၂၁ရာစုပင်လုံအတွက် အရပ်ဘက်အဖွဲ့အစည်းများ ဘာတွေပြင်ဆင်နေပြီလဲ

၂၁ရာစုပင်လုံအတွက် အရပ်ဘက်အဖွဲ့အစည်းများ ဘာတွေပြင်ဆင်နေပြီလဲ

ရန်ကုန်၊ ဇူလိုင် ၈ ။              ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံအကြိုဆွေးနွေးပွဲတွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများ အနေဖြင့် ပါဝင်ဆွေးနွေးရန်လိုအပ်သည့် ကဏ္ဍအားလုံးကို ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၂၁ရာစုပင်လုံညီလာခံအတွက် ပြင်ဆင်နေမှုအပေါ်သတင်းစာရှင်းလင်းပွဲတွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများဖိုရမ်ကျင်းပရေး ယာယီကော်မတီ ကပြောသည်။

အရပ်ဖက်လူမှုအဖွဲ့အစည်းများအနေဖြင့် ၂၁ရာစုပင်လုံညီလာခံတွင် ခေါင်းစဉ်ငါးခုရှိသည့် အနက်မှ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝသယံဇာတဆိုသည့် ခေါင်းစဉ်များကို စင်ပြိုင်ဆွေးနွေးပွဲဖိုရမ်တစ်ခု ကျင်းပပါဝင်သွားရမည်ဖြစ်သည်။ ကျန်သည့်ခေါင်းစဉ်များဖြစ်သော နိုင်ငံရေးနှင့် လုံခြုံရေးကိုမူ အစိုးရ၊ လက်နက်ကိုင်အဖွဲ့များနှင့် ပါတီများမှ ဆွေးနွေးသွားမည်ဖြစ်သည်။

“နိုင်ငံရေး၊ လုံခြုံရေးဆိုတာတွေကို ကျနော်တို့က ပြည်သူလူထုအမြင်ကနေပဲ ဆွေးနွေးမှာပါ၊ ဥပမာ လုံခြုံရေးဆိုရင် တပ်မတော်က စစ်ပွဲပဲပြေးမြင်မယ်၊ ဒါပေမယ့်လူထုဘက်ကကြည့်တဲ့အခါကျတော့ အဲ့ဒီတိုက်ပွဲတွေဖြစ်လာရင် သူတို့အိမ်တွေကို ကျည်ဆံတွေ မရောက်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့ အမြင်ကနေကြည့်ပြီးဆွေးနွေးတယ်” ဟု ဖိုရမ်ဖြစ်မြောက်ရေးယာယီ ကော်မတီအဖွဲ့ဝင် ကိုသွင်လင်းအောင်က အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ရပ်တည်ဆွေးနွေးမည့် ပုံစံကိုပြောသည်။

ယနေ့ ဇူလိုင်၈ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများအနေဖြင့် ၂၁ရာစုပင်လုံအတွက် ဖိုရမ်ကျင်းပရန်ပြင်ဆင်မှုများပြုလုပ်နေပြီး လုပ်ငန်းလမ်းညွှန်ကိုလည်း အစိုးရဘက်သို့တင်ပြပြီးဖြစ်သည်။ ယင်းလုပ်ငန်း လမ်းညွှန်မူကြမ်းတွင် လူမှုအဖွဲ့အစည်းများအနေဖြင့် လိုအပ်သောကဏ္ဍအားလုံးတွင် ပါဝင်ဆွေးနွေးရန်ထည့်သွင်းထားသည်။

“ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေးခေါင်းဆောင်တော်တော်များများကလည်း ပြောခဲ့ကြတယ်၊ နိုင်ငံရေးဆိုတာ လူတိုင်းရဲ့ အရေးပဲဖြစ်တယ်၊ NCAအခြေခံမူနဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်ပါ ပြဌာန်းချက်တွေအရ ဒါကိုပြန်စဉ်းစားပေးလိမ့်မယ်လို့ ယုံတယ်” လို့ ကိုသွင်လင်းအောင်ကပဲ ဖြည့်စွက်ပြောသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်(NCA) အခြေခံမူတွင် အပိုဒ်(၁)၊ အပိုဒ်ခွဲ(ဆ)၌ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန်ရည်မှန်း၍ တိုင်းရင်းသားများ၏ လိုလားချက်များနှင့် သဘောဆန္ဒများကို အခြေခံပြီး ပါဝင်သင့်သူအားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပသွားရန်ဟုပါရှိသည်။

အရပ်ဖက်လူမှုအဖွဲ့အစည်းများအနေဖြင့် ၂၁ရာစုပင်လုံအတွက် နိုင်ငံအဆင့်ဖိုရမ်ကို နိုင်ငံရေးဆွေးနွေးပွဲမူဘောင်အတည်ပြုပြီးချိန် (သို့မဟုတ်)လာမည့် သြဂုတ်လဆန်းပိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်လည်း ဆွေးနွေးပွဲများပြုလုပ်ပြီး ပြည်သူများ၏ ဆန္ဒများကို စုဆောင်းသွားမည်ဖြစ်သည်။

ညီလာခံကျင်းပနေစဉ်မှာလည်း နိုင်ငံအဆင့်ဖိုရမ်များကို အပြိုင်ကျင်းပသွားမည်ဖြစ်သည်။ ထို့နောက် ညီလာခံတွင် ၎င်းတို့၏မူဝါဒများကို တင်ပြဆွေးနွေးကာ ဆုံးဖြတ်သည့်အဆင့်အထိ ပါဝင်ဆောင်ရွက်သွားမည်ဟု လုပ်ငန်းလမ်းညွှန်တွင်ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly