တပ်မတော် ကန့်ကွက်မှုကြောင့် အခြေခံဥပဒေပါ ပြဌာန်းချက် အများစု ပြင်ခွင့်မရတော့

တပ်မတော် ကန့်ကွက်မှုကြောင့် အခြေခံဥပဒေပါ ပြဌာန်းချက် အများစု ပြင်ခွင့်မရတော့

နေပြည်တော်၊ ဇူလိုင် ၈ ။        ။ ပြုပြင်ပြောင်းလဲရမည်ဟု အများစုကလက်ခံထားသည့် ဖွဲ့စည်းပုံပြင်ဆင်ရေးပြဌာန်းချက်ပါ အရေးကြီးပုဒ်မအားလုံးကို တပ်မတော်သားအမတ်တို့က ကန့်ကွက်ခဲ့သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိထိရောက်ရောက် ပြင်ဆင်နိုင်တော့မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် အခြေခံဥပဒေပြင်ဆင်ရေးပြဌာန်းချက်ပါ အရေးကြီးပုဒ်မများကို ပြင်ဆင်လိုလျှင် လွှတ်တော်အမတ် အားလုံး၏ ၇၅ရာခိုင်နှုန်းကျော်က သဘောတူညီမှုဖြင့်သာ ပြင်ဆင်နိုင်မည်ဖြစ်သောကြောင့်် လွှတ်တော်တွင်း ၂၅ရာခိုင်နှုန်းနေ ရာယူထားသည့် တပ်မတော်သားအမတ်တို့ ကန့်ကွက်ပါက မည်သည့်နည်းနှင့်မျှ ပြင်နိုင်ခွင့်မရှိသောကြောင့်ဖြစ်သည်။

ဇူလိုင် ၈ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တက်ရောက်သည့် လွှတ်တော်အမတ် ၆၀၅ဦး၏ လျှို့ဝှက်မဲခွဲမှု ရလာဒ်အရ ဖွဲ့စည်းပုံအခြေခံဥပဒေဥပဒေပြင်ဆင်ရေးမူကြမ်း ပုဒ်မ ၄၃၆(ခ)နှင့် အကျုံးဝင်သည့် ပုဒ်မ ၂၁ခု၊ ပုဒ်မခွဲ၊ ပုဒ်မခွဲ ငယ်ပေါင်း ၆၀ကို ထောက်ခံသည့် အမတ်ဦးရေမှာ ၇၀ရာခိုင်နှုန်းပင်မပြည့်ဘဲ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

သို့သော် တပ်မတော်သားအမတ်များ ထောက်ခံဆွေးနွေးထားသည့် ဇယား ၂နှင့် ဇယား ၅ပါ ဖြည့်စွက်ချက် များသာ ပျမ်းမျှမဲ ရလာဒ် ၈၀ရာခိုင်နှုန်းကျော်မှ ၉၅ရာခိုင်နှုန်းကျော်အထိ ထောက်ခံခဲ့သည့်အတွက် အနိုင်ရခဲ့သည်။

ပုဒ်မ ၄၃၆(ခ)နှင့်အကျုံးဝင်သည့် ဖွ့ဲစည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို လွှတ်တော်အမတ် ၆၃ဦး ငါးရက်ကြာ အကြိတ်အနယ်ဆွေးနွေးပြီးနောက် မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“တပ်ကမပြောင်းလဲဘူးဆိုရင် ဖွဲ့စည်းပုံပြင်လို့မရဘူးဆိုတာကို ပြလိုက်တာပဲ” ဟု လွှတ်တော်အစည်းအဝေး အပြီး အမျိုးသား လွှတ်တော် အမတ် ဦးဂျေယောဝူက သတင်းထောက်များကို ပြောသည်။

ရှုံးနိမ့်ခဲ့သည့်ပုဒ်မများအနက် တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များကို သက်ဆိုင်ရာလွှတ်တော်များက ခန့်အပ်ရေး မှာလည်း ရှုံးနိမ့် ခဲ့သည့်အတွက် လက်ရှိ အခြေခံဥပဒေပါ ပြဌာန်းချက်အတိုင်း ဝန်ကြီးချုပ်များကို သမ္မတကသာ တိုက်ရိုက်ခန့်အပ်မည်ဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်နယ်နှင့် တိုင်း တရားသူကြီးချုပ်တို့၏ သက်တမ်းကို လွှတ်တော်နှင့် အုပ်ချုပ်ရေး သက်တမ်းနှင့်အညီထားရန် ပြင်ဆင်ချက်မှာလည်း ရှုံးနိမ့်ခဲ့သည့်အတွက် လက်ရှိ အခြေခံဥပဒေပါ ပြဌာန်းချက် အတိုင်း ပြည်ထောင်စုတရားသူကြီးချုပ်၊ တိုင်နှင့် ပြည်နယ် တရားသူကြီးချုပ်တို့ကို သမ္မတက တိုက်ရိုက်ခန့်အပ်ပြီး အသက် ၇၀ အထိ တာဝန်ထမ်းဆောင်ခွင့် ရှိဦးမည်ဖြစ်သည်။

“ပြည်ထောင်စုလွှတ်တော်သည် ဥပဒေပြုမဏ္ဍိုင် အမြင့်ဆုံးဆိုရင် ပြည်သူကြိုက်တဲ့ ဖွဲ့စည်းပုံကြီးကို ပြင်နိုင် ၊ဖြည့်စွက်နိုင်တဲ့ ပြည်ထောင်စု လွှတ်တော်ကြီးဖြစ်တယ်။

အဲ့လိုအခင်းအကျင်းရှိမှသာ လွှတ်တော်အသံ ပြည်သူ့အသံဆိုတာမျိုး ပြည်သူကြိုက်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကြီးလို့ ပြည်သူယုံကြည်မှာပေါ့။ အခုတော့ ပြည်သူ့ယုံကြည်မှုကို ရိုက်ချိုးခံရတဲ့ ပြည်ထောင်စုလွှတ်တော်ကြီး ဖြစ်သွားတာပေါ့ဗျာ” ရခိုင်တိုင်းရင်းသားအမတ် ဒေါက်တာအေးမောင်က ဆိုသည်။

တပ်မတော်သားအမတ်တို့၏ ထောက်ခံမှုဖြင့် မဲရလဒ်အသာစီးအနိုင်ရရှိသည့် ဇယား ၂မှာ တိုင်းနှင့်ပြည်နယ် ဥပဒေပြုစာရင်းဖြစ်ပြီး ဇယား ၅မှာမူ တိုင်းနှင့်ပြည်နယ် အခွန်အကောက်စာရင်းများ ပါဝင်သည်။
 
“ကြိုးစားရမှာက ကျွန်တော်တို့အလုပ်ပါ။ အောင်မြင်မှု ရ၊ မရကတော့ သိတဲ့အတိုင်းပါပဲ” ဟု ရှုံးနိမ့်သွားသည့် ပုဒ်မ၊ ပုဒ်မခွဲနှင့် ပုဒ်မခွဲငယ်များကို လွှတ်တော်တွင် ကြေငြာအပြီး လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly