နည်းပြဂျာဂင်ကလော့ပ်ကို စာချုပ်သက်တမ်းတိုးရန် လီဗာပူးလ်အသင်းပိုင်ရှင်များ အလိုရှိနေ

နည်းပြဂျာဂင်ကလော့ပ်ကို စာချုပ်သက်တမ်းတိုးရန် လီဗာပူးလ်အသင်းပိုင်ရှင်များ အလိုရှိနေ

ဇူလိုင် ၇၊ အင်္ဂလန် ။            ။ လီဗာပူးလ်အသင်းပိုင်ရှင်များသည် နည်းပြဂျာဂင်ကလော့ပ်ကို စာချုပ်သက်တမ်းတိုးရန် ကြိုးပမ်းလျက်ရှိနေကြသည်။

ဂျာဂင်ကလော့ပ်သည် ပြီးခဲ့သည့် အောက်တိုဘာလကမှ လီဗာပူးလ်အသင်းသို့ရောက်ရှိလာသူဖြစ်ပြီး စာချုပ်သက်တမ်းမှာ ၂၀၁၈ ခုနှစ်အထိ ချုပ်ဆိုထားသော်လည်း လီဗာပူးလ်အသင်းက ကလော့ပ်၏အနာဂတ်နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်လိုခြင်း မရှိသည့်အတွက် စာချုပ်သစ်ချုပ်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

ဂျာဂင်ကလော့ပ်သည် ပြီးခဲ့သည့်ရာသီက လီဗာပူးလ်အသင်းကို ယူရိုပါလိဂ်ပြိုင်ပွဲနှင့် ကက်ပီတယ်ဝမ်းဖလားပြိုင်ပွဲတို့တွင် ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။

လီဗာပူးလ်အသင်းက ကလော့ပ်ကို စာချုပ်သစ်ချုပ်မည်ဖြစ်သော်လည်း လစာငွေတိုးမြှင့်ပေးမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကလော့ပ်၏ မှတ်တမ်းများနှင့် အောင်မြင်မှုများကြောင့် အစကတည်းက ထိပ်တန်းလစာငွေ ပေးချေထားပြီးဖြစ်သောကြောင့် ဖြစ်သည်။

ကလော့ပ်သည် လီဗာပူးလ်သို့မရောက်မီက ဒေါ့တ်မွန်အသင်းကို ဘွန်ဒက်စ်လီဂါဖလားနှစ်ကြိမ်ရယူပေးခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တစ်ကြိမ်ပို့ဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly