အမေရိကန်တွင် ရဲက လူမည်းတစ်ဦးအား ပစ်သတ်၍ ဆန္ဒပြမှုဖြစ်ပွားစဉ် နောက်ထပ် လူမည်းတစ်ဦးကို ရဲက ပစ်သတ်မှု ဖြစ်ပွားပြန်

အမေရိကန်တွင် ရဲက လူမည်းတစ်ဦးအား ပစ်သတ်၍ ဆန္ဒပြမှုဖြစ်ပွားစဉ် နောက်ထပ် လူမည်းတစ်ဦးကို ရဲက ပစ်သတ်မှု ဖြစ်ပွားပြန်

နယူးယောက်၊ ဇူလိုင် ၇ ။             ။ အမေရိကန်နိုင်ငံ လူဝစ်စီးယားနားပြည်နယ်တွင် လူမည်းတစ်ဦးအား ရဲက ပစ်သတ်ခြင်းကြောင့် ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိနေစဉ် မင်နီဆိုတားပြည်နယ်၌   နောက်ထပ်လူမည်းအမျိုးသားတစ်ဦးအား ရဲက ပစ်ခတ်၍ သေဆုံးမှုဖြစ်ပွားသည်။

ပစ်သတ်ခံရသည့် ဖီလန်ဒိုဆိုသူ၏ ရည်စားက ပစ်ခတ်မှုဖြစ်ပြီးချင်း ဖုန်းဗီဒီယိုတိုက်ရိုက်အွန်လိုင်းတင်ရာတွင် ရဲတစ်ဦး၏ သေနတ်ချိန်ထားသည့် ရှေ့ ကားအတွင်း ဖီလန်ဒို သွေးသံရဲရဲဖြင့်   သေဆုံးနေသည်ကို မြင်တွေ့ရသည်။

ဖြစ်စဉ်က ဖီလန်ဒို၏ ကားနောက်မီး ကွဲနေသဖြင့် ရဲက ကားကို တားပြီးစစ်ရာမှ စတင်ဖြစ်ပွားခြင်းဖြစ်သည်။

ဖီလန်ဒို၏ ရည်စားဖြစ်သူ ရေနိုးလ်က ဖီလန်ဒိုက ကားမောင်းလိုင်စင် ထုတ်ပေးရန် လုပ်စဉ် ရဲက ပစ်လိုက်ခြင်းဖြစ်ကြောင်း ပြောသည်။

အပစ်မခံရမီက ရဲကို ဖီလန်ဒိုက သူ့တွင် သေနတ်ရှိကြောင်း ပြောပြီး လိုင်စင်နှင့် ကိုင်ဆောင်သည့် သေနတ်ပါဟု ပြောကြောင်း ရေနိုးလ်က ပြန်ပြောင်းပြောဆိုသည်။

အွန်လိုင်းတွင် ရေနိုးလ် တိုက်ရိုက်တင်ခဲ့သည့် ဗီဒီယိုတွင်လည်း "ရှင် သူ့ကို လေးချက်တောင် ပစ်တယ်။ သူက လိုင်စင်ထုတ်ပေးဖို့ လုပ်နေတာလေ။ ဆရာရဲ့။"ဟု ရေနိုးလ် ပြောသည့် အသံကိုလည်း ကြားရသည်။

ပစ်ခတ်မှုဖြစ်စဉ် ကားအတွင်း ရေနိုးလ်၏ သမီးငယ်လေးပါ ရှိနေခဲ့သည်။

အခင်းဖြစ်စဉ်နှင့် ပတ်သက်ကာ ရဲက စုံစမ်းဆဲဖြစ်ပြီး ကျုးလွန်သည့် ရဲကိုလည်း ခေါ်ယူထိန်းသိမ်းထားကြောင်း ပြောသည်။

သေဆုံးသူ ဖီလန်ဒိုသည် အသက် ၃၂ နှစ်ရှိသူဖြစ်ကာ မွန်တီဆိုရီရှိ ကျောင်းတစ်ကျောင်း၌ ကျောင်းကမ်တင်းစူပါဗိုက်ဆာအဖြစ် လုပ်ကိုင်နေသူဖြစ်ကြောင်း၊ လူမည်းဆိုသည်နှင့် ချက်ချင်းရာဇဝတ်သားတစ်ဦးလို ဆက်ဆံခံလိုက်ရခြင်းပင်ဖြစ်ကြောင်း ဖီလန်ဒို၏ ညီဝမ်းကွဲတစ်ဦးက ဆိုသည်။

ယင်းအမှုအခင်းအတွက် ပြည်နယ်အုပ်ချုပ်ရေးမှူး မတ်ဒေတန်၏ အိမ်အပြင်ဖက်တွင် လူ ၂၀၀ နီးပါး ဆန္ဒပြခဲ့ကြသည်။

လူဝစ်စီးယားနားပြည်နယ်တွင်လည်း ဇူလိုင် ၅ ရက် နံနက်ပိုင်းက လူမည်းအမျိုးသား အက်တွန်စတာလင်အား ရဲက ပစ်သတ်ခဲ့ခြင်းကြောင့် ဆန္ဒြုပမှုများ ဖြစ်ပွားလျက်ရှိနေချိန် ယခုဖြစ်ရပ် ထပ်မံဖြစ်ပွားခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly