ပြိုင်ဖက်အသစ်အတွက် အဆင်သင့်ဖြစ်နေတယ်လို့ အူရီဒူးရဲ့ မြန်မာနိုင်ငံ CEO ပြော

08 July 2016
ပြိုင်ဖက်အသစ်အတွက် အဆင်သင့်ဖြစ်နေတယ်လို့ အူရီဒူးရဲ့ မြန်မာနိုင်ငံ CEO ပြော

မြန်မာ၏ အကူးအပြောင်းတွင် ဆက်သွယ်ရေးလုပ်ငန်းသည် အောင်မြင်မှုအရှိဆုံး၊ တိုးတက်မှုအရှိဆုံး လုပ်ငန်းဖြစ်လာသည်။ နှစ်ပေါင်းများစွာမိုဘိုင်းဆင်းကဒ်များကို လူတိုင်းအလှမ်းဝေးသည့် ဈေးနှုန်းဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ငှားရမ်းပေးနေရာမှ ၂၀၁၁ ခုနှစ် ယခင် သမ္မတ(ဟောင်း) ဦးသိန်းစိန်လက်ထက်မှ စတင်ကာ ယင်းလုပ်ငန်းအတွင်း အပြောင်းအလဲများဖြစ်ပေါ်ခဲ့သည်။ ထင်ရှားသည့်တိုးတက်မှုအနေနှင့် ၂၀၁၃ ခုနှစ်တွင် ပြည်ပဆက်သွယ်ရေးလုပ်ငန်းများကို ပြည်တွင်းလုပ်ကိုင်ခွင့်လိုင်စင်ချပေးခဲ့ပြီး ကာတာနိုင်ငံမှ အူရီဒူးနှင့် နော်ဝေးဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောတို့သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အပြိုင် မိုဘိုင်းဆင်းကဒ်များကို ၂၀၁၄ ခုနှစ်မှ စတင်ကာ ဝန်ဆောင်မှုပေးလာခဲ့သည်။

ယခုသီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် မဇ္ဈိမ၏ စီးပွားရေးသတင်းဌာန အကြီးတန်းသတင်းထောက် ကိုအောင်သူရက ကာတာဆက်သွယ်ရေးကုမ္ပဏီအူရီဒူး၏ အမှုဆောင်အရာရှိချုပ် မစ္စတာရီနီးမီဇာနှင့် တွေ့ဆုံခဲ့ပြီးမေးမြန်းမှုများထဲမှ အူရီဒူး၏ မကြာခင်ကကြေညာခဲ့သော ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှုစနစ် -ESMS နှင့် ပတ်သတ်ပြီး ထုတ်နုတ်ဖော်ပြလိုက်သည်။

မဇ္ဈိမ။  ။ သိပ်မကြာခင်တုန်းက ပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှု အကောင်အထည်ဖော်ဖို့အတွက် ရင်းနှီးမြှုပ်နှံမယ်ဆိုပြီး အူရီဒူးမြန်မာက ကြေညာခဲ့တယ်ဗျ၊ ဒါကိုတော့ လူထုအကျိုးကျေးဇူးအတွက်ပါ ဆိုပြီး ပြောထားတယ်။ ဒီရင်းနှီး မြှုပ်နှံမှုနဲ့ ပတ်သတ်ပြီးပြောပြနိုင်မလားဗျ။

ရီနီးမီဇာ။  ။ဟုတ်ပါပြီ၊ ဒါဟာ ကျွန်တော်တို့ အောင်မြင်မှုရအောင် ကြိုးစားနေတာပါ၊ ဒါကြောင့် ကျွန်တော်တို့က ပတ်ဝန်းကျင်နဲ့ လူမှုစီမံခန့်ခွဲရေးစနစ်-ESMS ကို ဦးတည်အာရုံစိုက်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ တာဝန်သိ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်ဖို့ဖြစ်ပြီး ဝန်ထမ်းတွေနဲ့ လုပ်ငန်းခွင်အခြေအနေတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးပါဘူး.. ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အလုပ်သမားတွေနဲ့ စီးပွားဖက်တွေကိုလည်း ကြည့်ရှုစောင့်ကြည့်ဖို့ ရပ်တည်သွားမှာဖြစ်ပါတယ်။ ဒီလို ကြည့်ရှုစောင့်ရှောက်မယ်ဆိုတဲ့ နေရာမှာ ကျန်းမာရေးနဲ့ လုံခြုံရေးအဆင့်အတန်းတွေ ပါဝင်ပြီးတော့ ပြည်သူတွေရဲ့ ဘဝတွေကို ကာကွယ်ပေးမယ်ဆိုတာမျိုးပါ၊ ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ .. အဖွဲ့အစည်းအတွင်းမှာရော ဆက်သွယ်ရေးတာဝါတိုင်တွေ တည်ဆောက်တဲ့ အလုပ်သမားတွေ..။ ပစ္စည်းထိန်းသိမ်းသူတွေ.. တာဝါတိုင်တွေအတွက် လျှပ်စစ်မီးရရှိဖို့ လုပ်ကိုင်ပေးနေသူတွေအတွက်ကို ပါ ဒီစီမံခန့်ခွဲမှုကနေ ကြည့်ရှုစောင့်ရှောက်ပေးမှာဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ဖို့လည်းပါပါတယ်။ တာဝါတိုင်တွေတည်ဆောက်ဖို့ ခွင့်ပြုချက်တွေရဖို့ လုပ်ကိုင်တဲ့အခါမှာလည်း ဒါကနည်းလမ်းတွေဖြစ်လာမှာ ဖြစ်သလိုလေလွင့်ဆုံးရှုံးမှုတွေ မဖြစ်အောင်လည်း လုပ်ကိုင်နိုင်မယ့်နည်းလမ်းတွေ ဖြစ်လာမှာပါ။ ပစ္စည်းပေးသွင်းသူတွေကို စီမံခန့်ခွဲဖို့နဲ့ မီးစက်နဲ့ လောင်စာဆီတွေကို ကိုင်တွယ်တဲ့နေရာတွေမှာလည်း လုပ်ကိုင်နိုင် မှာဖြစ်ပါတယ်။

ဒါတွေကတော့ ဒီနိုင်ငံမှာ ကျွန်တော်တို့ ဆက်ပြီးရင်းနှီးမြှုပ်နှံသွားမယ့် တာဝန်သိရင်းနှီးမြှုပ်နှံမှုတွေဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာအဖွဲ့အစည်းကို အခြေခံပြီးစုစည်းချဉ်းကပ်သွားမှာ ဖြစ်သလိုဒါဟာ မြန်မာနိုင်ငံမှာစီးပွားရေးလုပ်ကိုင် ခြင်းရဲ့ ယဉ်ကျေးမှုအစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။  ကျွန်တော်တို့ဟာဆိုရင် ကျွန်တော်တို့ရဲ့ စီးပွားဖက်၊ ပစ္စည်းပေးသွင်းသူတွေနဲ့ အလုပ်သမားတွေနဲ့ နီးနီးကပ်ကပ်လုပ်ကိုင်လျက်ရှိနေပါတယ်။

မဇ္ဈိမ။   ။ ဒီစနစ်ဟာဘယ်လိုအလုပ်လုပ်တယ်၊ ပြီးတော့ လူထုနဲ့ သုံးစွဲသူတွေကို ဘယ်လိုအကျိုးကျေးဇူးတွေ ဖြစ်စေသလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိရမလား။

ရီနီးမီဇာ။  ။ ဒီနိုင်ငံရဲ့ ဘယ်လိုဝန်းကျင်းမျိုးမှာမဆို တာဝန်သ ိစီးပွားရေးလုပ်ကိုင်ခြင်းရဲ့ အလုံးစုံသော အကျိုးသက်ရောက်မှုက ပြည်သူရဲ့ဘဝတွေကိုသာမက ပတ်ဝန်းကျင်ကိုပါ အကျိုးရှိစေမှာဖြစ်ပါတယ်။ ဒါဟာပြည်သူကို ဘယ်လိုအကျိုးကျေးဇူးရှိလာစေမလဲဆိုတဲ့ မေးခွန်းအတွက်တော့ စံနှုန်းသုံးခုရှိပါတယ်။ တစ်ခုက တာဝါတိုင်တွေကို ဘယ်လိုတည်ဆောက်သင့်သလဲဆိုတာပါ.. အဲတော့ ဒီစံနှုန်းအလေးထားလုပ်ကိုင်မယ်ဆိုရင် တာဝါတိုင်တွေ လဲကျပြီး ပြည်သူတွေရဲ့ ဥစ္စာပစ္စည်းနဲ့အသက်အန္တရာယ်ကို ထိခိုက်ပျက်စီးမှုတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ နောက်တစ်ခုကအလုပ်သမားနဲ့ လုပ်ငန်းခွင်အခြေအနေကို အာရုံစိုက်လုပ်ကိုင်မယ်ဆိုရင် ကလေးတွေကကျောင်း၊အိမ် ဒါမှမဟုတ် သူတို့ရှိနေသင့်တဲ့နေရာတွေမှာ ရှိနေရမယ့်နေရာမှာ တာဝါတိုင်တည်ဆောက်တဲ့နေရာတွေ.. အခြေခံအဆောက်အဦးတည်ဆောက်တဲ့လုပ်ငန်းခွင်တွေမှာ ဝင်ရောက်အလုပ်လုပ်ကိုင်နေတာကိုလည်း ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ နောက်တစ်ခုအနေနဲ့ဆိုရင် ဒီလိုမျိုး တာဝန်သိစီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်ခြင်းကြောင့် လုပ်ငန်းခွင်တွင်း ထိခိုက်ပျက်ဆီးမှုတွေ မဖြစ်စေဘဲနဲ့ ကြည့်ရှုစောင့်ရှောက်တာတွေကို ရှေးရှုသွားလို့ရမှာပါ။ ကျွန်တော်တို့အလုပ်က ကန်ထရိုက်တာတွေ..တစ်ဆင့်ခံကန်ထရိုက်တာတွေနဲ့ ပြည်သူတွေမပါဘဲနဲ့ စီးပွားရေးလုပ်ကိုင်လို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီESMSစနစ်ဟာ ပြည်သူတွေကို အခုရောနောင်ရောမှာ အလုံးစုံသော အကျိုးကျေးဇူးတွေဖြစ်လာစေမှာ ဖြစ်ပါတယ်။ တာဝန်သိစီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်တာကြောင့်လည်း ပတ်ဝန်းကျင်အတွက် အကျိုးကျေးဇူးတွေ ဖြစ်လာနိုင်ပါတယ်။

မဇ္ဈိမ။  ။ ဟုတ်ပါပြီ၊ ဒီအကျိုးကျေးဇူးကအူရီဒူးအတွက်ချည်းပဲလား…ဒါမှမဟုတ် ပြည်သူလူထုအတွက်လား။

ရီနီးမီဇာ။  ။ ဒါကလူတိုင်းအတွက်ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ကိုင်တဲ့နေရာမှာ ဂုဏ်သတင်းကောင်းတဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်အောင်လုပ်ကိုင်ဖို့ တာဝန်ရှိပါတယ်။ အရေးကြီးတာက ကျွန်တော်တို့ဟာ ပြည်သူ့ဘဝနဲ့ ပတ်ဝန်းကျင်ကို ကူညီပေးဖို့အတွက် သူတို့ကို ကြည့်ရှုစောင့်ရှောက်ပေးသွားရမှာဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ESMS စနစ်နဲ့ အလုပ်လုပ်ဖို့ နဲ့ မူဝါဒတွေထွက်ပေါ်လာဖို့ လုပ်တဲ့အခါမှာအခြေခံကျကျကိုပိုပြီးအရေးပါလာနေပါတယ်။

မဇ္ဈိမ။  ။ဒါဆိုရင် ဒီ ESMS စနစ်ရဲ့ အကောင်းဆုံး ဥပမာကဘာဖြစ်လဲဗျ။

ရီနီးမီဇာ။  ။ESMS စနစ်ဆိုတာ အဖွဲ့အစည်းကြားထဲက မူဘောင်တစ်ခုဖြစ်ပါတယ်။ ဒီမူဘောင်အတွင်းကနေ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်နဲ့ စီးပွားရေးကိုလုပ်ကိုင်နိုင်မှာပါ။ မူဘောင်အနေနဲ့ ကန်ထရိုက်တွေအနေနဲ့ အခြေခံအဆောက်အဦးတွေကို တည်ဆောက်တဲ့နေရာမှာ .. တာဝါတိုင်တွေကို တည်ဆောက် တဲ့နေရာမှာ.. ဖိုက်ဘာကြိုးတွေအတွက် မြေကြီးတူးတဲ့နေရာမှာ .. မိုးကြိုးလွှဲတွေတပ်ဆင်တဲ့နေရာတွေမှာ ဘာတွေကိုလုပ်သင့်တယ်၊ ဘာတွေကိုတော့ မလုပ်သင့်ဘူးဆိုတာကိုအခြေခံထားတာဖြစ်ပါတယ်။ ပြီးတော့ လောင်စာဆီနဲ့ပတ်သတ်ပြီးလည်း လုပ်ကိုင်တဲ့နေရာမှာ ..မီးစက်တွေရဲ့ ဆီစစ်ဇကာတွေကိုနေရာချတဲ့နေရာမှာ လုပ်ကိုင်သင့်တာ.. မသင့်တာတွေဟာလည်း မူဘောင်ထဲမှာပါရှိပါတယ်။ ဒါ့ကြောင့် ဒါဟာမူဘောင်တစ်ခုဖြစ်ပြီး ပြည်သူတွေရဲ့ ဘဝတွေ၊ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်အတွက်ကို အခြေခံနေပါတယ်။

မဇ္ဈိမ။  ။ ဒီစနစ်က ပြည်သူလူထုထဲမှာ စပြီးအလုပ်လုပ်နေပြီလား။

ရီနီးမီဇာ။ ။ လုပ်နေပါပြီ။ ဒါဟာ ကျွန်တော်တို့ရဲ့ လမ်းခရီးပါ။ ကျွန်တော်တို့အနေနဲ့ တစ်ခြားနိုင်ငံတွေ..ဒါမှမဟုတ် ကုမ္ပဏီတွေက ပတ်ဝန်းကျင်နဲ့ လူမှုစီမံခန့်ခွဲရေးစနစ်တွေနဲ့အတူ အောင်မြင်တာလိုမျိုးအောင်မြင်ချင်ပါတယ်။ ဒါပေမယ့် ဘာကအရေးကြီးတယ်ဆိုတာကို ကျွန်တော်စဉ်းစားတယ်ဗျ.. ဒီစနစ်ကိုစတင်တဲ့အချိန်မှာဆိုရင် စီးပွားဖက်တွေကို စေ့စပ်ညှိနှိုင်းရတာရှိသလို အလုပ်သမားတွေကို သင်ကြားပေးရတာတွေက တာဝန်သိ စီးပွားရေးလုပ်ငန်းတွေ ဖြစ်လာဖို့အတွက် အရေးပါမှုတွေဖြစ်တယ်လို့ သိမြင်လာတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာစီးပွားရေးလုပ်ဖို့ ESMS မူဘောင်ကိုထားရှိရခြင်းဖြစ်ပါတယ်။

မဇ္ဈိမ။  ။အမှန်တကယ်ရောအူရီဒူးရဲ့ ESMS စနစ်က ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ယုံကြည်လား။

ရီနီးမီဇာ။ ။ ပြည်တွေရဲ့ အကျိုးစီးပွားကိုကာကွယ်ဖို့ဆိုတာ အရေးပါမှုတစ်ခုဖြစ်တယ်လို့ ကျွန်တော်ထင်တယ်ဗျ။ ပြည်သူတွေဟာကျန်းမာရေးကိစ္စ၊ ပတ်ဝန်းကျင်နဲ့ သူတို့ဘဝတွေအတွက် စိုးရိမ်မှုတွေရှိတယ်။ ပြီးတော့ သူတို့ရဲ့ ကလေးငယ်တွေအတွက် ကြောင့်ကြမှုတွေလည်းရှိနေတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒီစီမံခန့်ခွဲမှုမူဘောင်ဟာအမှန်တကယ်ကို ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ကိုင်တွယ်ပေးနိုင်မယ်လို့ ထင်ပါတယ်။

မဇ္ဈိမ။   ။ အဲဒိမှာဘာတွေက အဓိက အတားအဆီးတွေဖြစ်မလဲ။

ရီနီးမီဇာ။  ။အတားအဆီးတွေကိုတော့ မတွေ့ရပါဘူး၊ ဒါကအကျိုးကျေးဇူးအကြီးကြီးတောင် ဖြစ်နိုင်ပါတယ်။ ဒါဟာဒီနိုင်ငံက ပြည်သူအားလုံးနဲ့ သက်ဆိုင်ပါတယ်။ လူတိုင်းကစီးပွားရေးကို တာဝန်သိနည်းလမ်းနဲ့ လုပ်ကိုင်ချင်နေကြတာပါ။ ကျွန်တော်တို့အနေနဲ့လည်း အစိုးရကို ESMS စနစ်နဲ့ပတ်သတ်ပြီး မျှဝေတာ၊ ဆွေးနွေးထားတွေကို လုပ်ကိုင်နေပါတယ်။ ပြီးတော့ ပစ္စည်းပေးသွင်းသူတွေ.. စီးပွားဖက်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ရတာရှိသလို အလုပ်သမား ဝန်ထမ်းတွေကိုလည်း ESMS စနစ်… မူဝါဒနဲ့ အစီအစဉ်တွေအပေါ်မှာ သင်တန်းပေးနေရတာတွေရှိပါတယ်။ ဒါကြောင့် အခုရောအရှေ့မှာပါ အခက်အခဲအတားအဆီးတွေကို တွေ့မြင်ရမှာမဟုတ်ပါဘူး။

မဇ္ဈိမ။  ။ ကျွန်တော့်မှာမေးခွန်းတစ်ခုရှိပါတယ်။ ဒီESMSစနစ်ကအူရီဒူးရဲ့ စီးပွားရေးကိုတိုးမြှင့်ဖို့ရည်ရွယ်ထားတာလားဗျ။

ရီနီးမီဇာ။  ။ ဒါမှန်ပါတယ်။ ဒီစနစ်ကကုမ္ပဏီရဲ့ အကျိုးစီးပွားကိုကာကွယ်ဖို့နဲ့ ဂုဏ်သတင်းကျန်ခဲ့မယ့် စီးပွားရေးလုပ်ငန်းတွေဖြစ်လာအောင် ရည်ရွယ်တာပါ။ ပြီးတော့ ပြည်သူ့အကျိုးစီးပွားကို အကာအကွယ်ပေးဖို့ကလည်း ပိုအရေးပါတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။

မဇ္ဈိမ။  ။ ကျွန်တော့်မှာနောက်ထပ် ထပ်မေးချင်တဲ့မေးခွန်းတစ်ခုရှိတယ်ဗျ။ အူရီဒူးအနေနဲ့ ပြီးခဲ့တဲ့ နှစ်တွေကလုပ်ငန်းအပေါ် ဘယ်လိုသုံးသပ်သလဲ။

ရီနီးမီဇာ။  ။ ကျွန်တော်တို့အများကြီးသင်ယူခဲ့ရပါတယ်။ ကြီးမားတဲ့ သင်ခန်းစာတွေလည်းရခဲ့ပါတယ်။ ဒီမှာကဒေတာနဲ့ အင်တာနက်ဈေးနှုန်းက ကြီးမြင့်တယ်၊ အူရီဒူးအနေနဲ့ ၂၀၁၄ ခုနှစ် သြဂုတ်ကစပြီး ဝန်ဆောင်မှုတွေပေးခဲ့တဲ့အချိန်တုန်းက နည်းဗျူဟာတွေကို ပြန်သုံးသပ်တာတွေကိုလုပ်ဆောင်ခဲ့ရပါတယ်။ အူရီဒူးအနေနဲ့ 3G ဝန်ဆောင်မှုကို မိတ်ဆက်ပေးခဲ့ပြီး ပြည်သူတွေရဲ့လက်ထဲကိုတန်ဘိုးနည်းမိုဘိုင်းဖုန်းတွေနဲ့အတူအင်တာနက်စွမ်းအားတွေထည့်ပေးခဲ့ပါတယ်။ အစတုန်းကတော့ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးလုပ်ငန်းရှေ့အလားအလာ ဘာတွေဖြစ်လာမလဲဆိုတာနဲ့ ပတ်သတ်ပြီး ကောင်းကောင်းမပြင်ဆင်ခဲ့ဘူးဗျ။ အဲဒီလိုနဲ့ ကျွန်တော်တို့ရဲ့ လမ်းခရီးအချိန် ၁၀ လ- ၁ နှစ်ကြာတဲ့ အချိန်မှာဒီဈေးကွက်ကအတော်ကို ကြီးမားနေတာကိုတွေ့ခဲ့ရတယ်။ ပြည်သူတွေက အင်တာနက်ဒေတာအသုံးပြုဖို့ အတွက် အဆင်သင့်ဖြစ်နေတယ်..ဒါကြောင့် ကျွန်တော်တို့ လုပ်ငန်းပုံစံကိုပြောင်းခဲ့ရပါတယ်။ ကျွန်တော်တို့က ဈေးနှုန်းမြင့် မိုဘိုင်းဖုန်းသုံးစွဲသူတွေအတွက်ပဲ ဈေးကွက် ကစားသမားတစ်ယောက် မဖြစ်နိုင်ဘူးဆိုတာသိလာတယ်၊ အဲဒိတော့ လူတိုင်းအတွက် တန်ဖိုးနည်း မိုဘိုင်းဖုန်းတွေကို ဝန်ဆောင်မှုပေးဖို့ ပြောင်းလဲခဲ့ရတယ်။ လူတိုင်းမိုဘိုင်းဖုန်းကိုင်နိုင်ဖို့ အခွင့်အရေးတွေရှိရမယ် ဆိုတာကို သိမြင်လာတယ်..။ ဒီလိုသာဆိုဒီရဲ့ဈေးကွက်က အကြီးကြီးရှိမယ်ဆိုတာတွေ့လာရတယ်။ အခုဆိုဈေးကွက်ထဲမှာငွေ ၃၀၀၀၀ ကျပ်နဲ့ ကျွန်တော်တို့ တန်ဖိုးနည်းမိုဘိုင်းဖုန်းတွေကို ရောင်းချပေးနေပါပြီ။ နိုင်ငံ့နေရာတိုင်း၊ ဆိုင်တိုင်း.. ဖြန့်ချိရေးဆိုင်ခွဲတိုင်းမှာ အူရီဒူးဆင်းကဒ်တွေနဲ့ တန်ဖိုးနည်းဖုန်းတွေ ရှိနေပါပြီ။ ဒါတွေကတော့ ကျွန်တော်တို့ရဲ့ ခရီးအစမှာတွေ့ခဲ့ရတဲ့ ကြီးမားတဲ့ သင်ခန်းစာပဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags