သီပေါစော်ဘွားစပ်ကြာဆိုင်၏ ဖြစ်ရပ် Twilight Over Burma ဇာတ်ကား ထိုင်းရုပ်ရှင်ပွဲတွင်လည်း ပြသခွင့်အပိတ်ခံရ

သီပေါစော်ဘွားစပ်ကြာဆိုင်၏ ဖြစ်ရပ် Twilight Over Burma ဇာတ်ကား ထိုင်းရုပ်ရှင်ပွဲတွင်လည်း ပြသခွင့်အပိတ်ခံရ

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်လအတွင်းက ကျင်းပသော လူ့အခွင့်အရေးလူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ပြသခွင့် ပိတ်ပင်ခံရသော Twilight Over Burma ရုပ်ရှင်ဇာတ်ကားအား ထိုင်းနိုင်ငံတွင် ကျင်းပမည်ဖြစ်သော ထိုင်းနိုင်ငံတကာရုပ်ရှင်ပန်းတိုင်ပွဲတော်၌လည်း ပြသခွင့်ကို ပွဲတော်စီစဉ်ကျင်းပသော ထိုင်းရုပ်ရှင်လုပ်ငန်းရုံးက နောက်ဆုံးတွင် ပယ်ဖျက်ကာ ပြသခွင့်ပိတ်လိုက်သည်။

ပွဲစီစဉ်ကျင်းပသူများထံမှ တရားဝင်ထုတ်ပြန်ချက် မထွက်ရှိသေးသော်လည်း မြန်မာနှင့် ထိုင်းနိုင်ငံ၏ နှစ်နိုင်ငံကြား ဆက်ဆံရေးအပေါ် စိုးရိမ်ပူပန်မှုကြောင့် ယခုကဲ့သို့ ပြသခွင့်   ပြန်ရုပ်သိမ်းလိုက်ခြင်း ဖြစ်နိုင်ဖွယ်ရှိသည်။

အဆိုပါ ရုပ်ရှင်ဇာတ်ကားမှာ သီပေါစော်ဘွား၏ မဟာဒေဝီဖြစ်ခဲ့သော သြစတြီးယားသူ Inge Eberhard ကိုယ်တိုင်ရေးသားထုတ်ဝေခဲ့သည့် "Twilight Over Burma - My Life as a Shan Princess" စာအုပ်ကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းရိုက်ကူးထားခြင်းဖြစ်သည်။ အမေရိကန်ပညာသင်ဆုရ သြစတြီးယားကျောင်းသူ Sargent နှင့် မြန်မာနိုင်ငံမှ သီပေါစော်ဘွား စပ်ကြာဆိုင်တို့ ငယ်ရွယ်စဉ် ၁၉၅၀ ခုနှစ်များအတွင်း တွေ့ဆုံချစ်ကျွမ်းဝင်ခဲ့ပုံ၊ မင်္ဂလာဆောင်လက်ထပ်ပြီးနောက် Sargent အနေဖြင့် သူ့၏ ခင်ပွန်းသည် စပ်ကြာဆိုင်က ရှမ်းပြည်နယ်ကို အုပ်စိုးရသည့် စော်ဘွားဖြစ်မှန်း သိရှိရပုံ၊ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု ပေါ်ပေါက်ပုံ၊ ခင်ပွန်းသည် စပ်ကြာဆိုင်အား ဖမ်းဆီးခံရကာ နောက်ပိုင်း Sargent အနေဖြင့် ခင်ပွန်းသည် သီပေါစော်ဘွားအား လုံးဝ ပြန်မတွေ့တော့ပုံများကို ရိုက်ကူးတင်ဆက်ထားသည့် ဇာတ်ကားဖြစ်သည်။

လက်တွေ့တကယ်ဘဝတွင်းလည်း သီပေါစော်ဘွား ပျောက်ချင်းမလှ ပျောက်သွားပြီးနောက် Sargent က သမီးနှစ်ဦးကိုခေါ်ကာ အမေရိကန်တွင် ပြောင်းရွှေ့နေထိုင်ခဲ့ခြင်းဖြစ်သည်။ ရုပ်ရှင်ဇာတ်ကားတွင် သီပေါစော်ဘွား မဟာဒေဝီ Sargent အဖြစ် ဂျာမနီမင်းသမီး Maria Ehrich က သရုပ်ဆောင်ကာ သီပေါစော်ဘွားစပ်ကြာဆိုင်အဖြစ် ထိုင်းမင်းသား Daweerit Chullasapya က သရုပ်ဆောင်ထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly