ဇူလိုင် ရ ရက် ကျောင်းသားအရေးအခင်းနဲ့ ကျောင်းသားသမဂ္ဂစိတ်ဓါတ်

ဇူလိုင် ရ ရက် ကျောင်းသားအရေးအခင်းနဲ့ ကျောင်းသားသမဂ္ဂစိတ်ဓါတ်
ဓာတ်ပုံ-မျိုးသူအောင်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၄ နှစ်က ရန်ကုန်တက္ကသိုလ်ကျောင်းသားများဟာ စစ်အာဏာသိမ်းအစိုးရဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့ တော်လှန်ရေးကောင်စီအစိုးရကို ဆန့်ကျင်ရှုတ်ချတဲ့ ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲကို အာဏာသိမ်း တော်လှန်ရေးကောင်စီအစိုးရက  အကြမ်းဖက် ဖြိုခွဲခဲ့လို့ ကျောင်းသားများ သွေးမြေကျခဲ့ရပါတယ်။

တော်လှန်ရေးကောင်စီအစိုးရဆိုတာက ၁၉၆၂ ခု မတ်လ ၂ ရက်နေ့မှာ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ ပထစ အစိုးရကို လက်နက်နဲ့ ဖြုတ်ချပြီး  စစ်အာဏာ ထူထောင်တဲ့ အာဏာသိမ်းအစိုးရဖြစ်ပါတယ်။ ဒီမိုကရေစီအစိုးရကို လက်နက်အားကိုးနဲ့ အဓမ္မအာဏာသိမ်းပြီး တိုင်းပြည်မှာ စစ်ဝါဒ လွှမ်းမိုးလိုက်တာကို ကျောင်းသားတွေက လက်မခံခဲ့ကြပါဘူး။ တိုင်းပြည်မှာ အာဏာရှင်စနစ် ကြီးစိုးးလာမှာကို ကျောင်းသားတွေက ကြိုသိထားတာမို့ ဗိုလ်ချုပ်ကြီးနေဝင်းခေါင်းဆောင်တဲ့ အဲဒီအာဏာသိမ်း တော်လှန်ရေးကောင်စီအစိုးရကို ဆန့်ကျင်တဲ့ ကျောင်းသား လှုပ်ရှားမှုကြီးကို ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းထဲမှာ ပြုလုပ်ကြပါတယ်။ ဒီလို တော်လှန်ရေးကောင်စီအစိုးရကို အတိအလင်း ဆန့်ကျင်ဆန္ဒပြတဲ့အလုပ်ကို ကျောင်းသားထုက စတင်လိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။ အာဏာသိမ်း တော်လှန်ရေးကောင်စီအစိုးရက အဲဒီ ကျောင်းသားဆန္ဒပြမှုကို ဇူလိုင်လ ၇ ရက်နေ့မှာ အကြမ်းဖက်ပြီး ဖြိုခွဲခဲ့ပါတယ်။

ကျောင်းသားတွေ သွေးမြေကျခံပြီး အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ထုတ်ဖေါ်ပြောဆိုချက်ဟာ အချည်းနှီးမဖြစ်ပါဘူး။ အာဏာရှင် အဆက်ဆက် နှစ်ပေါင်း ၅၀ ကျော်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုတွေဟာ အသွင်အမျိုးမျိုးနဲ့ ဆက်လက်ပေါ်ပေါက်နေခဲ့တာပါပဲ။ ပြီးတော့ အဲဒီ ဇူလိုင် ၇ ရက် အရေးအခင်းမှာ ကျောင်းသားတွေကို အကြမ်းဖက်ဖြိုခွဲခဲ့တဲ့လုပ်ရပ်ကြီးကလည်း စစ်အာဏာရှင်ခေါင်းဆောင်တွေကို တချိန်လုံးခြောက်လှန်ထားခဲ့ပြီး ဒီလုပ်ရပ်ကို ခေါင်းရှောင်နိုင်ဖို့ကိုလည်း တချိန်လုံး အချင်းချင်း အပြန်ပြန်အလှန်လှန် လွှဲချပြီး ရှောင်တိမ်းဖို့ ကြိုးစားနေခဲ့ကြရပါတယ်။

ဒီတုန်းက ကျောင်းသားတွေရဲ့တောင်းဆိုချက် အဓိက အနှစ်သာရကတော့ ဒီမိုကရေစီပညာရေးစနစ် ကာကွယ်ဖို့၊ ဒီမိုကရေစီပညာရေးစနစ် ထူထောင်ထားရှိဖို့ပဲ ဖြစ်ပါတယ်။   နောင်အခါမှာလည်း ကျောင်းသားတွေဟာ အဲဒီ ဒီမိုကရေစီပညာရေးစနစ် ပြန်လည်ထူထောင်နိုင်ဖို့ စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲတွေကို စဉ်ဆက်မပြတ် ဆက်လက်တိုက်ပွဲဝင်ခဲ့ကြရပါတယ်။ တနည်းအားဖြင့်ပြောရရင် ကျောင်းသားတွေဟာ ဇူလိုင် ၇ ရက်အလံကို ဆက်လက်ကိုင်စွဲပြီး အဲဒီ ဇူလိုင် ၇ ရက် ရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဖြုတ်ချရေးနဲ့ ဒီမိုကရေစီပညာရေးစနစ် ထူထောင်နိုင်ရေးတိုက်ပွဲကို ဆက်လက် ကိုင်စွဲထားခဲ့ကြတဲ့သဘောပါပဲ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်သမိုင်းဆိုတာ ကျောင်းသားထုရဲ့ရင်ထဲမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီပညာရေးစနစ် ပေါ်ပေါက်လာရေးဆိုတဲ့ ကျောင်းသားသမဂ္ဂအလံကို   သွေးမြေအကျခံ၊ ထောင်နန်းစံပြီးမှ ဆက်လက်ကိုင်စွဲထားခဲ့ကြရတဲ့ သမိုင်းဖြစ်ပါတယ်။ အာဏာရ စစ်အာဏာရှင်အဆက်ဆက်ဟာ ကျောင်းသားတွေရဲ့ သမဂ္ဂစိတ်ဓါတ်ကို ကျိုးသွားအောင်တော့ မချိုးနိုင်ခဲ့ကြပါဘူး။

အခုတော့ အရပ်သားအစိုးရပေါ်ပေါက်လာပြီဖြစ်ပါတယ်။ ဒီမိုကရေစီပညာရေး ပေါ်ထွန်းလာစေရေး စတင်ကြိုးပမ်းစ ပြုပြီလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျောင်းသားများအနေနဲ့ မိမိတို့ရဲ့ သမိုင်းပေးတာဝန်ကြီးဖြစ်တဲ့ ဒီမိုကရေစီပညာရေးစနစ် ဖြစ်ထွန်းလာစေရေး၊ တိုင်းပြည် ငြိမ်းချမ်းရေးအတွက် တတပ်တအား ပါဝင်ဆောင်ရွက်ခွင့် ရကြတော့မှာဖြစ်ပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ အနယ်နယ်အရပ်ရပ်က ဇူလိုင် ၇ ရက် အခမ်းအနားတွေသည်ပင်လျင် လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်အတွင်း လွတ်လပ်စွာ ကျင်းပခွင့်မရရှိခဲ့တဲ့ကာလအတွင်း ပထမဆုံး လွတ်လပ်စွာ ကျင်းပခွင့်ရတဲ့အခမ်းအနားလည်း ဖြစ်ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီပညာရေးများအတွက် မဆုတ်မနစ်သော ဇွဲသတ္တိဖြင့် ကျောင်းသားသမဂ္ဂစိတ်ဓါတ်ကို မြဲမြန်စွာ ကိုင်တွယ်လာနိုင်ခဲ့ကြသော ကျောင်းသားထုကြီးကို မိမိတို့မဇ္ဈိမအနေဖြင့် အလေးအနက်ထား ဂုဏ်ပြုပါကြောင်း ပြောကြားအပ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly