပြုလို့ ရေကြီးရေလျှံတဲ့ ခံနေကြရတာလဲ။ တချို့ကတော့ မုန်းချောင်းအထက်ပိုင်းတဝိုက်က သစ်တောတွေကို အလျင်စလို အတိုင်းအဆ အဆင်အခြင်မရှိ ခုတ်လှဲလိုက်ကြလို့ မိုးရေတွေကို စုတ်ယူထားပေးတဲ့ သစ်ပင်တွေ ပြုန်းတီးသွားကြရပြီး ရေကြီးကြရတာဖြစ်တယ်လို့ ယူဆကြပါတယ်။ ပြီးတော့ ဆည်တမံတွေ တည်ဆောက်ထားလိုက်လို့ အဲဒီဆည်တွေက ရေတွေကိုကန့်ထားတဲ့အချိန် မိုးကြီးတဲ့အခါ တောင်ကျရေ ဒလဟော ဆင်းတဲ့အခါ ရေတွေပြည့်လျှံပြီး ရေကြီးရတာဖြစ်တယ်လို့လည်း ယူဆကြပါတယ်။ အဲဒီရေတွေကို ဆည်တွေက တာရှည်မကန့်နိုင်လို့ ဆည်ကျိုးသွားခဲ့ရင် ဆည်အောက်မှာရှိတဲ့ မြို့တွေ ကျေးရွာတွေ မတွေးဝံ့လောက်ဖြစ်နေကြရတယ်လို့လည်း ဆိုကြပါတယ်။

ပြီးတော့ ဒီလို သစ်တောတွေပြုန်း၊ ရေတွေကြီးရတာဟာ အရင်အစိုးရအဆက်ဆက်က တာဝန်မဲ့ခဲ့ကြလို့၊ ဝိသမလောက်ဘကြီးခဲ့ကြလို့သာ ဖြစ်ရတာလို့လည်း ဝေဖန်ကြတာ ရှိပါသေးတယ်။

ဘယ်လိုပင်ဖြစ်ပစေ တရားသဘောအရ လက်တွေ့ကျကျ စဉ်းစားရမယ်ဆိုရင် ရင်ဘတ်ကိုလာမှန်တဲ့မြှားကို နှုတ်ရမယ့် ဆေးကုရမယ့်အလုပ်ကို အရင်ဦးစွာပထမ လုပ်ကြရပါလိမ့်မယ်။ ဒီဒေသကြီး ရေကြီးမယ့်အန္တရယ်ရဲ့အဖြစ်က မြှားပစ်သူတရားခံရှာတာ နောက်ထားပြီး လောလောဆယ်မှာတော့  ရေဘေးကြီးမကျရောက်ရလေအောင် ဘယ်လိုကာကွယ်ကြမယ်၊ ရေဘေးကျရောက်လာရင်လည်း ဘယ်လို ကူညီကယ်ဆယ်ကြမယ် ဘယ်လိုလွတ်အောင်ရှောင်ကြရမယ်ဆိုတဲ့ အဖြေကိုပဲ ဦးစွာပထမစဉ်းစား အလျင်အမြန်လုပ်ကိုင်ကြရမှာဖြစ်ကြောင်း မဇ္ဈိမက စိတ်ပူပန်စွာ အကြံပြုလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly