အမှီအခိုကင်းသူဟာ အတွေးအခေါ် လွတ်လပ်တယ်လို့ ဆိုတဲ့ စာရေးဆရာမ ပုညခင်

06 July 2016
အမှီအခိုကင်းသူဟာ အတွေးအခေါ် လွတ်လပ်တယ်လို့ ဆိုတဲ့ စာရေးဆရာမ ပုညခင်

ခွန်အားမြင့်မားတဲ့ အမျိုးသမီး ဇာတ်ကောင်တွေကို ဖန်တီးပြီး အမျိုးသမီး စာဖတ်ပရိသတ်တွေကို စိတ်ဓာတ်မြင့်တင်ရေး လုပ်ပေးနေတဲ့ စာရေးဆရာမတစ်ဦး ရှိပါတယ်။ စာရေးဆရာမ ပုညခင် ဖြစ်ပါတယ်။ ဆရာမ ပုညခင်က အောင်မြင်တဲ့ စာရေးရာမတစ်ယောက်ဖြစ်လာဖို့ သူ ဘယ်လိုဖြတ်သန်းရပ်တည်ခဲ့ရသလဲဆိုတဲ့အကြောင်းအရာတွေကို အခုလို ပြောပြသွားခဲ့ပါတယ်။

မင်္ဂလာပါဆရာမ။                    

မင်္ဂလာပါ။

ဟုတ်ကဲ့ပါ။ မင်္ဂလာပါ ဆရာမဆိုမှ ဆက်စပ်မိသွားတယ်။ ဆရာမ နောက်ဆုံးထွက်ထားတဲ့ လုံးချင်းဝတ္ထုရဲ့ ခေါင်းစဉ်ကလည်း မင်္ဂလာပါ ဆရာမနော်။ အဲဒီစာအုပ်က ဆရာမ ထုတ်ခဲ့တဲ့ လုံးချင်းဝတ္ထုတွေထဲမှ ဘယ်နှစ်အုပ်မြောက်လဲရှင့်။

လုံးချင်းဝတ္ထုထဲမှာ ၁၂၂ အုပ်မြောက်ပေါ့နော်။ လုံးချင်းထဲမှာပေါ့။ ဝတ္ထုတိုတွေ မပါဘူးပေါ့နော်။ ဝတ္ထုတိုတွေ မပါဘူးဆိုရင်တော့ ၁၂၂ အုပ်မြောက်ပါ ။

အဲဒီစာအုပ် ထွက်လာတဲ့ အကြောင်းလေးလည်း ပြောပြပေးပါဦး။

အမရဲ့ ငယ်လက်ရာပေါ့နော်။ ငယ်လက်ရာဆိုတာ အမ အသက် ၂၀ ဝန်ကျင်လောက်တုန်းက ကျောင်းဆရာမ လုပ်ခဲ့ဖူးတယ်။ ကျောင်းဆရာမ လုပ်ခဲ့တဲ့အချိန်မှာ အမ နွေရာသီကျောင်းပိတ်ရက်မှာ  ရန်ကုန်ကိုသွားပြီးတော့ စာရေးဆရာမ ဖြစ်ဖို့အတွက် ကြိုးစားဖူးတယ်။ အဲဒီအချိန်တုန်းက အမမှာ ကျောင်းဆရာမ အတွေ့အကြုံရှိတယ်။ နောက်တစ်ခုကကြတော့ ကျောင်းဆရာမ အတွေ့အကြုံမှာ နေခဲ့ရတဲ့ဘဝနဲ့ ဒီ မြို့ပြမှာ နေရတဲ့ဘဝပေါ့နော် အဲဒါတွေက ဘယ်လိုကွာခြားတယ်။ ဘယ်လောက် ကွာခြားတယ်ဆိုတာလည်း အမရဲ့စိတ်ထဲမှာ ရှိတယ်ပေါ့။ အဲဒီအခါကျတော့ အမ အဲဒီအချိန်မှာ ဝတ္ထုတွေကို စရေးတယ်။ စရေးတဲ့အခါမှာ ပထမဆုံး အမ အရင်တုန်းက ရေးတဲ့ ကလောင်နာမည် တစ်ခုရှိတယ်။ အဲဒီ ကလောင်နာမည်နဲ့က ကျောင်းဆရာမ ဖြစ်နေတဲ့အချိန်မှာ ရေးတာ။ အဲဒီအချိန်တုန်းက စုနွေဦး နာမည်နဲ့ရေးတာ။ ရေးချိန်မှာ အမ ၁၀ အုပ်ထွက်ပြီးတဲ့အချိန်မှာ မထွက်ဖြစ်တော့ဘူးပေါ့နော်။ ထုတ်ဝေမှုကလည်း အမ ရပ်လိုက်တယ်ပေါ့နော်။ အဲဒီအခါကျတော့ အမ ပြောရမယ်ဆိုရင် မအောင်မြင်ဘူးပဲ ပြောရမှာပေါ့။

အဲဒီအချိန်မှာ အမက ကျောင်းဆရာမအလုပ် မထွက်ရသေးဘူးပေါ့။ အဲဒီအချိန်မှာ အမ စာပေဆု ပြိုင်ပွဲတစ်ခုအတွက် ရည်ရွယ်ပြီးတော့ အဲဒီဝတ္ထုကို ရေးလိုက်တာပါ ။ အဲဒီဝတ္ထုလေးက ဆုမရခဲ့ဘူး။ အပယ်ခံရတယ်ပေ့ါနော်။ ဒါပေမယ့် အခုချိန်မှာ အမ ငယ်လက်ရာဆိုတော့ အမရဲ့ ဒီဝတ္ထုထဲမှာ ရှိခဲ့ဖူးတဲ့ တပည့်လေးတွေကလည်း အမ အပြင်မှာ တကယ်ရှိခဲ့တဲ့ တပည့်လေးတွေပေါ့။ တာတူးတို့ ချောစုမတို့ သဇင်လှိုင်တို့ အဲဒီကလေးတွေပေါ့နော်။ အဲဒါတွေက အပြင်မှာ တကယ်ရှိတဲ့ ကလေးတွေပါ။ အချို့ကလည်း နာမည်တူ တချို့ကလည်း နာမည်လွှဲထားတယ်။ ဒါပေမယ့် တကယ်ရှိတဲ့ ကလေးတွေပေါ့နော်။ နောက်ပြီးတော့ အမ အဲအချိန်တုန်းက တကယ်ပဲ ရိုးရိုးသားသား ခံစားပြီးတော့ ကိုယ့်ငယ်လက်ရာ ခံစားမှုနဲ့ ရေးလိုက်တဲ့အခါကျတော့ အမ အဲဒါလေးကို ပြန်ထုတ်လိုက်တဲ့အခါ ပရိသတ်က အရမ်းကြိုက်ကြတယ်ပေါ့နော်။ အဲစာအုပ်လေးက အမဘဝရဲ့ အမှတ်တရ၊ ငယ်ဘဝ အမှတ်တရ ကျောင်းဆရာမ အမှတ်တရလေးပေါ့။ ကလေးတွေအတွက် အမှတ်တရပါ။

အချစ်ဝတ္ထုကို ရေးလာတဲ့ စာရေးဆရာမ တစ်ယောက်အနေနဲ့ အဲသလိုမျိုး Trend တစ်ခုကို ပြောင်းလိုက်တဲ့အခါမှာ တွေ့ကြုံရတဲ့ စိန်ခေါ်မှုတွေက ဘယ်လိုရှိမလဲ။ အခက်အခဲတွေကော ရှိမလား။ ပြီးတော့ ဘာကြောင့် ပြောင်းလဲဖြစ်သွားတာလဲ ဆရာမ။

လူဆိုတာ တစ်ခါတစ်လေကျတော့လည်း ကိုယ့်လမ်းကြောင်းကို ဖြောင့်ဖြောင့်မှန်မှန် လျှောက်ရတာ ရှိသလိုမျိုး တစ်ခါတစ်လေကျရင် ချိုးကွေ့သင့်တဲ့ အချိန်အခါ ရောက်လာလို့ရှိရင် ချိုးကွေ့ရတာတွေလည်း ဒါ တကယ့် ကိုယ့်ရဲ့ စွန့်စားမှုတစ်ခု အောင်မြင်မှုတစ်ခုပေါ့။ အဲဒီအခါမှာ ဘာလို့လဲဆိုတော့ လူတွေက ခေတ်တွေက အများကြီး ပြောင်းလဲနေပြီလေ။ အမတို့ အရင်တုန်းက ဝတ္ထုတွေဆိုတာက အငှားဆိုင်တွေဘက်က ပိုပြီး များတယ်လေ။ ဝယ်ဖတ်သူ နည်းတယ်ပေါ့နော်။ နည်းတယ်ဆိုတော့ အခုနောက်ပိုင်း အမ ဒီစာအုပ်ကို ပြောင်းလဲပြီး ရေးမယ်ဆိုတဲ့အခါကျတော့ အမ စဉ်းစားတယ်။ ကိုယ်ဟာ အမြဲတမ်း တစ်သက်လုံးလည်း အချစ်ဝတ္ထုရေး အသက်ကြီးသွားတဲ့အခါကျတော့ ဒီ အချစ်ဝတ္ထုတွေလည်း ကိုယ် မရေးနိုင်တော့တဲ့အချိန်မှာ ကိုယ့်နာမည် ကျန်ရစ်ပါမလားပေါ့။ အမက နာမည် ကျန်ရစ်ချင်တယ်။ ဒီ စာပေလောကမှာ အချိန်အခါတစ်ခု ရောက်တဲ့အချိန်မှာ အမ ချိုးကွေ့မယ်ပေါ့နော်။

အမ အထက်တန်းစားရေကို ရေးဖို့ စဉ်းစားမိတယ်။ စဉ်းစားမိတာက အမ အဲဒီဝတ္ထုလေးကို မရေးခင် တစ်နှစ်လောက်ကတည်းက ဇာတ်လမ်း အကြမ်းမျဉ်းက အမခေါင်းထဲမှာ ရောက်လာတယ်။ ဒါပေမယ့် အဲဒီ အကြောင်းအရာတွေက နိုင်ငံရေးတွေနဲ့လည်း ပတ်သက်တယ်။ နိုင်ငံရေးနဲ့လည်း ပတ်သက်တဲ့အခါကျတော့ အချိန်အခါကိုစောင့်ပြီးတော့ ရေးရတာလည်း ရှိတယ်ပေါ့နော်။ နောက်တစ်ခုက အမကိုယ်တိုင်က အမျိုးသမီးဖြစ်တယ်။ နောက်တစ်ခုက အမရဲ့ ပရိသတ်တွေ အတော်များများကလည်း အမျိုးသမီးတွေ များတယ်။ နောက်ပြီး အမကိုယ်တိုင်သည်လည်း မေမြို့ကနေပြီးတော့ ရန်ကုန်ကို ရောက်လာပြီးတော့ အမရဲ့Life ကိုပေါ့ အမ တော်တော်လေး Struggle  လုပ်ပြီးတော့ အောင်မြင်မှုရအောင် လုပ်ခဲ့တာပေါ့။

အဲအခါကျတော့ ဒီ မိန်းကလေးတွေရဲ့ဘဝကို အမ စိတ်ဝင်စားတယ်။ ကိုယ်ကိုတိုင်ကလည်း ရုန်းကန်ရတယ်။ ရုန်းကန်ရတဲ့ ဘဝတွေကိုလည်း အမ စိတ်ဝင်စားတယ်။ ဒီ ရုန်းကန်ရတဲ့ဘဝတွေ အခက်အခဲရှိနေတဲ့ မိန်းကလေးရဲ့ ဘဝတွေက တကယ်ကို လမ်းကြောင်းမှန်မှန် ဖြောင့်ဖြောင့်တန်းတန်းနဲ့ပေါ့နော် သူတို့ ဘဝလေးတွေကို အောင်မြင်စေချင်တယ်။ တိုးတက်စေချင်တယ်ပေါ့နော်။ နောက်တစ်ခါကျတော့ သူတို့ရဲ့ ဘဝ လုံခြုံမှုပေါ့။ မိန်းကလေးတွေမှာလည်း ဘဝလုံခြုံမှုဆိုတာ လိုအပ်တယ်ပေါ့နော်။ အဲဒီအခါကတော့ သူတို့အတွက် အားမာန်ပေါ့ သူတို့ရဲ့ သူတို့ရဲ့ ဘဝအတွက် အားမာန်လေး ဖြစ်စေချင်တယ်ပေါ့။ အဲဒီအခါကျတော့ အမ အထက်တန်းစားရေဆိုတဲ့ ဝတ္ထုကို ရေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

“အထက်တန်းစားရေ” ကတော့ ဒါ ဆရာမအအတွက်က စာပေရေးသားမှုအနေနဲ့ ပုံစံတစ်မျိုး ကွဲထွက်သွားတဲ့ စာအုပ်လို့ ပြောလို့ရတယ်ပေါ့နော်။

ဟုတ်ပါတယ်။ ပုံစံတစ်မျိုးပြောင်းခြင်းရဲ့ အစပေါ့နော်။

နောက်တစ်အုပ်အနေနဲ့ကျတော့ “အနောက်တောင်အရပ်မှ လာခဲ့သူ” ဟုတ်တယ်ပေါ့နော်။ အနောက်တောင်အရပ်မှ လာခဲ့သူကျတော့ ဖြစ်ရပ်မှန်အပေါ်မှာ အခြေခံထားတာပေါ့နော် ဆရာမ။

ဇာတ်လမ်းကတော့ ဖြစ်ရပ်မှန်မဟုတ်ဘူး။ ဒါပေမယ့် ဖြတ်သန်းရတဲ့ ခေတ်ကာလတွေ ဒီအထဲမှာပါတဲ့ လူပုဂ္ဂိုလ်တွေပေါ့နော်။ အဲဒါတွေကလည်း အပြင်မှာ တကယ်ရှိတဲ့ ပုဂ္ဂိုလ်တွေကို အခြေခံထားတယ်။ အပြင်မှာရှိတဲ့နေရာ သမိုင်းထဲမှာ တကယ်ရှိခဲ့တဲ့ အဖြစ်အပျက်ပေါ့။ အဲဒါတွေအပေါ်မှာ အခြေခံပြီးတော့ ဇာတ်ကောင်တွေ ထည့်ပြီးတော့မှ အမ ရေးထားတာပါ။

ဆရာမအနေနဲ့ကျတော့လည်း အပြင်ပိုင်းအနေနဲ့ ကြည့်မယ်ဆိုရင် ဆရာမက ပန်းလည်း အရမ်းကြိုက်တယ်။ နုနုရွရွလေးလို့ ထင်ရတယ်။ ဒါပေမယ့် ဝတ္ထုထဲကဇာတ်ကောင်က အရမ်းမာတယ်။ ဘယ်လိုများ ပတ်သက်မလဲဆရာမ။ အပြင်က ဆရာမရဲ့ စိတ်နေစိတ်ထားနဲ့ ထတ္ထုထဲက မင်းသမီးတွေ ဇာတ်ကောင်တွေရဲ့ စိတ်နေစိတ်ထားနဲ့က ဘယ်လိုများသွားပြီး ပတ်သက်နိုင်သလဲ။

အမ စိတ်ခံစားမှုက နူးညံ့တယ်ပေါ့နော်။ ဒါပေမယ့် အမရဲ့ အလုပ်လုပ်တဲ့နေရာမှာပဲဖြစ်ဖြစ် အမရဲ့ ဘဝရပ်တည်မှုပေါ့နော်။ အဲဒီမှာတော့ အမရဲ့ စိတ်ဓာတ်က ကြံ့ခိုင်တယ်။ အမက အရှုံးမပေးချင်ဘူး။ အမ ရချင်တာ ကိုယ်လိုချင်တာ ကိုယ်လိုချင်တယ်ဆိုတာက အောင်မြင်တဲ့ အလုပ်တစ်ခုပေါ့။ အလုပ်တစ်ခုဆိုတာက ကိုယ်စိတ်ဝင်စားတဲ့ အလုပ်ကို လုပ်မယ်ဆိုရင် အမ ဒါကို မယိုင်မလဲတဲ့ စိတ်နဲ့  အားမလျော့တမ်း လုပ်တယ်။ အဲလိုစိတ်ဓာတ်မျိုးကတော့ အမ မာတယ်။ ဒါပေမယ့် အမရဲ့ စိတ်ခံစားမှုမှာတော့ ခုန ညီမပြောသလို ပန်းလိုပဲပေါ့ နူးညံ့တယ်ပေါ့နော်။ အမမှာ စိတ်ခံစားချက်နဲ့ ကိုယ့်ရဲ့ ခိုင်မာမှုလည်း ရှိသလို နူးညံ့မှုလည်း ရှိတယ်လို့ ပြောလို့ရမှာပေါ့။

ပရိသတ်အနေနဲ့ကလည်း စာရေးဆရာမ ပုညခင်က ဘယ်လိုအမျိုးသမီးမျိုးလဲ။ သူရဲ့ဘဝ အဆင့်ဆင့်မှာ ဘယ်လို ဖြတ်သန်းလာတယ်ဆိုတာ သူတို့လည်း သိချင်မှာပဲလေ။ အဲတော့ ဆရာမက ငယ်ငယ်လေးကတည်းက စာရေးဆရာမ ဖြစ်ချင်ခဲ့တာလား။ ကျောင်းဆရာမလည်း လုပ်ခဲ့ဖူးတယ်။ အဲလိုဆိုတော့ အဆင့်ဆင့် ဖြတ်သန်းလာတာပေါ့။ အဲဒါလေးကိုလေး အတိုချုံးလေး ပြောပြပေးပါဦး။

အမက ငယ်ငယ်တုန်းကပေါ့နော် အဲလိုမျိုး ဆရာမ လုပ်ရတာကို အရမ်းကြိုက်တယ်။ ငယ်ငယ်ကတည်းက အဲလိုမျိုး အရောက်အဝယ်လုပ်ငန်း အဲလိုမျိုး လုပ်ငန်းမျိုးတွေမှာ အမ စိတ်မဝင်စားဘူး။ အမက ကိုယ့်တတ်ထားတဲ့ ပညာလေးတစ်ခုနဲ့ သင်ပေးရတာမျိုး ဒါမှမဟုတ်ရင်လည်း ခုနပြောသလိုမျိုး စာပေနဲ့ ပတ်သက်တဲ့ဟာပေါ့နော်။ အမက ပညာရပ်နဲ့ လုပ်ရတာကို သဘောကျတယ်။ ငယ်ငယ်တည်းက သဘောကျတယ်။ အဲလို တည်တည်ငြိမ်ငြိမ်နဲ့ ဆရာမပေါ့နော်။

ငယ်ငယ်ကတည်းက ကျောင်းဆရာမတွေကို သဘောကျတယ်ပေါ့နော်။ ငယ်ငယ်တုန်းက စာရေးဆရာမ ဖြစ်ရကောင်းမှန်း မသိသေးတဲ့အချိန်မှာတော့ ဆရာမတွေကတော့ ကိုယ့်ရဲ့ ဟီးရိုးပေါ့။ ဆော့ပြီဆိုရင်လည်း ကျောင်းဆရာမလုပ်တိုင်း ကိုယ်က တပည့်တွေ ကလေးတွေကို ခေါ်သင်ပေးတယ်ပေါ့။ အဲကနေ နောက်ပိုင်းကျတော့ စာအုပ်တွေဖတ်လာတယ်။ စာအုပ်တွေဖတ်လာတော့လည်း စာရေးဆရာမ ဖြစ်ချင်လာတယ်။ ငါလည်း တစ်နေ့ကျရင် ရေးချင်တယ်ဆိုပြီးတော့မှ ဒီစာအုပ်တွေ ဖတ်ရင်းနဲ့ပဲ စာရေးဆရာမ ဖြစ်ချင်လာတာပေါ့။ စာရေးချင်လာတာပေါ့။

ဆရာမမှာ မှတ်မှတ်ရရ ပြန်ပြောပြလို့ရတဲ့ အခက်အခဲမျိုး စိန်ခေါ်မှုမျိုးတွေ ရှိခဲ့ဖူးလား ဘဝမှာ။

အဲဒါကတော့ မှတ်မှတ်ရရ ပြန်ပြောလို့ရမယ့် အခက်အခဲလို့ ညီမက ပြောတဲ့အခါကျတော့ အမက ပြောရမယ်ဆိုရင် အဲဒါ အခက်အခဲတွေက တစ်ဘဝလုံးနီးနီးပဲ။ တစ်ဘဝလုံး နီးနီးဆိုတာက အမက အခက်အခဲဆိုရင် တစ်ခုလောက်ပဲ ပြောတာလေ။ ပြောပြမယ်ဆိုရင်တော့ အများကြီးပဲ။ ဘာလို့လဲဆိုတော့ အခက်အခဲတွေနဲ့ပဲ အမက ဘယ်လိုပြောမလဲ အောင်မြင်လာတာပေါ့။ အမရဲ့ အောင်မြင်မှုတွေလုပ်တိုင်း အခက်အခဲတွေ ကြုံရတယ်။ ဒါပေမယ့် အခက်အခဲတွေအားလုံးကို ကျော်လွှားနိုင်တယ်ပေါ့။ ငယ်ငယ်ကတည်းက အမ စာရေးဆရာမ လုပ်မယ်ဆိုတော့လည်း အမမှာ အခက်အခဲတွေ အများကြီးပဲ။ ရန်ကုန်မှာလာနေရမယ့် အရာတွေ နောက်ပြီးတော့ ဒီစာအုပ်လေး ထွက်ဖို့ ကြိုးစားရတာမျိုးတွေ အဲဒါတွေ အတော်များများက အမ ရုန်းကန်ခဲ့ရတယ်။ စာရေးဆရာမ မဖြစ်ခင်မှာလည်း အလုပ်တွေ အများကြီး လုပ်တယ်ပေါ့နော်။ တော်တော်များများ အခက်အခဲတွေကို ကျော်ဖြတ်ပြီးတော့မှ တစ်ခါတစ်လေကျတော့ လူဆိုတာ အောင်မြင်မှုရရင် အောင်မြင်မှု ရတယ်လို့ပဲ မြင်ကြတာပေါ့နော်။ ဒါပေမယ့် အဲလို အောင်မြင်မှုရတာရဲ့ နှစ်ဆလောက် အခက်အခဲတွေ တွေ့ကြုံပြီးမှ အဲဒီ အောင်မြင်မှုဆိုတာ ရလာတာပါ။

စာရေးဆရာမ ပုညာခင်ဆိုတာက ဒါ အမျိုးသမီးထုအတွက်ဆိုရင် သူတို့အတွက်က စံပြ အမျိုးသမီး တစ်ယောက်လိုလည်း ဖြစ်နေတယ်ရှင့်။ ပြီးတော့ လွှမ်းမိုးမှုအရာမှာကျတော့ ဆရာမ ပြောလိုက်တဲ့ စကားတစ်ခွန်းက ကြည့်နေတဲ့ ပရိသတ် အထူးသဖြင့် အမျိုးသမီးတွေအပေါ်မှာ အတော်ကို တာသွားတာ ဆရာမရဲ့။ အဲတော့ ဆရာမအနေနဲ့အခု ဘာများ ပြောချင်တာ ရှိသေးလဲ။

အမျိုးသမီးထုကို အမက ပြောချင်တယ်ဆိုတာက အခုဆိုရင် အမရဲ့ “အထက်တန်းစားရေ”ထဲက ဂျာမနီမေကို မိန်းကလေးတွေ စွဲလန်းကြတယ်ပေါ့။ အဲဒီ ဂျာမနီမေ ဇာတ်ကောင်ကို အမ ဘာဖြစ်လို့ ရေးလဲဆိုတော့ မိန်းကလေးတွေက ဘယ်လိုပဲ ဒုက္ခရောက်ရောက် ဘယ်လိုပဲ အခက်အခဲပဲရှိရှိ ကိုယ့်ဘဝကို အောင်အောင်မြင်မြင်နဲ့ ထူထောင်နိုင်ဖို့ ဘဝလမ်းကြောင်းကို ဖြောင့်မတ်သွားနိုင်ဖို့ ဆိုတဲ့ အရာလေးတစ်ခုကို ပရိသတ်ရင်ထဲကို ရောက်သွားအောင် အမ ရေးလိုက်တာပေါ့။

လူတိုင်း လူတိုင်းကလည်း အမြဲတမ်းပေါ့ ကိုယ့်ရဲ့မိသားစု အရေးကိစ္စမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ အချစ်ရေးအချစ်ရာ ကိစ္စမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ဘဝရပ်တည်မှုနဲ့ ပတ်သက်တဲ့ ကိစ္စမှာပဲ ဖြစ်ဖြစ် လူတိုင်းလူတိုင်းက အခက်အခဲတွေ ကြုံရဖူးတယ်။ လူတော်တော်များများက နာကြင်မှုတွေလည်း ခံစားကြရမှပဲ။ ဒါပေမယ့် ဒါတွေကို ဘယ်လိုမျိုး ကျော်ဖြတ်ပြီးတော့ ဘယ်လိုမျိုး စိတ်ထားမျိုးနဲ့ ကျော်ဖြတ်သွားရမယ်ဆိုတာက အရေးကြီးတယ်။ တကယ်ကို စိတ်ချမ်းချမ်းသာသာနဲ့ စိတ်နှလုံး ကြည်ကြည်လင်လင်နဲ့ ကိုယ်ဖြစ်ချင်တဲ့ လမ်းကြောင်းလေးနဲ့ တည့်တည့်မတ်မတ်လေး မပျက်မစီး မယိမ်းမယိုင်ဘဲနဲ့ သွားဖို့ဆိုတာ အရမ်း အရေးကြီးတယ်ဆိုတဲ့ အချက်ကလေးကိုလည်း အမ ပြောချင်တယ်။

နောက်တစ်ခုက အရင်ခေတ်တုန်းကဆိုရင် မိန်းကလေးတွေက မှီခိုသူလို့ ပြောကြတာပေါ့နော်။ ဒါပေမယ့် အခု အဲဒီခေတ်ကြီးကို ကျော်လာတဲ့အခါမှာ မိန်းကလေးတွေကို အမှီအခို ကင်းကင်းနဲ့ ရပ်တည်နိုင်စွမ်း ရှိဖို့ကို အမ အားပေးတယ်။ ဘာလို့လဲဆိုတော့ မိန်းကလေးတွေဆိုတာ ဥပမာ အိမ်ထောင်ကျတယ် ဒါဟာ ကိုယ့်ရဲ့ ခင်ပွန်း ယောကျ်ားကိုလည်း မှီခိုတာရှိမယ်။ ဒါပေမယ့် မှီခိုတာလည်း မှီခိုတာ တစ်ပိုင်းပေါ့နော်။ ဒါပေမယ့် ကိုယ့်ကိုကိုယ်လည်း ကိုယ် ရည်တည်နိုင်တဲ့အချိန်မှာ လူတစ်ယောက်က အမှီအခို ကင်းသွားလို့ရှိရင် သူ့ရဲ့ အတွေးအခေါ်တွေက လွတ်လပ်သွားတယ်လို့ အမထင်တယ်။ တစ်ခုခုကို မှီခိုနေရတယ်ဆိုရင် သူတို့ရဲ့ အတွေးအခေါ်တွေ သူတို့ရဲ့ စိတ်ခံစားချက်တွေက သိပ်ပြီးတော့ မလွတ်လပ်တော့ဘူးပေါ့နော်။ အဲအခါကျတော့ လူ့ဘဝမှာ တကယ်ကိုပဲ အမှီအခိုကင်းကင်းနဲ့ တကယ့်ကို ကိုယ့်အားကိုယ်ကိုးနိုင်တဲ့ မိန်းကလေးတွေ တကယ်လို့ အခက်အခဲတွေ ရှိခဲ့ရင်လည်း နာကျင်မှုတွေ ရှိခဲ့လို့ရှိရင်လည်း ဘဝလမ်းကြောင်းကို ဖြောင့်ဖြောင့်မှန်မှန်နဲ့ အောင်မြင်နိုင်တဲ့ မိန်းကလေးတွေဖြစ်ဖို့ အမ ဒီကနေပြီးတော့ ပြောချင်ပါတယ်။

Mizzima Weekly