လူမည်းတစ်ဦးအား ရဲက ပစ်သတ်သဖြင့် အမေရိကန်ပြည်သူ ရာပေါင်းများစွာ စုရုံးဆန္ဒပြ

လူမည်းတစ်ဦးအား ရဲက ပစ်သတ်သဖြင့် အမေရိကန်ပြည်သူ ရာပေါင်းများစွာ စုရုံးဆန္ဒပြ

နယူးယောက်၊ ဇူလိုင် ၇ ။           ။ အမေရိကန်တွင် လူမည်းတစ်ဦးအား ရဲက ပစ်သတ်ခဲ့သည့် နေရာတွင် ဒုတိယမြောက်ညအဖြစ် ပြည်သူရာပေါင်းများစွာ စုရုံးခဲ့ကြသည်။

ဇူလိုင် ၅ ရက် နံနက်ပိုင်း ဈေးဆိုင်တစ်ဆိုင်ရှေ့တွင် လူမည်းအမျိုးသား အက်တွန်စတာလင် ပစ်သတ်ခံရခြင်းဖြစ်ကာ ဝမ်းနည်းပူဆွေးကြသော မိတ်ဆွေဆွေမျိုးများက ယင်းနေရာတွင် လာရောက်စုရုံးကြခြင်းဖြစ်သည်။

တစ်ချို့သော ဆန္ဒပြသူများက အသားရောင်ခွဲခြားမှု ပပျောက်ရေးနှင့် တရားမျှတရေးတို့အတွက် တောင်းဆိုကြသည်။

အသက် ၃၇ နှစ်ရှိ အက်တန်စတာလင်နှင့် ရဲနှစ်ဦးတို့ အခြေအတင် စကားများငြင်းခုံနေသည့် ဒုတိယမြောက်ဗီဒီယိုလည်း ဇူလိုင် ၆ ရက်တွင် ထွက်ပေါ်လာခဲ့သည်။

ယင်းဗီဒီယိုတွင် စတာလင်ကို မြေပေါ်မှောက်ချကာ ရဲက သုံးလေးချက် ဆင့်ပစ်လိုက်ခြင်းရှိဟန်ကို ဗီဒီယိုတွင် မြင်တွေ့ရသည်။ ရိုက်ကူးနေသည့် ကင်မရာက ဖြစ်စဉ်မြင်ကွင်းမှ လွဲသွားသော်လည်း သေနတ်သံအချို့ကို ဆက်လက်ကြားရခြင်းဖြစ်သည်။

စက္ကန့်အနည်းငယ်အကြာ ပြန်ပေါ်လာသည့် မြင်ကွင်းတွင် ရဲတစ်ဦးက စတာလင်၏ သွေးပေနေသော ရင်ဘတ်ပေါ် တက်ဖိကာ အကျီၤဘောင်းဘီအတွင်းမှ တစ်စုံတစ်ရာကို ထုတ်ယူဖယ်ရှားနေသည်ကို မြင်တွေ့ရသည်။

စတာလင်က လက်နက်ကိုင်ဆောင်ထားကြောင်း ရဲဌာနက ပြောသည်။ စတာလင်က သေနတ်တစ်လက်နှင့် ရမ်းကားနေခြင်းကြောင့် အရေးပေါ် ၉၁၁ ကခေါ်၍ ရဲများ ရောက်ရှိလာခြင်းဖြစ်သည်။

အဆိုပါ ဗီဒီယိုကို ဈေးဆိုင်ပိုင်ရှင်က အဗ္ဗဒူလာမူဖလာဟီက ရိုက်ကူးပြီး သတင်းဌာနတစ်ခုသို့ ပေးခဲ့ခြင်းဖြစ်ပြီး စတာလင် ပစ်ခတ်ခံရစဉ် ရဲများကို တန်ပြန်ခြိမ်းခြောက်မှု မရှိကြောင်းကို သက်သေအဖြစ် ပေးခြင်းဖြစ်ကြောင်း ၎င်းဆိုင်ရှင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly